အကြမ်းဖက်စစ်ကောင်စီက ကလေး PDF တပ်ရင်း ၄ စခန်းကို ဝေဟင်ရော မြေပြင်မှ ထိုးစစ်ဆင်၊ လက်နက်အင်အားကွာဟသဖြင့် PDF များ စခန်းကို စွန့်ခွာခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာအနီးရှိ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ ၏ စခန်းကို အကြမ်း ဖက်စစ်ကောင်စီက ယနေ့ မေလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်များ၊ Mi35 ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အပြင် မြေပြင်မှ အင်အား ၂၀၀ ခန့်ဖြင့်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်နက်အင်အား မမျှသဖြင့် PDF များ ဆုတ်ခွာခဲ့ရကြောင်း PDF-Kalay တပ်ရင်း ၄ ထံမှ သိရှိရသည်။

“စစ်ကောင်စီက ပထမဆုံး ဂျက်လေယာဉ်နဲ့ ဗုံး ချတယ်၊ ဒရုန်းအကြီးတွေနဲ့လည်း အီနာဂါဗုံးတွေ ကျဲချတယ်။ ပြီးတော့ Mi35 ၂ စီးရယ် နောက် ရဟတ်ယာဉ် ၁ စီးရယ်က ဒုံးကျည်နဲ့ပစ်တယ်၊ စက်သေနတ်နဲ့ ပစ်တယ်။ ပြီးမှ မြေပြင်ကနေ စစ်ကြောင်းက ထိုးစစ်ဆင်တာ။ ကျနော်တို့က ပြင်ဆင်ထားခဲ့တယ်၊ စစ်ကြောင်းထိုးလာတာနဲ့ ကတုတ်တွေထဲ ခုန်ချပြီး ကျနော်တို့ ၁၅ မိနစ်လောက် ခံပစ်နိုင်သေးတယ်၊ လက်နက်ကမမျှတော့ ဆုတ်ပေးလိုက်ရတယ်” ဟု PDF-Kalay တပ်ရင်း ၄ မှ ပြောခွင့်ရ ရဲဘော်မုန်ပီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စခန်းအား ဆုတ်ခွာပေးခဲ့ရာတွင် PDF များ အကျအဆုံးမရှိဘဲ ဒဏ်ရာရသူအချို့သာ ရှိကြောင်း စစ်ကောင်စီ မြေပြင်စစ်ကြောင်းမှ စစ်သားများ သေဆုံးထိခိုက်မှု ရှိကြောင်း သိရှိရသည်။

PDF-Kalay တပ်ရင်း ၄ စခန်းကို မြေပြင်မှ ခလရ (၈၉) မှ ဗိုလ်ကြီးရာဇာမျိုး၊ အခပ ဗိုလ်မှူးသန်းနိူင်၊ ခလရ (၂၆၈) မှ ဗိုလ်ကြီးဇွဲသူထွန်းတို့ ဦး ဆောင်သော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သည်ဟု PDF-Kalay တပ်ရင်း ၄ က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ရက် ဆက်ဖြစ်ပွားခဲ့ပြီးနောက် ရေရှင်ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်သားများက ရေရှင်ရွာကို မီးတင်ရှို့ခဲ့ကာ ယနေ့တွင် ရေရှင်ရွာအနီးရှိ PDF-Kalay တပ်ရင်း ၄ စခန်းကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရေရှင်ရွာကို ၁၀ ရက်နေ့က စတင်မီးရှို့တယ်။ ပြီးတော့ စစ်ကောင်စီက ကျနော်တို့ စခန်းကို စစ်ကြောင်းထိုးဖို့ပြင်တယ်၊ အနီးဝန်းကျင်မှာလည်း ကင်းပုန်းတွေ ဝပ်ထားတယ်။ စခန်းပေါ်မှာ ကင်းထောက်လေယာဉ်တွေလည်း ဝဲတယ်။ ကျနော်တို့က ထိုးလာမယ်ဆိုတာ သိလို့ က တုတ်တွေလည်း တူးထားပြီးသား အခုက လက်နက်တွေ ပစ်အားတွေ မနိုင်လို့ ဆုတ်ပေးလိုက်ရတာ။ စခန်းမှာ မိုးတွင်းအတွက် စုထားတဲ့ ရိက္ခာတွေ အားလုံး ပါသွားတာပေါ့၊ သေနတ်တွေကတော့ ကျနော်တို့ ကိုယ်နဲ့ မကွာရှိတာဆိုတော့ ကျည်ဆံတွေနဲ့ တချို့ မရွှေ့နိုင်တဲ့ဟာတွေ Equipment တွေတော့ ပါသွားတာပေါ့” ဟု ရဲဘော်မုန်ပီး က ရန်ကုန်ခေတ်သစ်သို့ ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပစ်ခတ်မှုများကြောင့် စစ်ရှောင်များ ရှိရာနေရာများအနီးတွင် ပေါက်ကွဲမှုများရှိကြောင်း လူထိခိုက်မှု ရှိ၊ မရှိကို မသိရသေးကြောင်း ရဲဘော်မုန်ပီးက ဆိုသည်။

PDF-Kalay တပ်ရင်း ၄ စခန်းကို ဆုတ်ခွာပေးခဲ့ရပြီးနောက် စခန်းရှိ မိုးတွင်းအတွက် စုဆောင်းထားသော ရိက္ခာများ၊ စစ်ရှောင်ကလေးငယ်များအတွက် ယာယီပြုလုပ်ထားသော စာသင်ကျောင်းဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း PDF-Kalay တပ်ရင်း ၄ ထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s