Monthly Archives: May 2022

စစ်ကောင်စီက ရှေ့တန်းတွင် အမျိုးသမီးစစ် သည်များ စတင်အသုံးပြုပြီး ကနီတွင် PDF စခန်းလာတိုက်သည့် အမျိုး သမီး စစ်သည်များပါသော စစ်ကြောင်း ထွက်ပြေးသွား၊ ယင်းမာပင် ၃ ရက်တာ တိုက်ပွဲ စစ်သား ၁၉ ဦးသေဆုံး၊ မြိုင်တွင် စစ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် မှန်ထောင်ဘုရားကုန်းတွင် ဒေသခံကာကွယ်ရေး PDF စခန်း တစ်ခုကို ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်တပ်က လာရောက် စီးနင်းခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ် စစ်ကြောင်းများ ထွက်ပြေးသွားကြောင်း အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA ထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ ရှိ၊ မရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အ မျိုးသမီး စစ်သည် ၃၀ ခန့် ပါဝင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

“ဒီနေ့ ဒေသခံ PDF စခန်းတစ်ခုကို စစ်ခွေးတွေ မီးရှို့နေလို့ ကျွန်တော်တို့ကို စစ်ကူတောင်းလို့ ကျွန်တော်တို့ သွားထုတာ အဲ့ကောင်တွေ ခွေး ပြေးဝက်ပြေး ပြေးသွားတယ် စစ်ခွေးတွေ စစ်ခွေးတွေက အင်အား ၈၀လောက် ရှိတယ်။ နောက်ပြီး အမျိုးသမီး စစ်သည် ၃၀ လောက်ပါတယ်”ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ထို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA၊ ဘာမထီ အဖွဲ့၊ KGF၊ အမေ့သား ကျားသုံးဖော်၊ မြို့နယ် ပကဖနှင့် မဟာမိတ် တပ်ပေါင်းစုများက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၁၃ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့ထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း Yimarbin Local PDF တပ်ဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် ထိတွေတိုက်ပွဲသည် မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်ခန့်တွင် ကျွန်းတောကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ် ထိတွေတိုက်ပွဲသည် မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တရော်ကျင်းကျေးရွာ အရှေ့တောင်ဘက် မြစ်တောင်အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တတိယ အကြိမ်တိုက်ခိုက်မှုသည် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၁၅ ရက်နေ့တွင် ရွာသာရွာ ကျေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ပြီးနောက် ၅၁ လမ်းဆုံတွင် နယ်မြေရှင်းလင်းရန် ရောက်လာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း အကြီးများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို Yimarbin Local People’s Defence Force၊ Chindwin Galone Yarzar Guerrilla Force၊ Triple Two Task Force၊ Monywa True of force၊ Alpha Special Force၊ Salingyi Regional Force၊ Myauk Yamar People’s Force တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေတိုင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ နှင့် ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့့ မွန်းလွဲ ၂နာရီ မိနစ် ၂၀ နာရီခန့်တွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို ကိုင်းတောမ ကမ္မလမ်းပေါ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးနှင့် ပျူစောထီး ၁ ဦး သေ ဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သိရသည်။ khit thit

ချေးငွေကုမ္ပဏီဝန်ထမ်း အသတ်ခံရမှု ကျူး လွန်သူများကို အမြန်ဖမ်းမိစေချင်ဟု မိသားစုပြော

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်၌ ချေးငွေကိစ္စ လာရောက် စကားပြောသည့် ကုမ္ပဏီ ဝန်ထမ်းကို ၎င်း သွားရောက်သည့် နေအိမ်ရှိ အမျိုးသားနှင့် အမျိုးသမီးက သတ်ဖြတ်ကာ အလောင်း ဖျောက်ဖျက်မှု ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည်။

သတ်ခံရသူမှာ သထုံမြို့နယ်တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် ကိုအောင်သီဟ ဖြစ်ပြီး SATHAPANA Limited Myanmar ငွေချေး ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေသူ ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာရှိ နေအိမ်ကို ချေးငွေ ကိစ္စဖြင့် သွားရောက်ရန် ထွက်ခွာသွားပြီးနောက် နေ့ လယ်ပိုင်းမှ စတင်ကာ ကိုအောင်သီဟသည် ၎င်း၏ ကုမ္ပဏီ ၊ မိသားစုတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

“သူက ညနေ ၅ နာရီဆို အိမ်ကို ပုံမှန် ပြန်ရောက်တယ်။ ပြန်ရောက်ရင် ကျွန်မ အကောင့်ရဲ့ မက်ဆင်ဂျာထဲမှာ အမရေ သားပြန်ရောက်ပြီ အမေ့ကို ပြောလိုက် သားက ငါးနာရီခွဲကတည်းက ရောက်တယ်ဆိုပြီး လှမ်းပြောနေကြ။ အမေက ကျန်းမာရေး မကောင်းဘူး။ နားလည်း မကြားဘူး။ စာတော့ ဖတ်နိုင်တယ်။ စာတွေလည်း ပြန်ပို့ပေးနိုင်တယ် သူ့သားကို။ အဲ့နေ့ကျ ညနေ ၅ နာရီခွဲလည်း သူပြန်မရောက်ဘူး။ စာမပို့လို့ ၆ နာရီလောက်က ဖုန်းစဆက်တဲ့ အချိန်မှာ ဖုန်းက ဝင်နေသေးတယ်။ ဒါပေမယ့် ဖုန်းမကိုင်တာ ” ဟု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေ့ရက် ညနေပိုင်းက အခြေအနေများကို မိသားစုဝင် တစ်ဦးက ပြန်ပြောပြသည်။

