ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

ကနီမြို့နယ်တောင်ပိုင်း၊ ချောင်းမကျေးရွာနဲ့ သင့်ဝင်ရွာကြားမှာ မေ ၁၅ ရက်နေ့ မနက် ၉ နာရီက စစ်ကောင်စီတပ် နဲ့ ဒေသခံပြည်သူ့ကာ ကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ်က တရော်ကျင်းကျေးရွာကို မေ ၁၄ ရက်နေ့က မီးရှို့ခဲ့ ပြီး ညနေပိုင်းမှာ ကနီမြို့နယ် ချောင်းမရွာကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
“မနက်ကတော့ ကျနော်တို့ ကနီမြိုနယ်ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ မြေပြင်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျနော်တို့ အဖွဲ့တွေကတော့ သင့်ဝင်ကျေးရွာတောင်ဘက်က တံတားမှာနေရာယူပြီး ပစ်ခတ်ခဲ့တယ်ဗျ။ အကျအဆုံးကတော့ စစ်ကောင်စီဘက်က ၅ ဦးကျဆုံးတယ်။ ကျနော်တို့ကတော့ နယ်မြေကျွမ်းကျင်တာကို အသုံးချပြီး တိုက်ခဲ့နိုင်လို့ တယောက်မှ အထိခိုက်မရှိခဲ့ဘူး” လို့ ကနီပကဖအဖွဲ့ဝင်တဦးက DVB ကို အတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ချောင်မအရှေ့ရွာ၊ ချောင်းမအနောက်ရွာ၊ သင့်ဝင်ရွာ၊ အောင်မင်္ဂလာရွာ၊ မင်းမရွာ နဲ့ စိမ့်အင်းတိုင်းရွာက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေရတာ နှစ်ရက်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေတွေက ပြောပါတယ်။ DVB