Monthly Archives: May 2022

NLD ပါတီထောက်ခံသူ စားသောက်ဆိုင်ပိုင် ရှင်အမျိုးသမီး ထောင် ၁၅ နှစ်ချခံရ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတစ်ဦးဖြစ်သော မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ‘မေမြို့အိမ်’ စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ခြောက်လအကြာတွင် ထောင် ၁၅ နှစ်ချမှတ်လိုက်ကြောင်း မန္တလေးရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။ 

ပရဟိတလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးလည်းဖြစ်သော အသက် ၃၅ နှစ်အရွယ် မပိုပြည့်သူမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် ဖမ်းဆီးခံရခြင်းဖြစ်ကာ ယခုလ ၁၃ ရက်တွင် ပုဒ်မလေးခုဖြင့် ထောင်ချခံရခြင်းဖြစ်သည်။

“၅၀၅-က အတွက်က ၃ နှစ်။ မတရားအသင်း၁၇(၁)အတွက်က ၂ နှစ်။ အကြမ်းဖက် ၅၂ (က) က ၅ နှစ်။ ၅၂ (ခ) က ၅ နှစ် စုပေါင်းပြီးချလိုက်တာ” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုအမှုများ စီရင်ချက်ချပြီးသော်လည်း ပြင်ဦးလွင်ခရိုင်တရားရုံးတွင်လည်း အမှုထပ်မံရင်ဆိုင် ရန်ရှိနေသည်ဟု ယင်းရှေ့နေက ဆိုသည်။​

“တစ်မှုထင်တယ် ကျန်သေးတာ။ ခရိုင်ရုံးမှာလို့ သိရတယ်။ သူ့ရဲ့ရှေ့နေ မဟုတ်တော့ ဘာအမှုလဲ အတိအကျတော့ မသိဘူးဗျ” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့သူဟု စွပ်စွဲကာ မပိုပြည့်သူကို စစ်ကောင်စီက ပြင်ဦးလွင်အထွက် နောင်ချိုမြို့ရှိ နေအိမ်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ပြင်ဦးလွင်က စားသောက်ဆိုင်ကိုလည်း ချိတ်ပိတ်သေးတယ်လို့ကြားတယ်။ အဲဒီနောက် စစ်ကြောရေးကနေလွန်တော့ တရားရင်ဆိုင်နေရင်း အခုအမိန့်ချလိုက်တာပေါ့။ ကျန်းမာရေးတော့ ကောင်းတယ်ကြားပါတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူသည် ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ခြင်း၊ ကလေးသူငယ်များကို ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ ဆေးကုသရန် ခက်ခဲသူများကို ဆေးဝါးနှင့် ဆေးကုသစရိတ်ထောက်ပံ့ ခြင်း စသည့်ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

NLD ပါတီထောက်ခံသူတစ်ဦးဖြစ်သောကြောင့် စစ်ကောင်စီ အပြစ်ရှာခြင်းဖြစ်နိုင်သည်ဟု မပိုပြည့်သူ၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“အစ်မက စိတ်ထား အရမ်းကောင်းတာ။ အလှူအတန်းလည်း အရမ်းရက်ရောတာ။ ပါတီထောက်ခံသူဖြစ်တာနဲ့ပဲ မတရားအငြှိုးထားပြီး အမှုစွဲဆိုခံရတာ” ဟု ၎င်းက ပြောသည်။

မပိုပြည့်သူ အဖမ်းခံရပြီး တစ်လနီးပါးအကြာ နိုဝင်ဘာလယ်ပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ ပရဟိတအသင်းရုံးတစ်ခုကို စစ်တပ်က ဝင်စီးကာ အသင်းဥက္ကဋ္ဌဖြစ်သူ အမျိုးသမီးကို ဖမ်းဆီးခဲ့သည်။

ရွှေမဟာနွယ်ပရဟိတအသင်းဉက္ကဋ္ဌ အသက် ၄၃ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်းကို အာဏာဖီဆန်ရေးလှုပ် ရှားမှု (CDM) ပါဝင်သူဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရွှေမဟာနွယ်ပရဟိတ သွေးလှူအသင်းနှင့်လူမှုကယ်ဆယ်ရေး အသင်းသည် ပရဟိတကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းအပြင် စစ်ဘေးရှောင်နှင့်မိဘမဲ့ ကျောင်းများအတွက် အဝတ်အထည်နှင့်ဆေးဝါးများ ရှာဖွေလှူဒါန်းပေးနေသောအသင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအသင်းဥက္ကဋ္ဌဖြစ်သူ မနွယ်နွယ်ဝင်းမှာ လက်ရှိအချိန်ထိ အိုးဘိုထောင်တွင်း တရားရုံး၌ အမှုရင်ဆိုင် နေရဆဲဖြစ်သည်ဟု သိရသော်လည်း အသေးစိတ် မသိရပေ။