ကိုအောင်သီဟသည် သထုံမြို့နယ် လိပ်အင်း ရပ်ကွက်တွင် ၎င်း၏ တူနှစ်ယောက်နှင့်အတူ နေထိုင်သူ ဖြစ်သည်။ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေ့ ည ၇ နာရီဝန်းကျင်တွင် အတူနေထိုင်သည့် တူဖြစ်သူက ကိုအောင်သီဟ ပျောက်နေသည့်အတွက် ရုံးက လိုက်လံ ရှာဖွေနေကြောင်း ဖုန်းဆက် အကြောင်းကြား လာခဲ့သည်ဟု ဆိုသည်။

“သူနဲ့အတူ နေတဲ့ သူ့တူက ကျွန်မရဲ့ အထက်အမပေါ့။ သူ့အမေဆီ ဖုန်းဆက်တယ်။ ကိုအောင်သီဟ ပြန်မရောက်သေးလို့ သူ့ရုံးက လူတွေလည်း လိုက်ရှာနေကြတယ်။ ပျောက်နေကြတယ် ဆိုပြီးပေါ့ ။ အဲ့မှာ ကျွန်မတို့လည်း ရုံးက ကောင်လေးတွေနဲ့ တွေ့တော့ ကျွန်တော်တို့ သူနဲ့ နောက်ဆုံး အဆက်အသွယ် ရတာ ၁၂ နာရီခွဲက ပြီးတော့ လုံး၀ အဆက်အသွယ် ပြတ်သွားတယ်ဆိုပြီး ပြောတယ် ” ဟု မိသားစုဝင်က ပြော သည်။

ကိုအောင်သီဟသည် SATHAPANA Limited Myanmar ငွေချေးကုမ္ပဏီတွင် အလုပ် လုပ်ကိုင် နေသည်မှာ သုံးနှစ်ကျော် ရှိပြီဖြစ်ပြီး မေလ ၁၂ ရက်နေ့က လုံးဝ အဆက်အသွယ် ပြတ်တောက် သွားသည်။ မေလ ၁၃ ရက်နေ့တွင် ချေးငွေ ကိစ္စနှင့် ပတ်သက်ပြီး ကိုအောင်သီဟ သွား ရောက် ခဲ့သည့် နေအိမ်ရှိ အမျိုးသမီးက ကုမ္ပဏီကို ဆက်သွယ်ကာ သူမ၏ အမျိုးသားက ကိုအောင်သီဟကို သတ်ဖြတ်ကာ အိမ်အနောက်တွင် မြုပ်နှံထားကြောင်း ဖုန်းဆက် ပြောကြား လာခဲ့ခြင်း ဖြစ်သည်။

“သတင်းရတော့ သွားရောက် ကူညီပြီး အလောင်းကို တူးဖော်ပေးတယ်။ သဂြိုလ်ဖို့ လုပ်ဆောင် ပေးခဲ့တယ်။ မြုပ်ထားတဲ့ အလောင်းကို တူးဖော် ခဲ့ရတာပါ။ အလောင်းက တစ်ရက်ပဲ ရှိသေးတယ်။ အလောင်းမှာတော့ လည်ပင်း ဂုတ်မှာ ပြတ်ရှ ဒဏ်ရာတော့ ရှိတယ် ” ဟု သွားရောက်ကူညီခဲ့သည့် ဘီးလင်းမြို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ စုစည်းအားမာန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုအောင်သီဟကို ချေးငွေကိစ္စနှင့် ပတ်သက်ပြီး ၎င်းသွားရောက်ခဲ့သည့် နေအိမ်ရှိ အမျိုးသား ဖြစ်သူက သတ်ဖြတ်ကာ အိမ်အနောက်၌ အ နက်လေးပေရှိ ကျင်းတူးကာ မြုပ်နှံထားခဲ့ပြီးနောက် အမျိုးသမီး ဖြစ်သူက ဖြစ်စဉ်များကို ကုမ္ပဏီထံ ဖုန်းဆက် အကြောင်းကြား လာခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် လူသတ် အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့သည့် အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးသည် ကိုအောင်သီဟ၏ ဆိုင်ကယ် လက်ကိုင်ဖုန်းနှင့် လက်စွပ်ကို ယူဆောင်ကာ ထွက်ပြေး တိမ်းရှော င်နေကြကြောင်း သိရသည်။

