လုပ်ခ မမျှ၍ ဆန္ဒပြနေသည့် Food Panda လုပ်သားများ ၃ လ ကြာသည့်တိုင် မပြေလည်သေး

လုပ်အားနှင့် လုပ်ခ မမျှ၍ Food Panda ကုမ္ပဏီကို ရန်ကုန်နှင့် မန္တလေးမှ လုပ်သားများ သပိတ်မှောက် ဆန္ဒပြ တောင်းဆိုမှုသည် သုံးလနီးပါး ကြာလာသည့်တိုင် မပြေလည်သေးဟု သပိတ် ဦးဆောင်သူများက ပြောသည်။
Food Panda ကုမ္ပဏီ လုပ်သားများသည် လုပ်ခ အပါအဝင် အချက် ခုနစ်ချက် ပါသည့် တောင်းဆိုမှုဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ က တည်းက စတင်ကာ ဆန္ဒပြနေခြင်း ဖြစ်သည်။
“လုပ်အားခလည်း တိုးလာတာ မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေ အပေါ်မှာ သူတို့ဘက်က လုံးဝ တုံ့ပြန်တာ မရှိသေးပါဘူး ” ဟု သပိတ် ဦးဆောင်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
လုပ်သားများ တောင်ဆိုသည့် အချက် ခုနစ်ချက်မှာ အနိမ့်ဆုံး အော်ဒါကြေး ၆၇၀ ကျပ် ကို သတ်မှတ်ထားသော Rider အဆင့် အလိုက် တိုးမြှင့်ပေးရန် ၊ ပို့ဆောင်ရသည့် ခရီးအကွာအဝေးကို တိုင်းတာရာ၌ Google Map ကို အသုံးပြုပေးရန် ၊ Rider များ အလုပ်ချိန်အတွင်း ထိခိုက်မှုရှိပါက ကုမ္ပဏီဘက်က အသက်အာမခံအတွက် တာဝန်ယူ ဆောင်ရွက်ပေးရန်၊ Rider များကို ကွန်ပြူတာ စနစ်များဖြင့် တင်းကျပ်စွာ ထိန်း ချုပ်နေသည့် စည်းကမ်းချက်များကိုလျော့ချပေးရန်၊ Rider များအား တစ်ပတ်လျှင် တစ်ရက် နားခွင့်ပေးရန်နှင့် အနားယူသော နေ့အတွက် လျော့သွားသော အလုပ်ချိန်ကို Special hour ထဲသို့ ထည့်မတွက်ဘဲ အပြည့်အဝ နားခွင့်ပေးရန် ၊ ကုမ္ပဏီဘက်က Rider များနှင့် ပတ်သက်သော ထုတ်ပြန်ချက် တစ်စုံတစ်ရာ ပြုလုပ်ပါက ရုံးမှ တရားဝင် အသုံးပြုသော Social Media နှင့် Telegram Channel များမှ တစ်ပတ် ကြိုတင်၍ တရားဝင် ကြေညာပေးရန် ၊ Rider များ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကုမ္ပဏီသို့ တိုက်ရိုက် ဆက်သွယ်နိုင်ရန် Hot Line ဖုန်းနံပါတ် တစ်ခု ထားပေးရန်တို့ ဖြစ်သည်။
ကုမ္ပဏီ လုပ်သားများက သပိတ် မှောက်ရာတွင် အလုပ်မလုပ်ခြင်းဖြင့် သပိတ်မှောက်ခြင်း၊ အစားအသောက် သယ်ဆောင်သည့် ပုံးများနောက်တွင် ကြက်ခြေခတ်ပြီး လိုက်လံ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထပ်မံ၍လည်း လှုပ်ရှားမှူများကို ပြုလုပ်ရန်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ဘက်ကတော့ ထပ်တိုက်ဖို့အတွက် အရှိန် ရနေပါပြီ။ သူတို့ မထင်မှတ်တဲ့ အချိန်မှာ ထပ်တိုက်မှာပါ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
အာရှပစိဖိတ် တစ်ဝန်းရှိ ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ် Food Panda ကုမ္ပဏီသည် မြန်မ ာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်း ဝင်ရောက်ခဲ့သည့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။ ဝင်ရောက်ပြီး မကြာမီတွင် COVID-19 ရောဂါကြောင့် ပြည်သူလူထု Stay Home ပြုလုပ်ကြသည် ဖြစ်ရာ ဝန်ဆောင်မှု အများဆုံး ပေးခဲ့ရသော ကုမ္ပဏီတစ်ခု ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ ပဲခူး၊ တောင်ကြီး နှင့် မုံရွာ စသည့် အဓိကမြို့ကြီး ကိုးမြို့၌ ဝန်ဆောင်မှုများ ပေးနေရသည်။ ယခင်က စားသုံးသူများထံမှ ဝန်ဆောင်မှု အတွက် ငွေကြေး ကောက်ခံမှု မရှိသော်လည်း နောက်ပိုင်းတွင်း ပေးဆောင်ရမှုများ ရှိလာသည်။
“စားသုံးသူတွေကို ပြောချင်တာကတော့ ကျွန်တော်တို့နဲ့ အတူတူ တိုက်ပွဲ ဝင်ပေးကြပါ။ Food panda ကတော့ သူဆက်ပြီး လုပ်လို့ရအောင် လူသစ်တွေကို နည်းမျိုးစုံနဲ့ ခေါ်နေပါတယ် ” ဟု သပိတ်ခေါင်းဆောင်က ဆိုသည်။
လုပ်အားခ ပြဿနာအပြင် အခြား အရေးကြီးဆုံး ပြဿနာတစ်ခုမှာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ကုမ္ပဏီက တာဝန်ယူမှု အား နည်းသည့် အချက် ဖြစ်သည်ဟု လုပ်သားအချို့က ပြောသည်။ mizzima