မန္တလေးတွင် NLD ပါတီဝင်တစ်ဦး အဖမ်းခံရ၊ မည်သည့်အဖွဲ့လက်ချက်ဟု မသိရ

မန္တလေးမြို့တွင် ယနေ့ (မေ ၁၆) နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသားတစ်ဦး အဖမ်းခံရပြီး မည်သည့်အဖွဲ့လက်ချက်ဟု မသိရကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ ဦးခင်ဇော်သက်ကို အရပ်ဝတ်လက်နက်ကိုင် ခြောက်ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူ အမျိုးသားက Myanmar Now ကို ပြောသည်။
“မက်တူးကားနဲ့ လာဖမ်းတာ။ ဘယ်အဖွဲ့က ဖမ်းသွားတာမှန်း မသိရဘူး။ သူ့အိမ်က နယ်မြေရဲစခန်းဖြစ်တဲ့ အမှတ် (၇) ကို ဆက်သွယ်ကြည့်တော့ သူတို့ဆီ ဖမ်းထားတာ မရှိဘူးလို့ အကြောင်းပြန်လာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းက ပြောသည်။
အသက် ၅၀ အရွယ် ဦးခင်ဇော်သက်သည် အာဏာသိမ်းပြီး ခြောက်လခန့်အကြာ ဆန္ဒပြမှုတစ်ခုတွင် ပါဝင်မှုကြောင့် ၅၀၅-က ဖြင့် ဖမ်းဆီးတ ရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရင်း သုံးလခန့်အကြာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်ဟု သိရသည်။
မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရသည့်အတွက် မိသားစုနှင့် မိတ်ဆွေများက အသက်အန္တရာယ် စိတ်ပူနေရသည်ဟု ဆိုသည်။
ဦးခင်ဇော်သက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နယ်မြေခံရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအ ဆက်အသွယ်မရသေးပေ။
မန္တလေးမြို့တွင် နေ့စဉ်နှင့်အမျှ အဖမ်းအဆီးကြမ်းနေပြီး ယခုလ ၆ ရက်ကလည်း စိန်ပန်းရပ်၌ပင် အမျိုးသားငါးဦးကို မည်သူမည်ဝါ မသိရသော အရပ်ဝတ်လက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားကာ ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်လအတွင်း သွေးသောက်အမည်ခံ အဖွဲ့တစ်ခု ပေါ်ပေါက်လာပြီးနောက် မန္တလေးမြို့တစ်ဝိုက်တွင် NLD ပါတီဝင်များနှင့် နီးစပ်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိလာသည်။
ထိုသွေးသောက်အဖွဲ့က ဧပြီလနှောင်းပိုင်းတွင် NLD ပါတီနှင့် ဆက်စပ်သူ ခြောက်ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ယခုလအတွင်း၌လည်း သတ်ဖြတ်မှုများရှိသည်။
NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို ပစ်မှတ်ထားသတ်ဖြတ်မည်ဟု သွေးသောက်အဖွဲ့က ထုတ်ပြန်ကြေညာထားသည့်နည်းတူ လုပ်ကြံသတ်ဖြတ်ခံရမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အများပြည်သူ၏လုံခြုံမှု ပျက်ယွင်းသွားသည်ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရပ်ကွက်ထဲမှာ သူဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်နေသူတွေတောင်မှ ကောင်းကောင်းမွန်မွန်နေရတယ် မရှိဘူး။ မထင်ရင်မထင်သလို ဖမ်းဆီးခံရတယ်။ သူတို့လက်ထက်မှာ ကိုယ့်အိမ်မှာ ကိုယ်နေနေတာတောင် မလုံခြုံသလို ခံစားနေရတယ်။ သူတို့လက်ထက် ဒါတွေပဲ တိုးတက်လာပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ယင်းသွေးသောက်အဖွဲ့မှာ စစ်ကောင်စီဖွဲ့စည်းပေးထားသည့် လူသတ်အဖွဲ့သာဖြစ်သည်ဟုလည်း ၎င်းက ယူဆသည်။
“စစ်ကောင်စီနဲ့ သွေးသောက်၊ သွေးသောက်နဲ့ စစ်ကောင်စီ၊ ဒါပါပဲ၊ တစ်ဖွဲ့တည်း သူတို့ပါပဲ”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း သွေးသောက်အဖွဲ့သည် စစ်ကောင်စီလက်ချက်ပင်ဖြစ် ကြောင်း၊ မြေပြင်တွင် အထိနာနေသော စစ်ကောင်စီက ကြံရာမရဖြစ်ကာ နောက်ဆုံးနည်းလမ်းသုံးနေခြင်းဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီစီမံခန့်ခွဲမှုဖြင့် သွေးသောက်အဖွဲ့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ သက်သေအထောက်အထားအချို့လည်း ရရှိထားပြီး ပြည့်စုံပါက အသိပေးထုတ်ပြန်သွားရန်ရှိသည်ဟုလည်း ဦးရည်မွန်က ယခုလအတွင်း Myanmar Now ကို ပြောဆိုထားသည်။
စစ်ကောင်စီကမူ ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးသလို သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပေ။ myanmar now