Monthly Archives: May 2022

မြိုင်တွင် မီးရှို့နေသည့် စစ်တပ်ကြောင့် ရွာ သား ၃ ဦးသေဟု ဒေသခံတို့ပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင် ကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို သတ်ဖြတ်ကာ  ၃၀ ခန့် ဖမ်း ဆီးထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

သေဆုံးမှုမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဆိုသည်။

“မီးရှို့ခံရတာ နှစ်ရွာပဲရှိသေးတယ်။ ပိတောက်ကန်မှာက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၃ ယောက်သေပြီး အိမ်တွေလည်း မီးလောင်တယ်။ လက်ယက်မက တစ်ရွာလုံးနီးပါးပဲ” ဟု မြိုင် PDF မြောက်ပိုင်းဇုန်တာဝန်ခံ ဗိုလ် Cross က ပြောသည်။

စစ်တပ်က မြိုင်မြို့မြောက်ပိုင်းရှိ ပိတောက်ကန်ရွာကို နှစ်ကြိမ်စီးနင်းကာ အိမ်ခြေ ၆၀ ကျော် မီးလောင်ပျက်စီးသည်၊ လက်ယက်မရွာကို စီး နင်းမီးရှို့မှုအတွင်း အိမ်ခြေ ၈၀၀ ကျော်ထက်မနည်း ပျက်စီးသွားသည်ဟု ဗိုလ် Cross က ပြောသည်။

ပိတောက်ကန်ရွာမှ မိသားစုဝင် ၃ ဦးသည် လက်နက်ကြီးတစ်လုံး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ထမင်းစာပြီး နားနေတာကို လက်နက်ကြီးကျတာ။ နောက်တစ်လုံးထပ်ပစ်တာကို သူတို့အိမ်ဘေးနား ကျတာ။ အဲဒီအိမ်ကနေစပြီး မီး လောင်တာ။ ကျွန်တော်တို့ သွားငြှိမ်းတာ။ လက်နက်ကြီးတွေနဲ့ပစ်လို့ ထွက်ပြေးခဲ့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အ ထက်ပါ ရွာခံက ပြောသည်။

သေဆုံးသူတို့မှာ ၇၂ နှစ်အရွယ် ဦးဝက်ကြီး၊ ဇနီးဖြစ်သူ အသက် ၇၀ အရွယ် ဒေါ်ခင်ထွေး၊ သားဖြစ်သူ အသက် ၃၀ အရွယ် ဦးရဲမြင့်တို့ ဖြစ်သည်၊ စစ်ကောင်စီတပ်သည် ရွာကို စီးနင်းရန် လက်နက်ကြီးများဖြင့် ကနဦးပစ်ခတ်ခြင်းကြောင့် ရွာရှိ အိမ်ခြေ ၄၅ လုံး မီးလောင်သွားသည်ဟု ရွာခံ အမျိုးသားက ပြောသည်။

မီးငြှိမ်းသည့်​ရွာသားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရသည်၊ ရွာသား ၅ ဦး ရိုက်နှက် ဖမ်းဆီးခံလိုက်ရသည်ဟု ၎င်းက ပြောသည်။

“သူတို့ကို လက်ပြန်ကြိုးတွေတုပ်ပြီး ရိုက်နှက်ဖမ်းဆီးသွားတာ။ စစ်လား၊ ဆေးလားတွေလည်း တအားလုပ်တယ်” ဟု ပိတောက်ကန်ရွာသားက ပြောသည်။

“အသတ်ခံရတယ်လို့ သတင်းကြားရတယ်။​ အခု ကျွန်တော်တို့ အလောင်းရှာနေတယ်ဗျ။ မတွေ့သေးဘူး”

စက်မှုဇုန် ၂ မှ အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၁၃ ကတည်းက စစ်ကြောင်းထိုးနေကြခြင်းဖြစ်သည်။ စစ်တပ်က လက်နက်တပ်ဆင်၊ လေ့ကျင့်ပေးထားသော၊ မြိုင်မြို့မြောက်ဘက် ၇ မိုင်အကွာ ကန်နီရွာခံများ ဖြစ်သော ပျူစောထီးတပ်ဖွဲ့ဝင်များလည်း စစ်ကြောင်းနှင့်အတူ ပါဝင်လာသည်ဟု သိရသည်။

