ထားဝယ်အကျဉ်းထောင်တွင် လက်နက်တပ်ဆင်ထားသည်ဟု သတင်းထွက်ပေါ်ပြီးနောက် ထောင်ခြံစည်းရိုးအနီး ဗုံးပေါက်ကွဲ

ထားဝယ်အကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများကိုစစ်သင်တန်းပေးပြီး ပုံမှန်အခြေ အနေထက်ပို၍ လက်နက်များတပ်ဆင်ပေးထားသည်ဟုသတင်းများထွက်ပေါ်ပြီးနောက် မေလ ၁၅ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အကျဥ်းထောင်ခြံစည်းရိုးအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။
ထားဝယ်အကျဥ်းထောင်၏ ခြံစည်းရိုးတစ်နေရာတွင် ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုသည် Guerrilla Dawei အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲပြုလုပ်ခဲ့သည်ဟု ယင်းအဖွဲ့မှတာဝန်ရှိသူက ပြောသည်။
Guerrilla Dawei အဖွဲ့မှတာဝန်ရှိသူက “လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ထောင်ဝန်ထမ်းတွေကို စစ်သင်တန်းတွေ တက်ခိုင်းထားပြီး လက် နက်အင်အားတိုးမြှင့်တပ်ဆင်ထားတယ်လို့ သိရတဲ့အတွက် စမ်းသပ်တီးခေါက်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်”ဟု ပြောသည်။
ယင်း ဗုံးပေါက်ကွဲမှုကြောင့် တစ်စုံတရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထားဝယ်အကျဥ်းထောင်မှဝန်ထမ်းများကို စစ်ကောင်စီကစစ်သင်တန်းပေးပြီး မောင်းပြန်သေနတ်များ ပုံမှန်အခြေအနေထက်ပိုပြီး တပ်ဆင်ပေးထားကြောင်း ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
“ထောင်မှာ အရင်ကထက်နည်းနည်းထူးတာက တချို့ထောင်ဝန်ထမ်းတွေမှာ သေနတ်တွေကိုင်ဆောင် ထားတာ တွေ့ရပါတယ် အားလုံးတော့ မဟုတ်ဘူး”ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။
ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သည့် Guerrilla Dawei အဖွဲ့သည် ဧပြီလ ၂၁ ရက်ကလည်း ထားဝယ် မြို့လယ်တွင် ရှိသည့် Mytel အရောင်းပြခန်းကို ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအပါဝင် အကျဉ်းသားစုစုပေါင်း တစ်ထောင်နီးပါး ရှိကြောင်း စောင့်ကြည့်နေသူများထံမှ သိရသည်။ mizzima