စစ်ကောင်စီ၏လက်ထက်တွင် နိုင်ငံတဝန်းရှိ ပြည်သူများ ဘေးဒုက္ခမျိုးစုံကြုံနေရပြီး အသက်အန္တရာယ် မလုံခြုံမှုများပါ နေ့စဉ်ခံစားနေကြရသည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

“ပရဟိတသမားမှ မဟုတ်ဘူး။ တစ်နိုင်ငံလုံးလူမျိုးစုံပါပဲ။ ဘေးဒုက္ခတွေကြုံနေရတယ်။ စားဝတ်နေရေး တွေခက်ခဲကြပ်တည်းလာတယ်။ ခုလမ်းသွားရင်းတောင် ဘယ်အချိန်ပစ်သတ်ခံရမလဲ စိုးထိတ်နေရတဲ့ အခြေအနေပေါ့နော်။ ဒို့ဘဝတွေလုံခြုံမှုမ ရှိတော့ဘူ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ  စစ်ကောင်စီလက်ထဲတွင် မပိုပြည့်သူကဲ့သို့ မတရားချုပ်နှောင်ခံထားရသူ  ၁၀၆၅၀ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။  ၎င်းတို့အနက်မှ ၁၀၆၇ ဦး  ထောင် ဒဏ် ချမှတ်ခြင်းခံထားရသည်ဟု AAPP ၏ မေ ၁၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ myanmar now

မအူပင်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ

ဧရာ၀တီတိုင်း၊ မအူပင်မြို့၊ မြို့ရှောင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ New Talent Industrial အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့  အလုပ်သမားတွေထံက သိရပါတယ်။ 

အထည်ချုပ်စက်ရုံကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားတွေကို လုပ်ခ လစာ ၁ လကျော်မှ ပေးတာတွေ ရှိသလို လုပ်ငန်းခွင်မှာ ဆဲဆိုတာတွေပါ ပြုလုပ်နေတာလို့ ဒေသခံ အလုပ်သမားတွေက ပြောပါတယ်။ 

“အလုပ်သမားတွေကို ၁ လကျော်ကြာမှ လစာပေးတယ်။ ပြီးတော့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေကို ဆဲဆိုတာတွေပါ ခံနေရတာ။ သူတို့က မြန်မာနိုင်ငံလာပြီး လုပ်ချင်တိုင်း လုပ်နေကြတာ”လို့ ဒေသခံ အလုပ်သမားတဦးက ပြောပါတယ်။ 

အလုပ်သမားတွေအခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တိုင်စရာနေရာမရှိတာကြောင့် စက်ရုံက နိုင်ငံခြားသားတွေ ဆဲဆိုသမျှကို ခံနေရတယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် စက်ရုံက အလုပ်စခေါ်ချိန်မှာ အလုပ်လာလျှောက်သူ များပြားပြီး လုပ်ငန်းခွင်ထဲရောက်မှ ခုလို ဆဲဆိုတာမျိုးတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတာလို့ သိရပါတယ်။ 

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများနဲ့ပတ်သက်ပြီး စက်ရုံ ဖုန်းကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ DVB

စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အသေအ ပျောက်များနိုင်

စစ်ကိုင်း-မုံရွာကားလမ်းပေါ်၊ ညေင်ပင်ဝန်းကျေးရွာ အနီးတွင်၊ ယနေ့ နံံနက်ပိုင်းက စစ်ကား ၁၂ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရပြီး အသေအပျောက်များနိုင်ကြောင်း သတင်းရရှိသည်။