လက်ယက်မကို မီးရှို့ခြင်း

Data for Myanmar အဖွဲ့၏ မေ ၁ ရက် စာရင်းအရ စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ မီးလောင်ပျက်စီးသည့် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိကာ ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကမူ ၎င်းတို့ မီးရှို့ခြင်းမရှိဟု တုံ့ပြန်လေ့ရှိသည်။

မြိုင်မြို့နယ်အတွင်း စစ်တပ်က အရပ်သားများအပေါ် ပြုမူမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးအဖွဲ့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

အကြမ်းဖက်သတ်ဖြတ်မှု အများအပြားဖြစ်ပေါ်နေသော်လည်း ထိုဖြစ်ရပ်များကို စစ်တပ်က သတင်းအမှောင်ချထားသည်။

စစ်တပ်က ပိတောက်ကန်ရွာအရှေ့ဘက် အိမ်ခြေ ၁၄၀၀ ကျော်ရှိသည် လက်ယက်မရွာကိုလည်း မေ ၁၄ ညနေ ၅ နာရီဝန်းကျင်တွင် ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ် Cross က ပြောသည်။

“လက်ယက်မက တစ်ရွာလုံးနီးပါးပါပဲဗျာ။ မီးရှို့တဲ့ ညကပဲ သွားငြှိမ်းကြတာ။ ညကြီး လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ၊ အငြှိမ်းမခံဘူး။ လက်နက်ကြီးနဲ့ ပစ်တော့ ကျွန်တော်တို့ ပြန်ပြေးလာရတယ်” ဟု ဗိုလ် Cross က ပြောသည်။​

“နောက်တော့ တိတ်တိတ်လေး ပြန်သွားငြှိမ်းကြသေးတယ်။ မီးက မနိုင်ပါဘူးဗျာ”

အိမ်ခြေ ၈၀၀ ကျော် မီးလောင်ပျက်စီးသွားဖွယ်ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။

တပ်က  လက်ယက်မရွာအရှေ့ဘက်တွင် တပ်စွဲထားဆဲဖြစ်သည်။ 

ထောင်နှင့်ချီသည့် လက်ယက်မရွာသားများမှာ ယခုနှစ်အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်၊ မေ ၁၄ မီးရှို့မှုကြောင့် လက်ယက်မရွာ၏ ပျက်စီးထိခိုက်မှုအခြေနေအသေးစိတ်ကိုမူ စာရင်းပြုလုပ်နိုင်ခြင်း မရှိကြသေးဟု ဆိုသည်။ 

အလားတူ ယမန်နေ့ (မေ ၁၅) နံနက် ၇ နာရီဝန်းကျင်တွင်လည်း ပိတောက်ကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံဝင်ရောက်၍ မီးရှို့မှုကြောင့် အိမ်ခြေ ၁၇ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဗိုလ် Cross က ပြောသည်။

မေ ၁၃ ကတည်းက စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာသား ၃၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သိရသည်။

ရွာများကို ဝင်ထွက် သွားလာရာတွင် ပြောက်ကျားတိုက်ခိုက်ခံရမည့်ရန်ကို ကာကွယ်ရန်အတွက် အရပ်သားများကို အကာအကွယ်ယူခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆကြသည်။ myanmar now

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အရှေ့ဘက် ၁ မိုင်လောက်အကွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား  ၆၀ ကျော်လောက်ကို မေလ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်က ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာဗန္ဓုလတပ်ရင်းက ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သလို မပြေးနိုင်တဲ့ တပ်ဖွဲ့ဝင်တယောက်ကိုလည်း  စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

