အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့် လက်ယက်မကျေးရွာ မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ အိမ်ခြေ ၂၀၀၀ ကျော်လောက်ရှိတဲ့ လက်ယက်မ(စံပြ) ကျေးရွာကို မေလ ၁၄ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေ ၁၁ ရက်နေ့ကတည်းက အင်အား ၂၀၀ ကျော်လောက်နဲ့ မြိုင်မြို့နယ် လက်ယက်မကျေးရွာကို စစ်ကြောင်းထိုးပြီး မပြေးနိုင်တဲ့ သက်ကြီးဘိုးဘွား ၃၀ လောက်ကို ဖမ်းဆီးကာ မေ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရွာကို ၄ နေရာလောက်ခွဲပြီး မီးရှို့ဖျက်ဆီးကြတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လက်ယက်မကျေးရွာက ဒေသခံ အမျိုးသမီးတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“ဒီတခါ ဗျူဟာဆွဲတဲ့ စစ်ကြောင်းထိုးတဲ့ ဗျူဟာမှူးတွေတော်တယ်လို့ စစ်တပ်အသိုင်းဝိုင်းမှာတော့ သူတို့စစ်ကောင်စီတပ်ဘက်တွေကတော့ အောကမေ့မှာပေါ့။ ဒါပေမယ့် ပြည်သူကို ဒုက္ခပေးဖို့ ယုတ်မာဖို့နေရာမှာ တော်ကြတာ၊ ပြည်သူကို ကူညီဖို့ဆိုတာ သူတို့စိတ်ကူးထဲမှာ လုံးဝမရှိဘူး။ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်လာတော့ ရွာလုံးကျွတ်ထွက်ပြေးကြရတာ။ အဝတ်တထည် ကိုယ်တခုနဲ့ လောလောဆယ် စားဖို့သောက်ဖို့ ဟာတွေကလွဲရင် ကျန်တာဘာမှ မယူနိုင်ကြဘူး။ ကျမတို့နဲ့ အတူပြေးလာတဲ့ အဖွဲ့တွေမှာဆိုရင် မီးဖွားပြီးကာစ ရက်သားကလေးနဲ့အမေတွေလည်းပါတယ်။ မလိုက်နိုင်လို့ ပွေ့ချီခေါ်ရတဲ့ မသန်စွမ်းတွေလည်း ပါကြတယ်။ ဒီဘက်က အ ကူအညီပေးတဲ့ ရွာတွေကိုပါ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမယ် ကြားတယ်။”

လက်ရှိအခြေနေမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံအချို့ ဘုန်ကြီးကျောင်းတွေနဲ့ ကျေးရွာတွေက အကူအညီပေးနေလို့ စားသောက်ရေးနေထိုင်ရေး အဆင်ပြေနေပေမယ့် လက်ယက်မရွာတောင်ပိုင်း၊ ပိတောက်ကန်ရွာနဲ့ ထန်းတောမရွာဘက်က ပြည်သူတချို့ဆိုရင် ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်မမီတာကြောင့် တောထဲတွေမှာ ပုန်းရှောင်ကာ ဖြစ်သလို နေထိုင်စားသောက်ကြရတယ်လို့ ပြောပါတယ်။

“ထန်းကလက်တချပ်ကို ငွေကျပ် ၂၀၀ ကျော်၊ ဝါးတလုံးကို ၁၅၀၀ ကျပ်လောက်ပေးဝယ်နေရတဲ့ ခေတ်မှာ အိမ်တလုံး ဖြစ်ဖို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရာတယ်ဆိုတာ၊ ပြည်သူတွေဘယ်လောက်ထိ ဒုက္ခရောက်ကြတယ်ဆိုတာ မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်သားတွေ သိကြမှာပါ။ သူတို့စစ်တပ်တွေ အုပ်စိုးနေသမျှတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ ဒုက္ခတွေသောကတွေနဲ့ပဲ အမြဲတမ်းကြုံတွေ့နေရတော့မှာပဲ။ အဲဒီတော့ ဒုက္ခတွေ သောကတွေ မတွေ့ကြုံဘဲ ချမ်းချမ်းမြေ့မြေ့နေချင်ရင်တော့ ဒီစစ်တပ်တွေကို အမြစ်ဖြုတ်နိုင်မှ ကျမတို့ အေးအေးချမ်းချမ်းနေကြရမယ်။ အခုဟာက ကိုယ့်လုပ်စာ ကိုယ်ဟာကို လုပ်စားနေကြရပြီးတော့ အေးအေးချမ်းချမ်းမနေကြရဘူး” လို့ လက်ယက်မ(စံပြ)ကျေးရွာ ဒေသခံအမျိုးသမီးက ပြောပါတယ်။