“အဲဒီ စကစ (စစ်ကောင်စီ) ယာဉ်တန်း မုံရွာဘက် အထွက်ကို ဖရဲသီး သတင်းအရ တောမုဆိုးအဖွဲ့က မိုင်းဆွဲတာ၊ အဆွဲခံရတာက ညောင်ပင်ဝန်းနဲ့ နုံးတွင်းရွာ ကြားမှာဗျ၊ စစ်သားတွေ အသေအပျောက်များနိုင်တယ်၊ စစ်ကိုင်းက လူနာတင်ကားတွေ အများကြီး ထွက်သွားကြတာ တွေ့တယ်” ဟု စစ်ကိုင်းမြို့ခံ သတင်းရင်းမြစ် ကပြောသည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ဦးတည်သည့် စစ်ယာဉ်တန်းတွင် ရိက္ခာတင်ယာဉ် ခြောက်စီး ပါဝင်ကြောင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကားလေးစီး ပျက်စီးပြီး ရပ်တန့်ထားရကာ ကျန်ရှစ်စီး မုံရွာမြို့ဘက် ဆက်ထွက်သွားကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ဇင်ယော်နီပြောက်ကျားအဖွဲ့၊ ဇာမဏီပြောက်ကျားအဖွဲ့တို့နှင့် ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီတပ် သေ ဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း ဒေသကာကွယ်ရေး တောမုဆိုးပြောက်ကျားအဖွဲ့က ထုတ်ပြန်ထား သည်။

ထို့အတူ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမြို့ဘက်မှ မြင်းမူမြို့ဘက်သို့ လာသည့် စစ်ကောင်စီတပ်ဖွဲ့ နတ်ရေကန်နှင့် ငါးယှန်အ ကြား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ငါးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။mizzima

ဒီးမော့ဆို၊ စစ်တပ်နှင့်ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေ၊ မြောင်တွင် အိမ်စီးကားဖြင့် လာသည့် စစ်တပ် မိုင်းဆွဲခံရပြီး ခါးပြတ်သူ ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အများပြည်သူပိုင် အိမ် ၁ လုံးပေါ်တွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မေလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ သေဆုံးသွား‌သောစစ်သား အလောင်း ၅ လောင်းကို ကားဖြင့် ပြန်လည် သယ်ယူနေသည်ကို မြင်တွေ့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများကို ဒီးမော့ဆို PDF ဗျူဟာ ၁ A၊ B၊ D၊ F တပ်ရင်း၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း၊ လွိုင်ကော် PDF နှင့် KRU အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ မေလ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးဘက်မှ မောင်းနှင်လာသော စစ်သား ၇ ဦးပါ အံစာတုံးကားကို နတ်ရေကန်နှင့် ငါးရှန်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ခါးပြတ်သွားသူ တစ်ဦး အပါအဝင် စစ် သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM က သတင်းထုတ်ပြန် သည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM၊ ပြည်သူ့တပ်မတော် မြောင်၊ စစ်ကိုင်းတိုင်းတပ်ရင်း ၁၊ ၂ တပ်ခွဲ ၃၊ ကန္တာရသိန်းငှက်၊ တူမီးဖိုက်တာ၊ Black Eagle Defense Force၊ Chaung U Revolution Army၊ Myinmu Civil revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ဂွေးပင်တောလမ်းပိုင်း ၁ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် ကာ ကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကို အကြမ်းဖက်စစ်သားများက ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များ ထွက်ပြေးခဲ့ရသည်ဟု C DSOM က ထုတ်ပြန်ထားသည်။ khit thit

ဖယ်ခုံအင်းအနီး စစ်တပ်စခန်းချသည့် ဆောင်နန်းခဲရွာ မီးလောင်

စစ်ကောင်စီတပ် စခန်းချထားသည့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာတွင် ယမန်နေ့ (မေ ၁၆) ညနေက နေအိမ်များ မီးရှို့ခံရကြောင်း မျက်မြင်တွေ့ရှိသူနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တို့ထံမှ သိရသည်။

ညနေ  ၅ နာရီခန့်တွင် တစ်ရွာလုံး မီးလောင်ကျွမ်းနေသည်ကို ရွာနှင့် သုံးမိုင်ခန့်အကွာ ဖယ်ခုံအင်း ရေလယ်ကျွန်းပေါ်မှ မြင်တွေ့ခဲ့ရသည်ဟု အသက် ၂၅နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းမှာ ထိုရွာနှင့် ၆ မိုင်ခန့်အကွာ နန်းဆွတ်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။

ဆောင်နန်းခဲရွာနှင့် ၈ မိုင်အကွာ ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်စခန်းကို မေ ၁၂ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သိမ်း ၍ ၁၅ ဦးသေ၊ ၅ ဦး ဖမ်းခံရပြီးနောက် ဖယ်ခုံအင်းတစ်ဝိုက် စစ်ကောင်စီက နယ်မြေရှင်းလင်း ရေးလုပ်နေဖြင့်  အိုးအိမ်စွန့်ခွာတိမ်းရှောင် နေရသူများအနက် တစ်ဦးဖြစ်သည်။