ဘုတလင်PDF မဟာဗန္ဓုလတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “လက်နက်ကြီးတချက်ကျလို့ ကျနော်တို့ဘက်က ရဲဘော်တချို့ ဒဏ်ရာရတယ်။ အဲဒီထဲက ဒဏ်ရာနဲ့ မပြေးနိုင်တဲ့ ရဲဘော် အဆိတ် အသက် (၁၉ ) နှစ်ကတော့ မိသွားရင်း သေနတ်နဲ့ ၂၆ ချက်တိတိ မသေမချင်း ပစ်သတ်ခံလိုက်ရတယ်။ အဓိက လက်နက်မပြည့်စုံတာလည်း ပါတာပေါ့။ မိုင်းဆွဲရင်း ပြေးရင်း တိုက်ရတာဆိုတော့ မိမိဘက်မှာ အားနည်းချက်တွေ အများကြီးပဲ။ ဒီတိုက်ပွဲမှာ ကျနော်တို့ ဆိုင်ကယ်အစင်း ၆၀ ကျော်လည်း မီးရှို့ခံလိုက်ရတယ်။ တကယ်လို့သာ ကျနော်တို့မှာ လက်နက်ပြည့်စုံရင် ဒီလောက်ထိ ထိခိုက်မှာ မဟုတ်ပါဘူး။ ကျဆုံးရဲဘော်ကိုလည်း အလေးပြုအခမ်းအနားနဲ့ သင်္ဂြိုဟ်လိုက်ပါတယ် ” လို့ ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် မဟာဗန္ဓုလတပ်ရင်း ၊ ဘုတလင်မြို့နယ် Local PDF အဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ တရားဝင်အဖွဲ့စည်းအဖြစ် စာရင်းတင်သွင်းထားပြီး လက်နက်ခဲယမ်းလိုအပ်မှုကိုလဲ တင်ပြထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဘုတလင်မြို့နယ်တွင်း ကျေးရွာတချို့ကို စစ်ကောင်စီဘက်မှ ဆက်တိုက် စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ  အ ဆက်မပြတ်ပြုလုပ်နေပါတယ်။ DVB

တိုက်ပွဲဆက်နေသည့် ယင်းမာပင်ရှိ PDF ယာယီစခန်းတစ်ခု စီးနင်းခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ဆင်ရေးလုပ်နေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၁၅) နေ့လယ်ပိုင်းတွင် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (LPDF ) များထံမှ သိရသည်။

ထိုဒေသရှိ စီမံကိန်းများရန့်တန့်ရန် ဒေသတွင်းအဖွဲ့တို့က သတိပေးပြီးချိန် မေလ ပထမပတ်မှစ၍ စစ်ကောင်စီတပ်က အင်အား ၇၀ ကျော်နှင့် နယ်မြေရှင်းလင်းနေရာ နေ့စဉ်နီးပါး တိုက်ပွဲများရှိနေစဉ် စခန်းတစ်ခု စီးနင်းခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

စခန်းတည်နေရာနှင့် အသေးစိတ်အချက်အလက်များကို လုံခြုံရေးအရ ထုတ်မပြောသော်လည်း ယာယီတဲစခန်းသာဖြစ်၍ အသုံးအဆောင်အချို့ ပျက်စီးသည်မှအပ ထိခိုက်ဆုံးရှုံးမှုမရှိဟု ထိုဒေသတွင် စစ်ကောင်စီကို ခုခံနေသည့် LDF အဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

စတင်စီးနင်းသည်နှင့် တစ်ပြိုင်နက် ထမင်းစားဆောင်နှင့် ယာယီတဲများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်း၊ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပြန်လည်ခုခံနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသည့် အခြေအနေကို မသိရသေးပေ။

“ရဲဘော်တွေရဲ့ အင်္ကျီတွေ၊ အဝတ်အစားတွေ၊ ကျောပိုးအိတ်တချို့ပေါ့ (ပျက်စီးသွားတယ်)။ ရဲဘော်တွေ အများကြီးထားတဲ့ နေရာမဟုတ်ဘူး။ ယာယီတည်းခိုတဲ့စခန်းတစ်ခုပါ။ လက်နက်တွေတော့ မပါဘူး”

LDF စခန်းဝင်စီးသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယနေ့ (မေ ၁၆) နံနက်ပိုင်းတွင် ယင်းမာပင်နှင့် ဆက်လျက် ကနီမြို့နယ်ရှိ သမင်ခြံနှင့် မင်းမရွာအ နီးသို့ ရောက်လာသဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်သည်ဟု LPDF ဘက်က ပြောသည်။