“ကျနော်တို့ရွာ မီးရှို့ခံလိုက်ရပြီဗျ။ ဟတ်စကီး တစီးလည်း နေ့လယ်လောက်က လက်ယက်မရွာကို ဆင်းပြီး ပစ္စည်းတွေချသလား၊ ဖမ်းထားတဲ့ ဓားစာခံတွေကို ခေါ်သွားလားတော့ မသိရဘူး။ မီးတောက်တွေကလည်း ၂ ရွာ ၃ ရွာကျော်လောက်ကနေ လှမ်းမြင်နေရတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့ ခြေဆေးနေတဲ့ ကောင်တွေကို လုံးဝမကျေနပ်ဘူး။ တချို့မိန်းမတွေဆိုရင် ပစ်လဲနေကြတယ်၊ အကြောတက်ပြီးတော့လည်း မေ့လဲကုန်တယ်” လို့ လက်ယက်မကျေးရွာက ဒေသခံလူငယ်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လက်ယက်မရွာကို စဝင်တဲ့နေ့ကတည်းက လက်နက်ကြီးတွေနဲ့ တွေ့ရာမြင်ရာကို ပစ်ခတ်ခဲ့တာကြောင့် ရွာမှာရှိတဲ့ ပြည်သူအားလုံး ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရကာ မပြေးနိုင်လို့ တောထဲတွေမှာ ပုန်းခိုပြီးကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ဖမ်းပြီး ဘုန်းကြီးကျောင်းထဲမှာ ဓားစာခံအဖြစ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

“ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရလို့ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေနဲ့ အဆက်သွယ်ပြတ်တောက်နေပြီ။ ဒီကနေ့မှာ ရွာကို မီးရှို့ဖျက်ဆီးကြတယ်ဗျ။ မနက်ပိုင်းမှာ ကင်းတဲလေးတွေကို အရင်ဦးဆုံးမီးရှို့ကြတယ်။ ညနေ ၅ နာရီခွဲလည်းကျရော ရွာကို ၄ နေရာလောက်ခွဲပြီး စစ်(…) တွေက မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၅၀၀ လောက်ရှိတဲ့ ကျနော်တို့ ရွာ တရွာလုံးနီးပါး မီးလောင်ဆုံးရှုံးနိုင်တယ်” လို့ ဒေသခံလူငယ်က ပြောပါတယ်။

လက်ယက်မကျေးရွာမှာ မီးသတ်ကားရှိပေမယ့် ဘာမှ မတတ်နိုင်သလို ရွာနဲ့ကပ်လျက် ဆောမရွာဘက်က ပြည်သူတွေဟာ စစ်ကောင်စီတပ် သားတွေ မရှိတော့ဘူးလို့ထင်ပြီး မီးငြှိမ်းသတ်ဖို့သွားကြပေမယ့် ဆိုင်ကယ်မီးတွေမြင်လို့ လက်ယက်မရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နောက်ပြန်ဆုတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ယက်မရွာထဲမှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်လို့ ပြည်သူ ၅ ယောက်လောက်သေဆုံးတယ် ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံလူငယ်က “အလိုအပ်ဆုံးအချက်ကတော့ မိုးကြီးမြန်မြန်ရွာချပြီး ကျနော်တို့ရွာ မီး ငြိမ်းသွားရင် ကျေနပ်ပါပြီဗျာ။ စားဖို့သောက်ဖို့ဆိုတာ ကိုယ်ဗိုက်ကိုတောင်မမြင်တော့ပါဘူး။ အခု ရွာသူရွာသားတွေကျတဲ့ မျက်ရည်တွေ မိုးအဖြစ်ပြောင်းပြီးတော့တောင်မှ ရွာစေချင်ပါတယ်။ NUG အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကုန်လုံးကို လက်နက်တွေ အမြန်ဆုံးတပ်ဆင်ပေးစေချင်တယ်။ အခုဟာက လူ ငယ်အားမမျှတာမဟုတ်ဘူး လက်နက်အင်အားမမျှလို့ ပြည်သူတွေ ခံနေကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ လက်ယက်မကျေးရွာအပါဝင် အနီးပတ်ဝန်း ကျင်ကျေးရွာတွေက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်း ဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိဘာသာရေးအဆောက်အဦးတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s