နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွင် တရားလိုက ၎င်း၏ သက်သေများ ပယ်ဖျက်ပေးရန်တင်ပြ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ် သုံးဦးကို စွပ်စွဲထားသည့် ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွင် တရားလိုက ၎င်းတင်သွင်း ထားသည့် သက်သေ ၁၀ ဦးကျော်ကို ပယ်ဖျက်ပေးရန် ယနေ့ မေလ ၁၃ရက် ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။
“တရားလိုဘက်က သက်သေတွေအားလုံးကို ပယ်လိုက်တယ်။ ဘာကြောင့်ပယ်တယ်တော့မသိဘူးဗျ။ အကြောင်းပြချက် မပေးဘဲနဲ့ ပယ်တာ။ တရားသူကြီးကတော့ သေချာပေါက် လက်ခံတာပေါ့”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
တရားလိုပြသက်သေများကို ပယ်ဖျက်လိုက်သည့်အတွက် နောက်ရုံးချိန်းတွင် အမှုကို စွဲချက်တင်သင့်၊ မသင့်အပေါ် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း သိရသည်။
တရားလိုက ပယ်ဖျက်လိုက်သည့် သက်သေများတွင် တိုင်းနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိများပါဝင်ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။
အဆိုပါအမှုတွင် တရားလိုဖြစ်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်မှူးဦးအောင်မျိုးလွင်အပါအဝင် တရားလိုပြသက်သေ ၂၂ ဦး ရှိပြီး လက်ရှိတွင် တရားလိုပြသက်သေ ကိုး ဦးကို စစ်ဆေးပြီးဖြစ်ကြောင်းသိရသည်။
ယင်းအမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းသူတို့ သည် ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာလွှမ်းမိုးသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၃၀-က ဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ ပုဒ်မ ၁၃၀-က ကိုအပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်ပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။ mizzima