“သမင်ခြံရွာနဲ့ အနောက်မြောက်ဘက်နားက တောမှာဖြစ်တာ။ ခုတော့ မုဌောဘက်ကို ရွေ့လျားသွားတယ်။ အသေအပျောက်တော့ မရှိဘူး” ဟု အထက်ပါ LPDF ခေါင်းဆောင်က ပြောသည်။

“မနက်က တောင်သူလုပ်နေတဲ့ ယာထွန်နေတဲ့ နှမ်းတို့လုပ်နေတဲ့ တောင်သူ ၃ ဦးကို ဖမ်းသွားတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက ဖြတ်ထားတဲ့အခါကျတော့ တောင်သူတွေက အခြေအနေတော့ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။

စစ်ကိုင်းတိုင်းအတွင်း ဆက်လျက်ရှိသည့် ကနီနှင့် ယင်းမာပင် နှစ်မြို့နယ်ပေါင်း LPDF အဖွဲ့ ၅၀ ခန့်ရှိသည်။ ကနီကို စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်သလို တစ်ဆက်တည်းရှိပြီး စစ်တပ်အကျိုးစီးပွားလုပ်ငန်းများရှိသည့် ယင်းမာပင်မြို့နယ်အတွင်းတွင်လည်း စစ်ဆင်ရေးလုပ်နေသည်။

စစ်တပ်နှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်၊ မြန်မာယန်စီတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ယင်းမာပင်မြို့နယ် လက်ပံတောင်းဒေသရှိ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းများကို ကာကွယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ဒေသခံတို့ အခက်တွေ့နေသည်ဟု LPDF များက ပြောသည်။

မေလ ပထမပတ်မှစ၍ ယင်းမာပင်မြို့နယ်ရှိ ရွှေပန်းခိုင်/ သဲတောကြီးရွာ၊ သီးကုန်းရွာ၊ နှောရိုးရွာ၊ ရွာသာရွာ၊ တရော်ကျင်းရွာတို့မှ နေအိမ်အလုံး ၁၀၀ နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထိုအဖွဲ့များက ဆိုသည်။

“(စစ်ကြောင်းက) တောတိုက်တွေထဲကို ဖြတ်သွားတာပေါ့။ တောတွေထဲမှာ စိုက်ခင်းတွေ လုပ်နေတဲ့ မိသားစုလိုက် နေကြတဲ့ တဲတွေရှိတယ်။ အဲဒီတဲတွေကိုတော့ မွှေပြီး လိုချင်တဲ့ ပစ္စည်းတွေယူသွားတယ်။ မွှေနှောက်သွားတယ်။ အဲဒီက ကြက်တွေ၊ ဝက်တွေတော့ ချက်စားသွားတယ်” ဟု LPDF အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုအခြေအနေကြောင့် ယင်းမာပင်မြို့နယ် တရော်ကျင်း၊ ကနီမြို့နယ်ရှိ ချောင်းမ၊ မင်းမ၊ သမင်ခြံ၊ မုဌော၊ လင်ပုန်းရည်တို့အပါအဝင် အနီ းအနားကျေးရွာ ၇ ရွာခန့်မှ ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သမင်ခြံရွာသားတစ်ဦးထံမှ သိရသည်။

“မနေ့ (မေ ၁၅) ညက မိုးရောလေရော ကျနေတယ်။ တောထဲတွေမှာ ကိုယ့်မိုးကာလေးတွေနဲ့ ကိုယ်တန်းလေးတွေထိုးပြီး အဲဒီအောက်တွေ ရှောင်ကြရတယ်” ဟု ၎င်းက ပြောသည်။

“တချို့ကျတော့လည်း လှည်းတွေနဲ့ ထွက်ပြီး ကိုယ့်လှည်းပေါ်အုပ်ပြီးတော့ မိုးရွာထဲမှာ လှည်းတွေအောက် ထိုင်နေကြရတယ်။ တော်တော်လေး ဒုက္ခရောက်နေကြတယ်”

အင်တာနက်ဖြတ်တောက်ထားသည့် ထိုဒေသများတွင် ပေါ်ပေါက်နေသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးပါ။ စစ်ကောင်စီကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Data for Myanmar အဖွဲ့၏ မေ ၁ ရက် စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ မီးလောင်ပျက်စီးသည့် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိကာ ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။