“တစ်ရွာလုံး မီးခိုးတွေနဲ့ အကုန်လုံးလောင်သွားတာ၊ ညအချိန်ထိ မီးတောက်တွေက မြင်နေရတာပေါ့နော်။ ပြီးတော့ မနက်ပိုင်းက မီးတောက်တော့ မတွေ့ရတော့ဘူး၊ မီးခိုးနည်းနည်းပဲ ကျန်တော့တာပေါ့”ဟု ၎င်းက ပြောသည်။

ဆောင်နန်းခဲရွာအတွင်း စစ်တပ်ရှိနေဆဲဖြစ်၍ ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

Facebook တွင် ပျံ့နှံ့နေသည့် ကောင်းကင်ဓာတ်ပုံများအရ ဖယ်ခုံအင်း အရှေ့မြောက်ဘက်ကမ်းရှိ အိမ်ခြေ ၅၅ လုံး၊ လူဦးရေ ၃၄၅ ယောက်နေထိုင်သည့် ဆောင်နန်းခဲရွာအနှံ့ မီးလောင်ကျွမ်းနေသည်ကို တွေ့ရသည်။

မေ ၁၂ ရက် ထီရိကျေးရွာ စခန်း PDF သိမ်းခံရချိန်ကတည်းက စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခံရသည့် ဆောင်နန်းခဲရွာခံများ တိမ်းရှောင်နေကြသည်၊ ယခု မီးရှို့ခံရသည့် ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိဟု ဒေသခံအချို့က ပြောသည်။

ရွာမီးရှို့မခံရမီ တစ်ရက်အလို မေလ ၁၅ ရက်တွင် ဆောင်နန်းခဲရွာအနီး  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်လေယာဉ်လာရောက် ဗုံးကြဲအပြီး ထိုနေ့ညတွင်ပင် ဒေသခံကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

ထိုတိုက်ပွဲအပြီး ရွာအရှေ့ဘက်တောင်ကုန်းပေါ်တွင် စစ်ကောင်စီ တပ်စွဲနေသဖြင့် ရွာနီးချုပ်စပ်ဖြစ်သည့် လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်ရွာများမှ ဒေသခံတို့ပါ ထွက်ပြေးနေရကြောင်း ၎င်းထံမှ သိရသည်။

“ဆောင်နန်းခဲရွာမှာက စစ်တပ်ပဲ ကျန်တာဗျ။ သူတို့ လေယာဉ်လာကတည်းက ဘယ်သူမှမရှိတော့ဘူး။ သူတို့ပဲ ကျန်ခဲ့တာ။ သေချာတာတော့ သူတို့ရှို့တာပဲ။ ကိုယ်တိုင်မမြင်ပေမယ့် ဒီမှာ ဘယ်သူမှ မရှိတော့တာ” ဟု ၎င်းက ပြောသည်။

ရွာ အရှေ့ဘက်တောင်ကုန်းတွင် စစ်တပ်ရောက်ရှိနေကြောင်း၊ ယနေ့ (မေ ၁၇)ရက် နံနက်အထိ တပ်စွဲထားကြောင်း ဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသ၍ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“ရွာနဲ့ကပ်လျက်တောင်ပေါ်မှာပဲရောက်နေတာ စစ်တပ်က။ အဲဒီနားမှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ကျွန်တော်တို့ လူတွေက နောက်တစ်ဆင့်ဆုတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။

“ဗုံးကြဲပြီးတော့ အဲနားမှာ နေလိုက်တော့တာ။ (စစ်တပ်က) နေနေတော့ ကျွန်တော်တို့ ရဲဘော်ရဲ့အလောင်းတောင် ခုချိန်ထိ မကောက်နိုင်သေးဘူးလေ” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ယနေ့(မေ ၁၇)ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ ဖယ်ခုံအင်း အနောက်ဘက်ရှိ ဟိုတိန်းတောင်မှ လှေများဖြင့် ရောက်ရှိလာသည့် PDF (ဒေသခံကာကွယ်ရေးအဖွဲ့)များက ဆောင်နန်းခဲကျေးရွာကို မီးရှို့သည်ဟု ဖော်ပြထားသည်။

မီးရှို့မှုမှာ စစ်ကောင်စီတပ်၏လက်ချက်သာဖြစ်သည်ဟု အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။

“ဒီရွာမှ မီးရှို့တာမဟုတ်ဘူးလေ၊ သူတို့ လုပ်ရိုးလုပ်စဉ်ပဲ။ ဟိုမှာ စစ်ကိုင်းဘက်မှာလည်း မီးရှို့တယ်။ ဒီးမော့ဆိုဘက်မှာလည်း မီးရှို့သွားတယ်၊ မိုးဗြဲမှာ ဖြစ်တုန်းကလည်း သူတို့မီးရှို့တယ်”ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

