ကလေးမြို့တောင်ပိုင်းက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို မေ ၁၄ ရက် မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ တင်သား၊ ရှားဖို ၊ဒိုးနွယ် စတဲ့ ကျေးရွာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကလေးဒေသခံတစ်ဦးက “ မုံရွာဘက်ကနေ လေယာဥ် ၃ စီး နဲ့လာပစ်နေတာ။ ပထမက လေယာဉ်သံတွေကြားရတော့ ခရီးသည်လေယာဉ်တွေ ထင်နေတာ။ ပစ်ခတ်တာအပြင် ဗုံတွေပါချတယ်။ အထိအခိုက်ကတော့ လောလောတယ် မသိရနိုင်သေးဘူး။ ကျနော်တို့တောင် ပုန်းနေရတယ်။ အခုတစ်စီးက ပြန်သွားတယ်ထင်တယ်။ လက်ရှိ နှစ်စီးကျန်သေးတယ်။ ပစ်နေ၊ ချနေတုန်းပဲ။ ကလေး တောင်းပိုင်းက ပြည်သူကာ ကွယ်ရေးအဖွဲ့တွေကို မြေပြင်မှာ မယှဉ်နိုင်လို့ အခုလိုလေယာဉ်နဲ့ လာပစ်တာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
လက်ရှိ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် ကျေးရွာနေ ပြည်သူတွေ ထွက်ပြေး နေကြရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ DVB