ထိုလုပ်ရပ်များကို စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။ သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အလားတူကျူးလွန်မှုများကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ယင်းမာပင်နှင့် ကနီမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ ခန့်မှန်းခြေ အနည်းဆုံး ၅၀ ကျော်ရှိပြီး ဖော်ဆောင်မည့်တိုက်ပွဲအလိုက် မဟာမိတ်တပ်ဖွဲ့များ၊ နယ်မြေချင်းထိစပ်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များအချင်းချင်း ချိတ်ဆက်ကာ စုဖွဲ့တိုက်ခိုက်နေခြင်းဖြစ်သည်။ myanmar now

ပြည်တွင်း စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက် ပြန်ကျဆင်း

စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက  မေလ ၁၆ ရက်ကနေ ၂၂ ရက် အတွက် သတ်မှတ်တဲ့ စားအုန်းဆီ လက်ကားရည်ညွှန်း ဈေးနှုန်းဟာ အရင်တပတ် သတ်မှတ်ဈေးနှုန်းထက်   လျော့နည်းကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တစ်ပိဿာကို  ၆၀၂၅ ကျပ် သတ်မှတ်ခဲ့ပြီးတော့  ကမ္ဘာ့စားအုန်းဆီဈေး အနည်းငယ် ကျဆင်းခဲ့လို့ အခုတစ်ပတ်မှာ တစ်ပိဿာကို အခြေခံလက်ကားရည်ညွှန်းဈေး  ၅၆၈၅ ကျပ် သတ်မှတ်လိုက်တာပါ။

ကော်မတီအနေနဲ့ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းအပေါ် အခြေခံပြီး သယ်ယူစရိတ်၊ ဘဏ်စရိတ်နဲ့ အခွန်အခ ကုန်ကျစရိတ်တွေ ထည့်သွင်း တွက် ချက် ကာ ပြည်တွင်းဈေးကွက်မှာ ရောင်း၀ယ် ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဥ် ထုတ်ပြန်ပေးနေတာပါ။

ပြည်တွင်းစျေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့နည်းနဲ့ လုပ်ဆောင်တာတွေ ရှိခဲ့ရင် ဥပဒေအရ အရေးယူမယ်လို့ သတိပေးထားပါတယ်။

ကော်မတီက အခုလိုဈေးနှုန်းသတ်မှတ် ထုတ်ပြန်ပေးနေပေမဲ့ လတ်တလော ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ လိုသလောက် ၀ယ်ယူရခက်တဲ့ပြဿနာ၊ ဈေးနှုန်းမတည်ငြိမ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

“ပွထလို့ပဲ စျေးတွေက၊  လိုသလောက်လည်း ၀ယ်လို့မရဘူး။ ဈေးတွေက အမျိုးမျိုးဖြစ်နေတော့ ရောင်းရချရတာ တော်တော်စိတ်ညစ်ရတယ်” လို့ လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။

လတ်တလော ပြည်တွင်းဈေးကွက်အတွင်းမှာ စာအုန်းဆီ တစ်ပိဿာကို နေရာဒေသအပေါ် မူတည်ပြီး  ကျပ် ၆၅၀၀ ကနေ  ၇၆၀၀ ကြား အရောင်းအ၀ယ် ပြုလုပ်နေကြတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ကျန်နေတဲ့ စားအုန်းဆီလက်ကျန်တွေကို စျေးကွက်ထဲ လွတ်လွတ်လပ်လပ် ထုတ်ယူဖြန့်ဖြူး ခွင့်မပြုဘဲ စစ်ကောင်စီက မေ ၁၀ က စတင်ကာ ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဈေးကွက်ထဲမှာ စားဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ၀ယ်ယူစုဆောင်းတာတွေ ရှိလာသလို  စားဆီ လက် လီလက်ကား ရောင်းချသူတွေမှာလည်း ၀ယ်ယူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တဘက်မှာလည်း စားအုန်းဆီ အပါအဝင် ပဲဆီ၊ နှမ်းဆီနဲ့ အခြား စားဆီဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ DVB