“ကျွန်မမောင်လေးက လူတွေနဲ့ သိပ်မရင်းနီးဘူး။ အလုပ် လုပ်တာလောက်ပဲရှိတာ။ ရပ်ကွက်ထဲမှာ တောင်မှ ကိုယ့်အိမ်မှာ ကိုယ်နေတာပါ။ ကျွန်မတို့ မျက်လုံးထဲမှာတော့ အခုအချိန်ထိ ကလေးလေးပေါ့။ ကျောင်းနေစဉ် ကာလတစ်လျှောက် နာမည်ပျက် မရှိဘူး။ ရန်ဖြစ်တာ မရှိဘူး။ ကျွန်မတို့နေတဲ့ နေရာမှာ မောင်လေး ဘယ်လိုနေလဲ ဆိုတာ စုံစမ်းလို့ရပါတယ်။ လေ့လာလို့ရတယ်။ အခုလို ဖြစ်တာ ယူကြုံး မရဘူး” ဟု မိသားစုဝင် တစ်ဦးက ဝမ်းနည်းစွာ ပြောသည်။

ကိုအောင်သီဟ၏ မိခင် ဖြစ်သူမှာလည်း ကျန်းမာရေး မကောင်းပဲ အိပ်ယာထဲ လဲနေသည့် အတွက် သေဆုံးခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆိုင်ကယ် တိမ်းမှောက်ခြင်းကြောင့် ကွယ်လွန်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားထားသည် ဟုလည်း သူက ဆက်ပြောသည်။

“အမှုမှန် ပေါ်ပေါက် စေချင်တယ်ပေါ့။ တရားခံကိုပဲ ပိုပြီးတော့ လိုချင်တယ်။ ဒီလူမိရင် နောက်ဆက်တွဲ ဘယ်လို ဖြစ်တာလဲ သိချင်တယ်ပေါ့။ အဓိကက တရားခံကို အမြန်ဆုံး လိုချင်တယ် ” ဟု မိသားစုဝင်က ဆိုသည်။

ကိုအောင်သီဟ သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ၎င်း၏ ကုမ္ပဏီကလည်း အကောင်းဆုံး ဆောင်ရွက်ပေးနေကာ ခံစားခွင့်များ၊ ကုမ္ပဏီတွင် လုပ်လာသည့် သက်တမ်းနှင့် လှုမှုဖူလုံရေးကိစ္စ၊ အသက်အာမခံ ကိစ္စများနှင့် ပတ်သက်ပြီး လုပ်ဆောင်ပေးမည်ဟု ဆိုကာ ပြောဆို ထားကြောင်း မိသားစုဝင်က ပြောပြသည်။

ကိုအောင်သီဟ ဖြစ်စဉ်ကြောင့် ချေးငွေကုမ္ပဏီမှ အလုပ် လုပ်နေကိုင်သူ ဝန်ထမ်းများ အကြား စိုးရိမ် ထိတ်လန့်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် နယ်မြို့ အတော်များများတွင် နာမည် အမျိုးမျိုး ရှိသည့် အသေးစား ချေးငွေလုပ်ငန်း ကုမ္ပဏီများသည် ချေးငွေပေးခြင်း ဝန်ဆောင်မှုများကို လုပ်ဆောင် ပေးနေသည်မှာ ရှစ်နှစ်နီးပါး ရှိလာနေပြီ ဖြစ်သည်။

အဆိုပါ ငွေချေးလုပ်ငန်းများတွင် ကုမ္ပဏီပေါ် မူတည်ကာ အနည်းဆုံး ငွေကျပ် နှစ်သိန်းမှစကာ ငွေကျပ် ၁၀ သိန်းအထိ ချေးယူနိုင်ပြီး ချေးယူသည့် ပမာဏ အနည်းအများ အပေါ် မူတည်၍ အတိုး ပေးဆောင်ရခြင်း ဖြစ်ကြောင်း ချေးငွေ ရယူထားသူများထံက သိရသည်။

“အမျိုးသမီးအများစု ချေးကြတယ်။ ရည်ရွယ်ချက်က အရင်းအနှီးထောင်ပေးတယ်ပေါ့။ နေ့ပြန်တိုးထက်စာရင် အများကြီး သက်သာတယ်။ တချို့ကျတော့လည်း အကျိုးရှိရှိ ချေးငွေကို သုံးကြတယ်။ တချို့ကျတော့လည်း လောင်းကစားတွေဘာတွေ လုပ်ကြတာပေါ့။ အမတို့ဘက်မှာတော့ ချေးမယ့် သူတွေကို ၅ ယောက် တဖွဲ့ ၁၀ ယောက်တဖွဲဖွဲ့ရတယ်။ ဝိုင်းကြီးချုပ် စနစ်နဲ့ ချေးတာ။ အဲ့အဖွဲ့ထဲက တစ်ယောက်က ချေးငွေ ပေးဖို့ ပျက်ကွက်ရင် ကျန်တဲ့ သူက အတိုးအရင်း ဆပ်ရတယ်။ ယူတဲ့ ပမာဏအပေါ် မူတည်ပြီးတော့ပေါ့။ အခုဖြစ်စဉ်ကလည်း ယူထားတဲ့ ငွေ ပမာဏကို မသိရပေမယ့် သူလည်း လုံး၀ မဆပ်နိုင်တော့တဲ့ အချိန် ဖြစ်နေတယ်နဲ့ တူပါတယ်။ လုပ်မိလုပ်ရာ လုပ်လိုက်တယ်လို့ မြင်မိတယ်။ လူ့အသက် တစ်ချောင်းတော့ အလကား ဆုံးရှုံးခဲ့ရတာပေါ့” ဟု အသေးစား ငွေကြေး ဝန်ဆောင်မှုမှ ချေးငွေ ရယူခဲ့ဖူးသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