“နေရာတိုင်း သူတို့ရှို့နေတယ်လေ။ ဒီတစ်ခုကိုမှ ကွက်ပြီးတော့ PDF တွေက ရှို့တယ်ဆိုတော့ လူရယ်စရာ ဖြစ်နေတာပေါ့” 

စစ်တပ်က ထိုသို့ ရန်ရှာသဖြင့် တောင်ယာစပါး စိုက်ပျိုးရန် မြေထွန်ယက်ပြီးချိန်တွင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် လွိုင်ကော်မြို့သို့ မိသားစုလိုက် ထွက်ပြေးခဲ့ရသည့်အတွက် ဘဝရပ်တည်ရေး ဒုက္ခတွေ့ နေကြောင်း အသက် ၆၂ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

“နောက်ဆုံးကျတော့ ထွက်ပြေးရုံတင်မကဘူး၊ အိမ်လည်း မီးလောင်သွားပြီဆိုရင် အရမ်းပူပန်နေရတယ် ပေါ့နော်။ လာမယ့်နှစ်ကျရင် ဘာစားမလဲ၊ နေရေးထိုင်ရေး ဘယ်လိုနေမလဲ တချိန်လုံးငိုနေတယ်၊ ကလေးတွေ။ တစ်ခါမှလည်း အတွေ့အကြုံမရှိတဲ့အခါကျတော့ ဘယ်လိုမှ မပြောတတ်တော့ဘူး”

ဆောင်နန်းခဲရွာတွင် ၂၀၂၀ ကမှ ဆောက်လုပ်ပြီးစီးသည့် နှစ်ထပ်တိုက်တွင် ပရိဘောဂ အစုံအလင်ရှိကာ ဝမ်းစာအတွက် သိုလှောင်ထားသည့် စပါးကျီပါ ချန်ထားခဲ့ရကြောင်း အထက်ပါ ဒေသခံက ဆက်ပြော သည်။

လက်တလောတွင် စစ်ရေးတင်းမာနေသည်ဖြစ်၍ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသ ခံ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ တိမ်း ရှောင်နေရကြောင်း ဒေသခံတို့က ဆိုသည်။

“သူတို့ (စစ်တပ်) ဝင်လာရင်တော့ လွယ်ပေါ (မီး) လောင်ရင် နန်းပေါ်လုံ(ရွာ) လည်း လောင်မှာပဲ။ နန်းဆွတ် လည်း လောင်မှာပဲ။ သုံးရွာက ဆက် နေတော့လေ”ဟု အထက်ပါ အသက် ၂၅နှစ်အရွယ် နန်းဆွတ်ရွာခံက ပြောသည်။

“မိုးဗြဲဘက်မှာလည်း အများကြီးလောင်ပြီးပြီလေ သူများအိမ်တွေ။ ဒီဘက်မှာ လောင်ရင်လည်း မတတ်နိုင်တော့ဘူးလေ။ တတ်နိုင်သလောက်တော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကတော့ အကုန်လုံး သယ်ပြီးသလောက်တော့ ရှိပါပြီ”  

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကယား (ကရင်နီ) ဒေသ၌ စစ်တပ်လက်ချက်ဖြင့် ပျက်စီးခဲ့သည့် နေအိမ်၊ အဆောက်အဦ ၆၀၀ ကျော်ရှိကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က ယခုလ အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ၎င်းတို့ကို ခုခံသည့် နိုင်ငံအနှံ့ ဒေသအများအပြားတွင် ရွာလုံးကျွတ်မီးရှို့မှုများရှိနေရာ စစ်ကောင်စီက ယင်းကဲ့သို့ပင် အစဉ်ငြင်းဆိုလေ့ရှိသည်။

သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုမျိုးဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်ကောင်စီက အမှုရင် ဆိုင်နေရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ သီးသန့်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ myanmar now

အပ်ငွေစာရင်းဟောင်းထဲ ထပ်ထည့်ငွေကို ရက်ချိန်းမလို၊ အကန့်အသတ်မရှိထုတ်နိုင်ဟု KBZ Bank ကြေညာ

