စစ်ကောင်စီက ပို့ကုန်ကုမ္ပဏီပေါင်း ၁၇၀ ကျော်နှင့် ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်း (Blacklist)သွင်း

ပို့ကုန်လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၇၀ ကျော်နှင့် ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်း(Blacklist)တွင် ထည့်သွင်းကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာသည်။
“သတ်မှတ်ချက်တစ်ခုပေး၊ ဘယ်လောက်ကစပြီးတော့ ပို့တဲ့ Export မှန်သမျှကို ဝင်ရမယ်ဆိုပြီးပေး။ အဲ့ဒီလို မပေးဘဲ ဟိုအရင် ပဝေသဏီကဟာတွေကို ပြန်လုပ်တယ်ဆိုတော့ ဒါကစဉ်းစားကြည့်ပေါ့။ ကျွန်တော်တော့ ကောက်ချက်မချလိုဘူး။ နားထောင်တဲ့လူတွေ ဖတ်တဲ့လူတွေကောက်ချက်ချလိမ့်မယ်။ ဒါကဖြစ်သင့်လား မဖြစ်သင့်လားဆိုတာ။ နောက်ပြီးအလုပ်လုပ်တယ်ဆိုတာ နိုင်ငံတော်ကို နှစ်ရာခိုင်နှုန်း အခွန် ဆောင်ပြီးမှထွက်လို့ရတာ၊ အခုက အဲ့ဒီလို အခွန်ရှာပေးထားတဲ့လူတွေကို သပ်သပ်ပြန်ပြီးညှဥ်းဆဲသလို လည်ပင်းညှစ်သလိုဖြစ်နေတာ။ အဲ့ဒါရောဖြစ်သင့်ရဲ့လား။ စဉ်းစားပေါ့နော်”ဟု Blacklistထည့်ခံရသည့် ကုမ္ပဏီတစ်ခုက ဆိုသည်။
ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ရက်စွဲပါ ဗဟိုဘဏ်၏ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။
အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာသည့် ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ပို့ကုန်လုပ်ငန်းဆောင်ရွက်ခဲ့သော ကုမ္ပဏီစုစုပေါင်း ၁၇၇ခုကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြီးခဲ့သည့် ဧပြီလ ၂၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် အဆိုပါ ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၁၅၈ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို Blacklistစာရင်း ထည့်သွင်းကြောင်း ဗဟိုဘဏ်က မေလ ၉ရက်နေ့တွင် ကြေညာခဲ့ပြီး ငါးရက်အကြာတွင် ကျန်ရှိသည့် ကုမ္ပဏီ ၁၉ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို Blacklistစာရင်းထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့သည်။
ကျန်ရှိနေသေးသည့် ပို့ကုန်ကုမ္ပဏီများကိုလည်းအရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်နေသည်ဟု ဗဟိုဘဏ်က ဆိုထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ကုမ္ပဏီ ၃၅၀နီးပါးကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ထပ်မံပိတ်သိမ်းကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကြေညာထားသည်။
ထို့သို့မှတ်ပုံတင်ပိတ်သိမ်းခြင်းအပြင် အဆိုပါကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂-က အရ အရေးယူမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါပုဒ်မ ၄၂-က အရ တစ်နှစ် ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
“အဲ့ဒါက နောက်လာမယ့်ပြဿနာပေါ့။ အဲ့ဒါကမြန်မြန်ဆန်ဆန်အရေးယူလိုက်တာပိုပြီးရှင်းတယ်။ အခုလို လူတွေကိုခေါ်ပြီး စစစ(စသုံးလုံး) က ခေါ်လိုက် ဘာလိုက် ညှဥ်းဆဲနေတာမကောင်းဘူး” ဟု Blacklist ထည့်ခံရသည့်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ mizzima