အသေးစား ချေးငွေများကို လက်လုပ်လက်စား သမားများနှင့် ပျံကျဈေးသည်များက အရင်းအနှီး သဘော အနေဖြင့် ချေးငွေ ရယူမှု ပိုမို များ ပြားနေပြီး သာမာန် လက်လုပ်လက်စား သမားများ အတွက် အကျိုးပြုနိုင်သည့် လုပ်ငန်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။mizzima

ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၁ ဦးအား သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်း မေ ၁၅ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၂ ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတာကတော့ နှောရိုးကျေးရွာနဲ့ ရိုးမတိမ် ရွာသာယာကျေးရွာတို့က နေအိမ်တွေဖြစ်ပြီး နှောရိုးကျေးရွာက အိမ်ခြေ ၅ လုံးနဲ့ ရိုးမတိမ် ရွာသာယာကျေးရွာက အိမ်ခြေ ၂၄ လုံးအပြင် စျေးဆိုင်တန်း ၁ ခု တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှောရိုးကျေးရွာနေ စစ်ရှောင်ပြည်သူတဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ထားခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံခဲ့ရသူဟာ ကိုအောင်ဇော်သိန်း ဖြစ်ပြီး ပြည်တွင်းငါးဖမ်းသင်္ဘောလုပ်ငန်းလုပ်ကိုင်နေသူတယောက်ဖြစ်ကာ ရွာကိုပြန်ရောက်တာ မကြာသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ ရှို့ထားခဲ့တဲ့ မီးကို ပြည်သူတွေက သွားရောက်ငြှိမ်းသတ်ရာမှာလည်း လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာကြောင့် မီးငြှိမ်းသတ်နေတဲ့ပြည်သူတွေ အသက်လု ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အခုလိုမီးရှို့သတ်ဖြတ်ခဲ့တဲ့တပ်ဟာ မေ ၁၅ ရက် မနက် ၄ နာရီလောက်က ယင်းမာပင်မြို့ရဲ့ အရှေ့ဘက်တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းက ပြည်သူတွေရဲ့နေအိမ်တွေကို နေ့စဥ်ရက်ဆက် မီးရှို့မှုနေပြီး မေ ၁၄ ရက်နေ့ကလည်း တရော်ကျင်းကျေးရွာက နေအိမ် ၂၅ လုံးကို မီးရှို့ခဲ့ပါသေးတယ်။ DVB

ကသာ၊ ကျိုက်မရော၊ ခင်ဦး၊ ထားဝယ်နှင့်ရေတာရှည်တို့တွင် စစ်ကောင်စီတပ်များ တိုက် ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး၊ PDF ၂ ဦးကျဆုံး

ကသာ၊ ကျိုက်မရော၊ ခင်ဦး၊ ထားဝယ်နှင့်ရေတာရှည်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ကသာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

============================

မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကသာမြို့နယ်၊ သာဂရ ကျေးရွာ လိူင်းမော်တော်ဆိပ်အဟောင်းနေရာတွင် ထီးချိုင့်မှ တက်လာသော အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို ကသာခရိုင်PDF တပ်ရင်း-၃(ကသာတပ်ခွဲ) နှင့် မြို့နယ် ပကဖ(ညောင်ခြေထောက်တိုက်နယ်တပ်ခွဲ)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ကသာစေတီကုန်းရပ်ကွက်၊ကျောက်တိုင်ကွင်းတို့တွင် စစ်တပများရှိနေပြီး သာဂရ မှ စစ်ကြောင်းကလည်း စက်လှေသုံးစီးဖြင့်ကျောက်မော်အကျော် အိုးကုံးကျွန်းနားတစ်ဝိုက်နှင့် လှေဘို အနီး တရုတ်ဇီးခြံနားမှာခိုနေကြကြောင်း၊ စင်းခန်းမှ ရွှေကူသို့ ရှပ်ပြေးဖြင့် စစ်သားများ ဆင်းလာကြောင်း၊ မိကျောင်းသုံးကောင် ကျောက်မြောင်းမှ မွန်းလွဲ ၃ နာရီတွင် စတင် ဆန်တက်လာကြောင်း ကသာ ပကဖက သတင်းထုတ် ပြန် သည်။