အရင်ကဖွင့်လှစ်ထားတဲ့ ဘဏ်အပ်ငွေစာရင်းဟောင်းတွေထဲ ထပ်မံအပ်နှံထည့်သွင်းတဲ့ ငွေသားတွေကို ထည့်သွင်းတဲ့ ပမာဏအတိုင်း ကန့် သတ်ချက်မရှိ၊ ရက်ချိန်းယူဖို့မလိုဘဲ ငွေသားပြန်လည်ထုတ်ယူနိုင်ပြီလို့ ကမ္ဘောဇဘဏ်က မေလ ၁၇ ရက်မှာ  ကြေညာပါတယ်။

အရင်က ငွေစာရင်းအကောင့်သစ်ကို ထည့်သွင်းအပ်နှံတဲ့ ငွေသားကိုသာ ရက်ချိန်းယူစရာ မလိုအပ်ဘဲ ထုတ်ယူခွင့် ပေးထားရာကနေ အခုအခါ ဘဏ်အပ်ငွေစာရင်းဟောင်းတွေထဲ ထပ်မံအပ်နှံထည့်သွင်းတဲ့ ငွေသားတွေကို ထုတ်ယူခွင့်ပြုလိုက်တာပါ။

“အကောင့်ဟောင်းထဲ ထပ်ထည့်တဲ့ငွေကိုပဲ ထုတ်ပေးမှာဆိုတော့။ ဘဏ်စာရင်းထဲရှိထားတဲ့ ငွေကတော့ တိုကင်ယူရဦးမယ့်သဘောပဲ။ မလည်ရှုပ်ပါဗျာ” လို့ ဘဏ်အသုံးပြုသူတယောက်က မှတ်ချက်ပြုပါတယ်။

အလားတူ ပုဂ္ဂလိကဘဏ်တချို့ကလည်း ဘဏ်စာရင်းဟောင်း အပ်ငွေထဲက ငွေတွေကို  ရက်ချိန်းယူစရာမလိုဘဲ အကန့်အသတ်နဲ့ ငွေသား ပြန်လည်ထုတ်ယူနိုင်ကြောင်း မကြာသေးခင်က အသိပေး ကြေညာခဲ့ကြပါတယ်။

ဒါပေမဲ့  သတ်မှတ်ထားတဲ့ ဘဏ်ခွဲတချို့မှာပဲ ပမာဏကန့်သတ်ချက်နဲ့ ငွေသားထုတ်ယူခွင့် ပြုထားတာပါ။

“ဘဏ်ခွဲတိုင်း မဟုတ်ဘူး။ သူတို့ သတ်မှတ်ထားတဲ့ ဘဏ်ခွဲတွေမှာပဲ ရတာ။ ရန်ကုန်မှာဆိုရင် မြို့တွင်းက ဘဏ်ခွဲတွေမ ပါဘူး။ ကွမ်းခြံကုန်းတို့၊ တွံတေးတို့ဘက်က ဘဏ်ခွဲတွေမှာပဲ တုံကင်ယူစရာမလို ထုတ်ခွင့်ပေးထားတာ”လို့ CB Bankအသုံးပြုသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်နည်းလာပြီး ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ငွေတွေကို ထုတ်ယူဖို့ ကြိုး စားကြရာကနေ ဘဏ်တွေမှာ ငွေသားရှားပါးမှု ကြုံလာပြီး ဘဏ်အသုံးပြုသူတွေကို ငွေလိုသလောက် ထုတ်မပေးနိုင်တော့တဲ့ အခြေအနေဟာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ငွေသားထုတ်ယူဖို့အတွက် အွန်လိုင်းကနေ booking လျှောက်ပြီး Token(တုံကင်) ယူရတဲ့စနစ်၊ Phone booking ယူရတဲ့စနစ်တွေနဲ့သာ ဘဏ် အသုံးပြုသူတွေက မိမိဘဏ်အပ်ငွေကို ခက်ခက်ခဲခဲ ထုတ်ယူနေရတာ ဖြစ်ပါတယ်။ 

အကျိုးဆက်အနေနဲ့ ဘဏ်အကောင့်ထဲကငွေကို ငွေသားနဲ့လဲလှယ်တဲ့ စျေးကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်ထိ  ငွေထုတ်ယူရခက်တဲ့ပြဿနာ  ကြုံနေရဆဲ ဖြစ်သလို ပြည်သူတွေအနေနဲ့ ဘဏ်စနစ်အပေါ် ယုံကြည်မှုနည်းတာ၊ ဘဏ်အကောင့် ပိတ်ခံရနိုင်ခြေရှိနေတာ၊ ငွေထုတ်ယူရ ခက်ခဲတာ စတာတွေကြောင့် ဘဏ်မှာငွေအပ်နှံဖို့ကို စိတ်ဝင်စားမှု နည်းပါးနေကြပါတယ်။