ရေစကြိုတွင် စစ်တပ်က ကျေးရွာ ၁၁ ရွာကို မီးတင်ရှို့ခဲ့သဖြင့် ပြည်သူပိုင် နေအိမ် ၁၄၅ လုံး မီးလောင် ပြာကျ ၊ စစ်ရှောင်ပြည်သူများ အရေးပေါ် အကူ အညီလိုအပ်နေ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၁၁ ရွာကို စစ်တပ်က မေလ ၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ၁၀ ရက်တာကာလ ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ပြည်သူပိုင်နေအိမ် ၁၄၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့ ဖြစ်သည့် သိမ်းငှက် အဖွဲ့ထံမှ သိရသည်။

စစ်တပ်က ရွှေလှံ ရွာမှ ပြည်သူပိုင်နေအိမ် ၃ လုံး၊ သာဂေါင်ရွာမှ ပြည်သူပိုင်နေအိမ် ၁ လုံး၊ ဖြုံဘူးရွာမှ ပြည်သူပိုင်နေအိမ် ၂ လုံး၊ မိဖုရားရွာမှ ပြည်သူပိုင် နေအိမ် ၁၁ လုံး၊ မဲကုန်း ရွာမှ ပြည်သူပိုင်နေအိမ် ၂ဝ လုံး၊ ကျွဲကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ ဆည်သည့်ရွာမှ ပြည်သူပိုင် နေအိမ် ၈ လုံး၊ မြေစွန်းရွာမှ ပြည်သူပိုင် နေအိမ် ၁၁ လုံး၊ ငတရော်ရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ မိုးကွဲရွာမှ ပြည်သူပိုင်နေအိမ် ၁၇ လုံး၊ တောင်ကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ ကိုင်းရွာမှ ပြည်သူပိုင် နေအိမ် ၅ လုံး၊ လှေခုတ်ရွာမှ ပြည်သူပိုင် နေအိမ် ၁၈ လုံး၊ သောင်ရှေ့ရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ မင်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ဘိုကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံးနှင့် ကံဦးရွာမှ ပြည်သူပိုင် နေအိမ် ၂၃ လုံး စုစုပေါင်း နေအိမ် ၁၄၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အဆိုပါ ကျေးရွာများရှိ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက် ပြေးနေရပြီး အနီးကျေးရွာများရှိ ပြည်သူများလည်း ထွက် ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် စားဝတ်နေရေး ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ khit thit

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာ သိမ်းစစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲပြီး  ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက  ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့  အမှု ၉ မှု နဲ့ တရားစွဲခံရတာပါ။

အဲဒီအမှုအတွက် ဒီကနေ့ မေလ ၁၆ ရက်က ကျိုက်မရောဗဟိုအကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ အဂတိအမှု အမှတ်စဉ် ၁ ကနေ ၆ ထိအတွက် တမှုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု အမှတ်စဉ် ၇ ကနေ ၉ ထိအတွက် တမှုကို ထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၉ နှစ် ၊ စုစုပေါင်း ၂၁ နှစ် အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က အယူခံတက်ဖို့ ဆန္ဒ မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ 

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုအားလုံးအတွက် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ထွက်ဆိုထားသလို အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး သက်သေပြနိုင်တာမရှိဘဲ စစ်ကောင်စီက အခုလို ထောင်ဒဏ်ချခဲ့တာပါ။ 

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပြီး၊ အခုချမှတ်လိုက်တဲ့ ထောင်ဒဏ် ၂၁ နှစ်နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော် သြဇာသုံးမှု အမှု ၃ မှုနဲ့ တရားရင် ဆိုင်နေဆဲ ဖြစ်ပါတယ်။ DVB

မန္တလေးတွင် NLD ပါတီဝင်တစ်ဦး အဖမ်းခံရ၊ မည်သည့်အဖွဲ့လက်ချက်ဟု မသိရ

မန္တလေးမြို့တွင် ယနေ့ (မေ ၁၆) နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသားတစ်ဦး အဖမ်းခံရပြီး မည်သည့်အဖွဲ့လက်ချက်ဟု မသိရကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။ 

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ ဦးခင်ဇော်သက်ကို အရပ်ဝတ်လက်နက်ကိုင် ခြောက်ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူ အမျိုးသားက Myanmar Now ကို ပြောသည်။​