ကျိုက်မရောတွင် စစ်ကား ၄ စီးကို မိုင်းဆွဲ

===============================

မေ ၁၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာအုပ်စု တောင်ကလေးမယ်တီယိုရွာနှင့် ကျောက်ကွဲရွာကြားတွင် မုဒုံမှလာသော စစ် ကား ၄ စီးကို KNDO ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားများ ထိမှန်ကြောင်း ၊ စစ်တပ်နှင့် KNDO ပူးပေါင်း တပ်များ အပြန်အလှန် ပစ်ခတ်ကြပြီး

၄၀ မမ နှင့်ပါပစ်ခတ်ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရှိရသည်။

ရေတာရှည်တွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

=============================

မေလ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဒေါင်းအင်းကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို သံတောင်မြောက်ပိုင်း(အထူးဒေသ) ဦးကိုကြီးတပ်ဖွဲ့ နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့ တွေ က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး အထိအခိုက် များပြားကြောင်း သိရှိရသည်။

ကျောက်မဲတောင်ရဲစခန်းကို KNDO နှင့် PDF တွေပူးပေါင်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၂ ဦးကျဆုံး

=======================================

တနင်္သာရီတိုင်းထားဝယ်-ထီးခီးလမ်းပေါ်ရှိ ကျောက်မဲတောင်ရဲစခန်းကို KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းပြီး မေလ ၁၄ ရက်နေ့နံနက် ၇ နာရီဝန်းကျင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သားတစ်ဦး၊ ရဲတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးဒဏ်ရာရသူတွေလည်းရှိနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ ၂ ဦးကျဆုံးကြောင်း သိရှိရသည်။

ခင်ဦးတွင် စစ်ကောင်စီတပ်ကို ဗုံးဖြင့်ထု

======================

မေ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွှေသိမ်တော် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ကို ဝိုင်းဖွဲ့ပြီးထိုင်နေချိန် KUPDFတပ်ဖွဲ့က ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရှိရသည်။ khit thit

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဖောက်ခွဲခံရ၍ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်-ညောင်ပင်ကြီးလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့မှ မေလ ၁၅ရက်ယနေ့တွင် ထုတ်ပြန်သည်။

ယနေ့ မေလ ၁၅ရက် နံနက် ၅နာရီအချိန်တွင် စစ်ကောင်စီယာဉ် ရှစ်စီးဖြင့် ယင်းမာပင်မြို့မှ ထွက်ခွာလာသော ယာဉ်တန်းသည် စံပြရွာ၊ သာ ယာကျေးရွာနှင့် နှောရိုးကျေးရွာရှိ နေအိမ် ၂၅လုံးအား မီးရှို့ဖျက်ခဲ့ပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ကြားသိရသည်ဟုလည်း ဆိုထားသည်။

ဆက်လက်၍ အင်အား ၂၀ခန့်ပါ ယင်းစစ်ကောင်စီယာဉ်တန်းမှာ ခြေလျင်ဖြင့် လမ်းဘေး ဝဲယာဖြန့်ကျက်ကာ မိုင်းရှာဖွေ၍ စစ်ကြောင်းထိုးလာရာ အသင့်တပ်ဆင်ထားသော မိုင်းများတွေ့ရှိရ၍ ကြိုးဆွဲပြီး ဖောက်ခွဲကာ ရှေ့သို့ဆက်လက်ထွက်ခွာ လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နံနက် ၉နာရီ ၁၀မိနစ်တွင် အသင့်တပ်ဆင်ထားသော ပေပါမိုင်းများအား ဆက်လက် တွေ့ရှိကာ Cutter များနှင့် ရှင်းလင်းရေးပြုလုပ်ရန်အနားသို့ကပ်လာစဉ် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ဒဏ်ရရှိသူများ ရှိကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက် ကျားအဖွဲ့က ပြောသည်။

ယင်းတိုက်ခိုက်မှုအား Yinmarbin Local PDF , Monywa Trust OF Force , Triple Two , Alpha Special Force , Salingyi Regional Defense Force , Myauk Tamar People Defense Force (MYPDF) နှင့်အတူ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ (CGYDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးငယ်များကြားမှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို အင်အားဖြည့်ရန် မုံရွာဘက်မှ ညောင်ပင်ကြီးဘက်သို့ လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ် ခြောက်စီးမှာ ညောင်ပင်ကြီးနှင့် ထန်းတော အနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရကြောင်းနှင့် မည်သည့်အဖွဲမှ တိုက်ခိုက်ခဲ့ခြင်းနှင့် အကျအဆုံးစာရင်းအား မသိရှိရသေးကြောင်း ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ညောင်ပင်ကြီး စက်လှေဆိပ်ရှိ ဆိုင်ကယ် ၁၀စီး ခန့်နှင့် ဈေးဆိုင်အချို့အား မီးရှို့ခဲ့သည်ဟု ကြားသိရသော် လည်း မဇ္စျိမအနေဖြင့် အတည် ပြုနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးသိရသော သတင်းအချက်အလက်များအရ ယင်းစစ်ကောင်စီ ယာဉ်တန်းသည် ညောင်ပင်ကြီးဆိပ်ကမ်းမှ မုံရွာဘက်သို့ ကူးနေပြီဖြစ် ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရှိရသည်။ mizzima

