ပင်းတယမြို့နယ်တွင် အပြစ်မဲ့ပြည်သူ၏ နေအိမ်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကြံခင်းမြောင်ရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦး၏နေအိမ်ကို စစ်ကောင်စီတပ်မှ မေလ ၁၀ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်မှာ ဦးကျော်ထူးဆိုသူ၏နေအိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ရန် ကြောင့် တစ်မိသားစုလုံး နေအိမ်စွန့်ခွာရှောင်ပြေးနေသည်မှာ ကြာပြီဖြစ်ကြောင်းသိရသည်။
“ အိမ်ရှင်ကိုကျော်ထူးက အိမ်သစ်ဆောက်ဖို သစ်တွေဝယ်ထားတာ။ အိမ်နဲ့သစ်တွေအကုန်လုံး မီးရှို့ခံရလို့ အကုန်ပြာကျသွားပြီ။ စစ်ကောင်စီတပ်ကကောင်တွေက ရွာထဲမှာ PDF တွေရှိတယ်လို့ သတင်းထပ်ရရင် တရွာလုံးမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကြံခင်းမြောင်ရွာမှာ ပန်းစစ်ရွာနှင့် ကပ်လျက်ရှိသော တောင်ပေါ်ရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ ယခု ကဲ့သို့ အပြစ်မဲ့ပြည်သူ၏နေအိမ်မီးရှို့ခံရခြင်းမှာ ပင်းတယမြို့နယ်တွင် ပထမဆုံးအကြိမ် မီးရှို့ခံရခြင်းဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။ mizzima