ကျိုက်လတ်မြို့ ကမ်းနားလမ်းရှိ ရေယာဉ်အ သင်းရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွါး

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်းတွင်ရှိသည့် ရေယာဥ်အသင်းရုံးတွင် မေလ ၁၄ ရက် ည ၉နာရီ ၅၀ မိနစ်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ပေါက်ကွဲမှုကို ဧရာဗေဒါ(ကျိုက်လတ်)တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ရေယာဉ်များကို ဖိအားပေး ငွေတောင်းခံခြင်းများ ပြုလုပ်နေသည့်အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဗေဒါ ကျိုက်လတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အဝေးထိန်း စနစ်နဲ့ တိုက်ခိုက်ခဲ့တာဆိုတော့ ထိခိုက်ဒဏ်ရာရတာမျိုး ရှိ၊မရှိ အတိအကျမသိရသေးဘူးခင်ဗျ။ ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့က တော့စစ်ကောင်စီ ထောက်တိုင်တွေကိုဆက်ပြီးဖြိုချအုံးပါမယ် ခင်ဗျ။အကြမ်းဖက်စစ်ကောင်စီနဲ့ မပူးပေါင်းဖို့နဲ့ ပြည်သူများကိုဒုက္ခမပေးဖို့ စစ်ကောင်စီလက်အောက်ခံတွေကို သတိပေးလိုက်ပါတယ်”ဟု ၎င်းကဆိုသည်။
ဧရာဗေဒါ ကျိုက်လတ်တပ်ဖွဲ့ အနေဖြင့် တိုက်ခိုက်ရေးအစီအစဉ်များ ဆောင်ရွက်ရန် စီစဥ်ခဲ့သော်လည်း သွားလာနေသည့် ပြည်သူအချို့ကြောင့် မစ်ရှင်တချို့ ဖျက်သိမ်းခဲ့ရကြောင်း၊ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့် အနီးအနားတွင်မနေသင့်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများ ရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ဟုသိရပြီး မတရားဖမ်းဆီးပြုလုပ်လာနိုင်သဖြင့် ဒေသခံပြည်သူများ သတိထားနေထိုင်ကြရန် ဧရာဗေဒါ ကျိုက်လတ် တပ်ဖွဲ့ဝင်ကပြောသည်။ mizzima