မြိုင်မြို့နယ် ရွာရှည်ရွာကို အကြမ်းဖက် စစ် တပ်က ဝင်စီး မီးရှို့နေပြီး ပြည်သူ ၅၀ ကျော် ပိတ်မိနေ၊ ရေစကြိုရှိ ကျေးရွာ ၃ ရွာကိုလည်း စစ်တပ်က မီးရှို့နေ၊ ဆားလင်းကြီး ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ပြည်သူ ပိုင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးနေ

မကွေးတိုင်း မြိုင်မြို့နယ် ရွာရှည်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်း၌ ပြည်သူ ၅၀ ကျော် ပိတ်မိနေကြောင်း We love myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းသောကြောင့် ကျေးရွာအတွင်းရှိ အသက် အရွယ် ကြီးရင့်သူများနှင့် ကလေးငယ်များ ပိတ်မိနေကြောင်း သိရသည်။

” ရွာရှည်ရွာက မေလ ၁၃ ရက်နေ့ကမှ လက်နက်ကြီးနဲ့ ပစ်သတ်ပြီး ပြည်သူ ၃ဦးသေထားတဲ့ရွာပါ အဲနေ့ကလည်း နေအိမ် ၄၀ ကျော် မီး လောင်သွားတယ်။ ဒီနေ့ မီးထပ်ရှို့တာ နေအိမ် ၄၀ လောက်ပြာကျသွားပြီ ပြည်သူ ၅၀ ကျော်လောက် ရွာထဲမှာ ပိတ်မိနေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ရွာရှည်ရွာကို အကြမ်းဖက် စစ်တပ် မေလ ၁၃ ရက်နေ့ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကာ နေအိမ် ၄၄ လုံး မီးလောင်ပြာကျခဲ့သော ကျေးရွာဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းရွာ၊ ကိုင်းရွာနှင့် မိုးကွဲရွာတို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း Yay Lal Kyun News အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မင်းရွာကို ယနေ့ နံနက် ၆ နာရီ ၄၁ မိနစ်ခန့်၊ ကိုင်းရွာကို နံနက် ၈ နာရီ ၄၀ မိနစ်နှင့် မိုးကွဲရွာ မွန်းလွဲ ၃ နာရီ ၂၃ မိနစ်တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ်က ဒီနေ့ ရွာ ၃ ရွာကို မီးတင်ရှို့နေတယ်။ ပျက်စီး ဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးဘူး။ စစ်ခွေးတွေက အခုထိ ကင်းပုန်းချထားတုန်းပဲ မြေပြင် အခြေအနေတွေကို အတည်ပြုလို့ မရသေးဘူး”ဟု Yay Lal Kyun News အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၁၀ စီးကျော်ကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ညောင်ပင်ကြီးရွာ ဝင်ရောက် စီးနင်းချိန်တွင် ဗုံးပေါက်ကွဲသံ တစ်ချက် ထွက်ပေါ် ခဲ့ပြီးနောက် ဇာတ်ဆိပ်တွင် ရပ်ထားသည့် ပြည်သူပိုင် ဆိုင်ကယ် ၁၀ စီးကျော်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ khit thit

စစ်ကောင်စီအမြာက်တပ်ကို PDF က လက် လုပ်စိန်ပြောင်းဖြင့် တိုက်ခိုက်

မကွေးတိုင်း ကျောက်ထုမြို့ရှိ စစ်ကောင်စီအမြောက်တပ်နှင့် ရဲစခန်းတို့ကို ယမန်နေ့ (မေ ၁၄) မွန်းလွဲပိုင်းတွင် လက်လုပ် ၆၀ မမစိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ကျောက်ထုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။ 

ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရာလမ်းကြောင်းပေါ်ရှိ ကျောက်ထုမြို့မှ အမြောက်တပ်ကို အချက်ရေ ၂၀ ကျော်၊ ရဲစခန်းကို ၁၅ ချက်ပစ် ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်၊ ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိကြောင်း ထိုသူက ဆက်ပြောသည်။

PDF က ထိုသို့ တိုက်ခိုက်ပြီးနောက်တွင် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီအမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် ပစ်ခတ်သည့်ပြင် လက်နက်ငယ်ဖြင့်လည်း ပစ်ခတ်သည်ဟု PDF တပ်ရင်းမှူးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။

“ကိုယ်တွေအဖွဲ့က သွားထုပြီးရင် သူတို့က (စစ်ကောင်စီ) ပစ်ပြီးကျန်နေခဲ့တာပေါ့၊ ကျွန်တော်တို့အဖွဲ့က သွားသွားလုပ်တိုင်း ရွာတွေကို ခြိမ်း ခြောက်တဲ့သဘောပေါ့။ ရွာတွေကို လှမ်းလှမ်းပစ်တာ” ဟု ဗိုလ်ဝေလက ပြောသည်။

အသက် ၄၀ အရွယ် ဒေသခံတစ်ဦး၏ အဆိုအရ စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်များမှာ ကျောက်ထုမြို့အရှေ့ဘက်ရှိ ကျေးရွာများအနီး လယ်ကွင်းထဲသို့ ကျသည်ဟု သိရသည်။