အဲဒီလို ငွေအပ်နှံမှုရှားပါးတာကြောင့်  အပ်ငွေအပေါ် အတိုးနှုန်း တိုးမြှင့်တာတွေကို ဘဏ်တွေက လုပ်ဆောင်လာကြပါတယ်။ DVB

အလုံမြို့နယ်ရှိ မူကြိုကျောင်းက ကလေးငယ်ကို ဝင်ရောက်ဖမ်းဆီးရာတွင် ပါဝင်သည့် အုပ် ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံက မဇ္စျ်ိမကို ပြောသည်။

အာဏာသိမ်းပြီးနောက် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီတပ်က ခန့်အပ်ထားသည့် ဦးလှမိုး ဆိုသူကို ယနေ့ မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် အမည်မသ်ိအဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

“သူက စစ်တပ်အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူး ဖြစ်လာတာ။ ဒီနေ့ ညနေပိုင်းလောက်က ဆင်မင်းဈေးအနောက်ဘက်လမ်း ဧရာဝတီ တည်းခိုရိပ်သာနားမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာ။ သုံးချက်လောက်ရှိမယ် ထင်တယ်။ နေရာမှာပဲ သေသွားတယ်” ဟု ဒေသခံက ပြော သည်။

ပစ်ခတ်မှုကြောင့် ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွင်ပင် သေဆုံးခဲ့ပြီး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်အထိ မသိရသေးပေ။

ပစ်သတ်ခံလိုက်ရသည့် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးဆိုသူသည် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းရှိ BC မူကြိုကျောင်းမှ အသက်လေးနှစ်အရွယ် ကလေးငယ်ကို အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် လာရောက် ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်နှင့် အတူ လိုက်ပါလာသူ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ အဆိုပါမူကြိုကျောင်းက ဖမ်းဆီးခံရသည့် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့မှာ မိသားစုဝင်နှင့် အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုအတည်ပြု ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် ရဲများက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရသည့် နေရာအနီးတဝိုက်တွင် လုံခြုံရေးတင်းကျပ်ထားကာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

အကြမ်းဖက် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး မဖြစ်နိုင်ဟု AA က ထုတ်ဖော်ပြောဆို

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ဖိတ်ခေါ်ထားသည်။

စစ်ကောင်စီ​၏ ဖိတ်ခေါ်မှုကို UWSA/NDAA/SSPP/RCSS/NMSP /ALP/ PNLO/DKBA/KNU-PC တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၉ဖွဲ့ကတက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာထားသည်။

စစ်ကောင်စီက လက်ရှိ ရခိုင်ပြည်နယ်တွင် ULA/ AA​၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံနွေးဆွေးရန်မဖြစ်နိုင်ဟု ULA/AA​၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။

“မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေက မြေပြင်မှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာရှိတယ်။ ကျွန်တော်တို့ရဲ့ အုပ် ချုပ်ရေး တရားစီရင်ရေးတွေကို တောက်လျှောက် နှောင့်ယှက်နေတာတွေရှိတယ်။ဆို​တော့ ဒီဟာတွေအားလုံးဟာ ဘာတစ်ခုမှ အကောင်းဖက်ကို ဦးတည်မနေဘူး။ တစ်ဖက်မှာလည်း သူတို့ငြိမ်းချမ်ရေး ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ တစ်ဖက် မှာလည်း မြေပြင်မှာစစ်အင်အားတွေကိုအလုံး အရင်း တိုးချဲ့ပြီး အချိန်မရွေးကျွန်တော်တို့ကို တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေတယ်။ဒါကြောင့်ယုံကြည်လို့မရဘူးပေါ့။သူတို့ရဲ့ လုပ် ဆောင်မှုက သူတို့ရဲ့စိတ်နေသဘောထားကိုပြတယ်။ဒါကြောင့်မို့ ဒီလိုအနေအထားနဲ့ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ဆိုတာမဖြစ်နိုင်ဘူး”ဟု ဆိုသည်။

အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားလျှင် ငြိမ်းချမ်းရေးရလောက်သည့် အပြောအဆို အပြုအမူ အလုပ် အကိုင်ကိုလုပ်ဖို့လိုအပ်ကြောင်း နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်ဖို့လည်း လိုအပ်သည်ဟု ဆက်လက်ပြောကြားသည်။

