ရွာငံနှင့်ပင်းတယ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှင့် ၎င်း၏ သားဖြစ်သူ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးနှင့် ၎င်း၏ သားဖြစ်သူတို့ကို စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၁၄ ရက် ည ၁၀ နာရီခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသော အသက် ၅၈ နှစ်ခန့်ရှိသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး မှာ ပင်းတယမြို့နယ်၊ ပေါက်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသက် ၃၀ ခန့်ရှိသော သားဖြစ်သူ ကိုနေမျိုးထက်နှင့်အတူ သားအမိ နှစ်ဦးလုံး နေအိမ်တွင် ဖမ်းဆီးခံရကြောင်း၊ သားဖြစ်သူမှာ သမဝါယမ CDM ဝန်ထမ်း တစ်ဦးဖြစ်ကြောင်း သိရသည်။
”မနေ့ည ၁၀ နာရီလောက်မှာ ဒေါ်မမလေးနဲ့ သားဖြစ်သူကို သူတို့ရဲ့ကိုယ်ပိုင် နေအိမ်မှာပဲ ဖမ်းဆီးခံလိုက်ရတာပါ။ စစ်ကောင်စီတပ်က ဒေါ်မမလေးတို့အိမ်ကို ရိုက်ဖွင့်ပြီး ဝင်ဖမ်းသွားတာပါ။ ဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းခေါ်သွားပါတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြော သည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးမှာ ပင်းတယတွင် NLD ကိုယ်စားလှယ်များထဲတွင် ပထမဆုံးဖမ်းဆီးခံရသူဖြစ်ကြောင်းနှင့် ၎င်း သားအမိနှစ်ဦးလုံးကို ပင်းတယ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။mizzima