“ရွာသားတွေကတော့ ပုန်းရတာပေါ့ဗျာ၊ ခုတင်အောက်တွေ၊ အိမ်အောက်တွေ ဝင်ပုန်းတာပေါ့၊ အသံက ကျယ်တာကို အိမ်တွေတောင် တုန်တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် ရွာအတွင်းသို့ ကျရောက်ခြင်း မရှိသဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိဟု ၎င်းက ဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရပေ။​

မေ ၁၃ ရက်က ကျောက်ထုမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က ဝင်ရောက်စီးနင်းကာ ဒေသခံများကို ရှာဖွေစစ်ဆေးခြင်း၊ ခြိမ်း‌ ခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် အမြောက်တပ်နှင့် ရဲစခန်းကို လက်တုံ့ပြန်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဗိုလ်ဝေလက ပြောသည်။

“ရွာတွေဘက်မှာ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ လုပ်တာဗျ၊ ဟိုတလောကလည်း ဖမ်းထားတဲ့ ကောင်လေးနှစ်ယောက်ကို ကျောက်ထုသင်္ချိုင်း ကုန်းနားမှာ မြင်သာတဲ့နေရာမှာ အလောင်းကို ပြာကျသည်အထိ မီးရှို့ထားတာဗျ” ဟု ၎င်းက ပြောသည်။

ထိုနေ့က သတ်ဖြတ်ခံရသည့် လူငယ်နှစ်ဦးမှာ ချင်းတိုင်းရင်းသားများဖြစ်ပြီး ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီက ဖမ်းထားသည့် အရပ် သားများဖြစ်သည်ဟု ဗိုလ်ဝေလက ဆိုသည်။

ယနေ့ (မေ ၁၅) နံနက်တွင် ကျောက်ထုမြို့အတွင်း စစ်တပ်က ကား၊ ဆိုင်ကယ်များဖြင့် လှည့်နေကြောင်း၊ ရပ်ကွက် ၆ အတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ကာ နေအိမ်အချို့ကို ရှာဖွေမှုများ လုပ်ခဲ့ကြောင်း PDF တပ်ရင်းမှူးထံမှ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ခုခံမှုအားကောင်းသည့် နိုင်ငံအနှံ့ ဒေသများတွင် မကွေးတိုင်းနှင့် ကပ်လျက်ဖြစ်သည့် ချင်းပြည်နယ်လည်း ပါဝင်သည်။

တောင်တန်းဒေသ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီမြို့တို့သို့ စစ်ကောင်စီ ဖြည့်တင်းရာတွင် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ကျောက်ထုမြို့နယ်အတွင်း ဒေသခံ PDF အဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်လအတွင်း မင်းတပ်၊ မတူပီဘက်သို့ ရောက်နေသည့် စစ်သုံးထရပ်ကား ၇၀ ဝန်းကျင်ပါ ယာဉ်တန်းမှာချင်းပြည်နယ်ဘက်မှ ကျောက် ထုဘက်သို့ ဦးတည်၍ ပြန်ဆင်းလာနေသည်ဟု အထက်ပါ PDF တာဝန်ရှိသူထံမှ သိရသည်။

ယနေ့ (မေ ၁၅) နံနက်တွင် ထိုယာဉ်တန်းကို ရှေ့ပြေး လုံခြုံရေးယူပေးသည့် စစ်ကားငါးစီးမှာ ကျောက်ထုနှင့် ၁၀ မိုင်၊ ထီးလင်းမြို့ဘက်မှ အင် အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခုမှာ လေးမိုင်အကွာသို့ ရောက်နေ၍ ဒေသတွင်း စစ်ရေးတင်းမာလာမည်ဟု ဗိုလ်ဝေလက ခန့်မှန်းသည်။

ကျောက်ထုမြို့နှင့် အနီးဝန်းကျင်ရှိ ဆောမြို့နယ်အတွင်း လှုပ်ရှားမှုအားကောင်းပြီး ချင်းပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ရေး ပူးပေါင်းလှုပ်ရှားမှုများရှိသည်။

ကျောက်ထုရှိ အမြောက်တပ်၊ လေတပ်စခန်းနှင့် ရဲစခန်းတို့ကို ဧပြီ ၁၆ ရက်တွင် PDF များ စုပေါင်း၍ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ဖူးသည်။

လက်နက်အင်အား သာလွန်သည့် စစ်ကောင်စီကို ရင်ဆိုင်တိုက်နေသည့် နိုင်ငံအနှံ့ PDF အဖွဲ့များမှာ လက်လုပ် သေနတ်၊ လက်နက်ကြီး၊ မိုင်းများကို အဓိကသုံးစွဲနေရပြီး စမ်းသပ်ထုတ်လုပ်ရင်း မတော်တဆအသက်ဆုံးရှုံးမှုများလည်း ရှိသည်။ myanmar now