“မက်တူးကားနဲ့ လာဖမ်းတာ။ ဘယ်အဖွဲ့က ဖမ်းသွားတာမှန်း မသိရဘူး။ သူ့အိမ်က နယ်မြေရဲစခန်းဖြစ်တဲ့ အမှတ် (၇) ကို ဆက်သွယ်ကြည့်တော့ သူတို့ဆီ ဖမ်းထားတာ မရှိဘူးလို့ အကြောင်းပြန်လာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းက ပြောသည်။ 

အသက် ၅၀ အရွယ် ဦးခင်ဇော်သက်သည် အာဏာသိမ်းပြီး ခြောက်လခန့်အကြာ ဆန္ဒပြမှုတစ်ခုတွင် ပါဝင်မှုကြောင့် ၅၀၅-က ဖြင့် ဖမ်းဆီးတ ရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရင်း သုံးလခန့်အကြာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်ဟု သိရသည်။ 

မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရသည့်အတွက် မိသားစုနှင့် မိတ်ဆွေများက အသက်အန္တရာယ် စိတ်ပူနေရသည်ဟု ဆိုသည်။​

ဦးခင်ဇော်သက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နယ်မြေခံရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအ ဆက်အသွယ်မရသေးပေ။​

မန္တလေးမြို့တွင် နေ့စဉ်နှင့်အမျှ အဖမ်းအဆီးကြမ်းနေပြီး ယခုလ ၆ ရက်ကလည်း စိန်ပန်းရပ်၌ပင် အမျိုးသားငါးဦးကို မည်သူမည်ဝါ မသိရသော အရပ်ဝတ်လက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားကာ ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက်နေသည်ဟု သိရသည်။  

ပြီးခဲ့သည့်လအတွင်း သွေးသောက်အမည်ခံ အဖွဲ့တစ်ခု ပေါ်ပေါက်လာပြီးနောက် မန္တလေးမြို့တစ်ဝိုက်တွင် NLD ပါတီဝင်များနှင့် နီးစပ်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိလာသည်။​

ထိုသွေးသောက်အဖွဲ့က ဧပြီလနှောင်းပိုင်းတွင် NLD ပါတီနှင့် ဆက်စပ်သူ ခြောက်ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ယခုလအတွင်း၌လည်း သတ်ဖြတ်မှုများရှိသည်။ 

NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို ပစ်မှတ်ထားသတ်ဖြတ်မည်ဟု သွေးသောက်အဖွဲ့က ထုတ်ပြန်ကြေညာထားသည့်နည်းတူ လုပ်ကြံသတ်ဖြတ်ခံရမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် အများပြည်သူ၏လုံခြုံမှု ပျက်ယွင်းသွားသည်ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရပ်ကွက်ထဲမှာ သူဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်နေသူတွေတောင်မှ ကောင်းကောင်းမွန်မွန်နေရတယ် မရှိဘူး။ မထင်ရင်မထင်သလို ဖမ်းဆီးခံရတယ်။ သူတို့လက်ထက်မှာ ကိုယ့်အိမ်မှာ ကိုယ်နေနေတာတောင် မလုံခြုံသလို ခံစားနေရတယ်။ သူတို့လက်ထက် ဒါတွေပဲ တိုးတက်လာပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

ယင်းသွေးသောက်အဖွဲ့မှာ စစ်ကောင်စီဖွဲ့စည်းပေးထားသည့် လူသတ်အဖွဲ့သာဖြစ်သည်ဟုလည်း ၎င်းက ယူဆသည်။ 

“စစ်ကောင်စီနဲ့ သွေးသောက်၊ သွေးသောက်နဲ့ စစ်ကောင်စီ၊ ဒါပါပဲ၊ တစ်ဖွဲ့တည်း သူတို့ပါပဲ” 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း သွေးသောက်အဖွဲ့သည် စစ်ကောင်စီလက်ချက်ပင်ဖြစ် ကြောင်း၊ မြေပြင်တွင် အထိနာနေသော စစ်ကောင်စီက ကြံရာမရဖြစ်ကာ နောက်ဆုံးနည်းလမ်းသုံးနေခြင်းဖြစ်ကြောင်း ပြောသည်။​

