ကလောတွင် PDF အယောင်ဆောင် ခြိမ်း ခြောက်ငွေညှစ်မှုများရှိနေ၍ စုံစမ်း အရေးယူဖော်ထုတ်သွားမည်

ကလောမြို့နယ်တွင် ယခုရက်များအတွင်း PDF အယောင်ဆောင်ကာ လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံသို့ Viber မှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်မှုများ ပေါ်ပေါက်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLTPDF)နှင့် အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTF-ABN)တို့က ယနေ့ မေလ ၁၃ရက် ညပိုင်းတွင် တရားဝင်ထုတ်ပြန်စာများ ထုတ်ပြန်ခဲ့ပြီး PDFအမည်ခံ မသမာသူများကို စုံစမ်းအရေးယူ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းထားသည်။
” သူတို့က တကယ်တမ်း PDFတွေလည်းမဟုတ်ဘူး။ PDFတွေဆိုရင်လည်း ဘယ်သူမှ သူတို့လို ပေါ်တင်ကြီးအလှူမခံဘူးဗျာ။ ရှင်းရှင်းပြောရရင် အလှူခံတာတောင် မဟုတ်တော့ဘူး။ ဓါးပြတိုက်နေသလိုဖြစ်နေပြီ။ ပြီးရင်သူများပုံတွေကို ယူသုံးထားတာ ထင်တယ်။ ပုံအမျိုးမျိုး ဖုန်းနံပါတ်အမျိုးမျိုးနဲ့ ” ဟု ကလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KLTPDF) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
Viber မှတစ်ဆင့် ပြောဆိုရာတွင် ၎င်းတို့သည် အစိုးရပိုင်း ဗုံးဖောက်ခွဲရေးအဖွဲ့မှ ဖြစ်သည်ဟုဆို၍ ဖုန်းဆက်မေးမြန်းရာတွင် ကလောမြို့ နယ်PDF ဟု ပြောကြားခဲ့ သည်ဟု သိရသည်။
“တကယ်လို့ သူတို့အမြင်မှန်ရပြီး ရပ်တန်းကရပ်ရင်ရပ်ပေါ့။ မရပ်ရင်လည်း ကျွန်တော် တို့ဘက်က စုံစမ်းဖော်ထုတ်မယ်။ မိရင်တော့သက်ညှာနေမှာ မဟုတ်ဘူး။ စကစလိုမျိုးလုပ်မှာတော့မဟုတ်ဘူး။ ထိုက်သင့်တဲ့ပြစ်ဒဏ်တော့ပေးရမှာပေါ့” ဟု ကလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLTPDF) မှ တာဝန်ရှိသူကပြောသည်။
အဆိုပါ PDF အယောင်ဆောင် ခြိမ်းခြောက် ငွေညှစ်သူများသည် ၎င်းတို့တောင်းသည့် ငွေပမာဏကို မရပါက ဗုံးခွဲမည်ဟုလည်း ခြိမ်းခြောက် ၍ အပြင်တစ်နေရာသို့ ခေါ်ချိန်းကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။ mizzima