ဖယ်ခုံမြို့နယ်၊ ဆောင်နန်ခဲကျေးရွာအနီး စစ်ကောင်စီတပ်မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ကို လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်နေ၊ စစ်သား ၁၀ ဦး ခန့် သေဆုံးနိုင် PDF ၁ ဦး ကျဆုံး

ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်ခဲကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်နီပူးပေါင်းတပ်ဖွဲ့များကို ယနေ့ မေလ ၁၅ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့တွင် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အပြန်အလှန်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးနိုင်သလို PDF ၁ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မနေ့ညကတည်းက စဖြစ်တာ၊ ဆောင်နန်ခဲရွာ အရှေ့ဘက် တောင်ကြောပေါ်ထိုးတက်လာတာ၊ သူတို့ တောင်ကုန်း ၁ ခု ရတော့ အဲဒီနေရာမှ ညအိပ်ပြီး ဒီမနက် ဆက်ထိုးလာတာ။ မနက်က ကျနော်တို့ နဲ့ အပြန်အလှန် ပစ်ကြတယ်။ တမနက်လုံး ပစ်တာ သူတို့ဘက်က ၁၀ ယောက်လောက် သေနေပြီ။ ပြီးတော့ လက်နက်ကြီး ပစ်ကူတယ်၊ ကျနော်တို့နဲ့ ပူးပေါင်းတိုက်နေတဲ့ အဖွဲ့က ၁ ယောက်ကျတယ်၊ ၂ ယောက် ဒဏ်ရာရတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ်ကောင်စီကို စွန့်ခွာကာ CDM ပြုလုပ်ပြီး အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသော No.1008 Infantry-Southern Shan တပ်ရင်းမှ ရဲဘော် ချစ်ကောင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၀၀၈ က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှလည်း ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ဆက်လက်ကာ စစ်ကြောင်းထိုးလာကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ရဲဘော်က ဆက်လက်ပြောဆိုသည်။

မိုးဗြဲအင်းအရှေ့ဘက်ကမ်း ထီရိကျေးရွာရှိ စစ်ကောင်စီနှင့် PNO ပူးပေါင်းစခန်း တိုက်ခိုက်ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားများဖြည့်တင်းကာ ကရင်နီပူးပေါင်းတပ်ဖွဲ့ကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ khit thit

ယင်းမာပင်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ် အသေအပျောက် များနိုင်ဟု ကာကွယ်ရေးတပ် ထုတ်ပြန်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မိုင်းစ ထိမှန်ခြင်း ၊ ချုံခို တိုက်ခိုက်ခံရခြင်းများကြောင့် စစ်ကောင်တပ်သားများ ကျဆုံး ထိခိုက် များပြားနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း ၂ ၊ ၃ ၊ ၄ Chindwin Attack Force က ယနေ့ မေလ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာသည်။

မေလ ၁၃ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ကျွန်းတောလေး ကျေးရွာမှ တရော်ကျင်းရွာ ဘက်သို့ ထွက်ခွာလာသော အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်ကို မျက်စောက်တောင် ပေါ်မှ နေရာယူ၍ ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီအတွင်း မိုင်းစထိမှန်ခြင်း ၊ လက်နက်ငယ်များဖြင့် ပြောက်ကျား တိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက် ဒဏ်ရာ ရနေချိန်တွင် ဘန့်ဘွေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်ကူ ရောက်ရှိလာသဖြင့် မဟာမိတ် တပ်ပေါင်းစု အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရကြောင်း ဖော်ပြသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အကျအဆုံး စာရင်းအား မသိရှိရသော်လည်း ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဟုဆို သည်။

တိုက်ပွဲအား မုံရွာခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁) Chindwin Attack Force (2) ၊ မုံရွာခရိုင် တပ်ရင်း (၃) တပ်ခွဲ (၁) Chindwin Attack Force (3) ၊ ယင်းမာပင်မြို့နယ် ၊ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များမှ PDF များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် တရောကျင်းကျေးရွာ အနီးသို့ မေလ ၁၄ ရက်တွင် ထပ်မံ ရောက်ရှိခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားရာ လက်နက်အင်အား မမျှတသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ဆုတ်ခွာခဲ့သည်။ စစ်ကောင်စီတပ်က ရွာအတွင်းသို့ ဝင်ရောက်၍ မိသားစု ၂၇ စုပိုင် လူနေအိမ် ၄၀ ခန့်ကို မီးရှို့ ဖျက်ဆီး သွားကြောင်း သိရသည်။

ယနေ့ မေလ ၁၅ ရက် နေ့တွင်မှု အဆိုပါစစ်ကြောင်းသည် တရော်ကျင်း ဘက်မှ ဆက်လက် ထွက်ခွာလာပြီး ချောင်းမရွာသို့ ရောက်ရှိနေသည်။ ထို့အတူ ယင်းမာပင်မြို့ဘက်မှ ထွက်ခွာလာသော စစ်ကြောင်းသည်လည်း ရွာသာကျေးရွာနှင့် နှောရိုးကျေးရွာများကို မီးရှို့သွားကြောင်း ဒေသ ခံများထံက သိရပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မဇ္စျိမက မသိရသေးပေ။ mizzima

« Older Entries