စစ်ကောင်စီစီမံခန့်ခွဲမှုဖြင့် သွေးသောက်အဖွဲ့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ သက်သေအထောက်အထားအချို့လည်း ရရှိထားပြီး ပြည့်စုံပါက အသိပေးထုတ်ပြန်သွားရန်ရှိသည်ဟုလည်း ဦးရည်မွန်က ယခုလအတွင်း Myanmar Now ကို ပြောဆိုထားသည်။​​

စစ်ကောင်စီကမူ ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးသလို သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပေ။ myanmar now

ခင်ဦးမြို့နယ် အင်းပတ်ရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုးပြောက်ကျား Local PDF ထံက သိရသည်။

ရေဦးမြို့တွင်ရှိသည့် စစ်ကောင်စီတပ်သည် မေလ ၁၃ ရက်တွင် ကားဆိပ်ရွာကို စတင်ဝင်ရောက်ကာ အနီးရှိ အရာတော်ရွာ၊ မကျည်းအုပ်ရွာ၊ မြို့သစ်ကံကြီးကုန်းရွာ၊ ရွှေယမင်းရွာ၊ သိမ်တော်ရွာနှင့် ကျွန်းလည်ရွာ များကို ဝင်ရောက်မွှေနှောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် ယနေ့ မေလ ၁၆ ရက်တွင် အင်းပတ်ရွာကို ရောက်ရှ်ိလာခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“မနက်က အင်းပတ်ရွာထဲကို ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းမှာ အီနီဂါတပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက်အခြေအနေတော့ မသိရသေးဘူး။ အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရွာထဲကို တခါပစ်ရင် အိမ်တစ်လုံးကို မီးရှို့ပြနေတယ် ” ဟု နတ်ဆိုးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုဂျိမ်းက ပြောသည်။

စစ်ကောင်စီတပ် ယနေ့ နံနက်ပိုင်းက စတင်ဝင်ရောက်ကာ မီးရှို့နေသည့် အင်းပတ်ရွာအတွင်းရှိ အခြေအနေများကို မသိရှိရသေးသလို လက်ရှိအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းတွင် အင်တာနက်ဖြတ်တောက်ထားကာ ပျူစောထီးများဖြင့် ပူးပေါင်းပြီး ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ mizzima

ကွတ်ခိုင်မြို့ စစ်ရှောင်စခန်းရှိ ပြည်သူများကို MNDAA ကိုးကန့်တပ်ဖွဲ့ ဝင်ရောက် ဖမ်းဆီး

ရှမ်းပြည်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် စစ်ရှောင်စခန်းတစ်ခုရှိ စစ်ရှောင်ပြည်သူ ၁၂ ဦးကို MNDAA ကိုးကန့်တပ်ဖွဲ့မှ စစ်ရှောင်စခန်းအတွင်းထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်၊ ပန်လော့စစ်ရှောင်စခန်းသို့ မေလ ၁၅ ရက် ည ၉ နာရီဝန်းကျင်က MNDAA တပ်သား ၂၀ ဦးခန့်ရောက်ရှိလာပြီး စစ်သား စု ဆောင်းရန်အတွက် စစ်ရှောင်ပြည်သူများကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ကိုးကန့်စစ်သား ၂၀ ကျော်တယ်။ ဘယ်ကနေဘယ်လိုရောက်လာမှန်းလဲမသိဘူး။ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ရှာပြီး ယောက်ကျားလေး ၁၂ ယောက်ကို ခေါ်သွားတယ်။ စစ်သားကောက်တာလို့တော့ သူတို့ကပြောတယ်။ အိမ်တစ်အိမ်မှာဆို သူ့မိန်းမက သူ့ယောကျ်ားကို ပြန်ဆွဲတာ၊ အဲ့ဒါကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်”ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မေ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် MNDAA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ ၁၂ ဦးအနက် ခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ကျန် ငါးဦး ကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

ပန်လော့စစ်ရှောင်စခန်းသည် လီဆူတိုင်းရင်းသားများ နေထိုင်သော စစ်ရှောင်စခန်း တစ်ခုဖြစ်သည်။ mizzima

« Older Entries