ယင်းပြင် စစ်ကောင်စီဖက်က ရခိုင်ပြည်သူများအပေါ် ဖိနှိပ်မှုများ ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဖိနှိပ်မှုများဆက် လက်လုပ်ဆောင်နေလျှင် ပြေ လည်စရာအကြောင်းမရှိဟု ရက္ခိုင့်တပ်တော်​ AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့လိုတယ်။ မရပ်တန့်ရင်တော့ ပြေလည်စရာမရှိဘူးပေါ့။ ကျွန်တော်တို့ ပြောလိုတာက မြန်မာစစ်တပ်ကတပ်သားတွေအနေနဲ့ သူတို့တပ်စခန်းမှာ သူတို့နေရင် ဘာမှမဖြစ်ဘူး။ ခုလိုအင်အားတိုးတာတွေလုပ်နေသမျှ ကာလပတ်လုံးယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်သလို တွေ့ဆုံဆွေးနွေးလို့လည်း ရမှာမဟုတ်ဘူး”ဟုဆိုသည်။

ယင်းပြင် လက်ရှိဖြစ်နေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုသည့် စိတ်နေသဘောထားမြန်မာစစ်တပ်မှာရှိလျှင် ရခိုင်ပြည်တွင်းက စစ်တပ်​၏ လှုပ်ရှားမှုကို ရပ်တန့်ဖို့အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

​စစ်ကောင်စီစစ်တပ်ဖက်က ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် မေလခန့်မှစကာ စစ်ရေးအရ အင်အားတိုးချဲ့မှုများ များစွာရှိလာသလို ကျေး ရွာများကိုလည်း ဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများရှိနေသည်။ ယင်းပြင် ULAတာဝန်ခံများကို လိုက်လံရှာဖွေမှုများ လူငယ်များကိုလည်း AAနှင့်ဆက်စပ်သည်ဆိုကာ ဖမ်းဆီးမှုများရှိလာနေပြီး စစ်တပ်အတွင်းမှ လက်နက်သံပစ်ခတ်မှုများရှိနေသည်။

​စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲမတိုင်မီကာလကတည်းက နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲရပ် တန့်ခဲ့သည်။ သို့သော် ယခုနှစ်တွင် မြို့နယ် တစ်ချို့၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာကာ တိုက်တိုက်တွေ့ဆုံမှုတို့ရှိခဲ့သည်။ khit thit

ဘိုကလေးမြို့နယ်တွင် အန်အယ်လ်ဒီပါတီဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် တယောက် သေနတ်ပစ်ခံရပြီးနောက်  အန်အယ်လ်ဒီပါတီဝင်  ၅  ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညီနောင်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာနေ ပျူစောထီးခေါင်းဆောင် မောင်မြင့် သေနတ်ပစ်ခံရပြီးနောက်   ဒေသခံ အန်အယ်လ်ဒီပါတီဝင်  အသက် ၅၀ ကျော် ဒေါ်ဝင်းလှ အပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို တခြားသူ အများအပြားကို လိုက်လံဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနဲ့ ဧရာဝတီလင်းပိုင်တို့က သူတို့ ပူးပေါင်းလုပ်တယ်လို့ သတင်းထုတ်ပြန်ပြီးသား။ အဲဒါကို မဆိုင်တဲ့ အရပ်သားတွေကို လိုက်ဖမ်းပြီး မမှန်မကန် စွပ်စွဲ ရိုက်နှက် စစ်ဆေးနေကြတာပါပဲ” လို့ ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် သေနတ်နဲ့အပစ်ခံရတဲ့နေ့မှာပဲ ညီနောင်ကျေးရွာမှ အန်အယ်လ်ဒီ ပါတီဝင် ဒေါ်ဝင်းလှ၊ ဦးအောင်သန်းဌေး၊ ဦးကျော်ကျော်၊ ဦးတင်စိုး၊ ဦးဝင်းဌေး တို့ ၅ ဦးကို ဖမ်းဆီးသွားပြီး အိမ်မှာ ရှာမတွေ့သူတွေကိုလည်း  နောက်ရက်တွေမှာ ထပ်မံရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဘိုကလေးမြို့မှာ သတင်းပေးဒလန်လို့ နာမည်ကြီးသူ ၄ ယောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး တရားခံအစစ်အမှန်ကို မဖော်ထုတ်နိုင်တဲ့အတွက် အခုလို နီးစပ်ရာ ဒေသခံ အန်အယ်လ်ဒီတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းစုကျေးရွာနေ ပျူစောထီးခေါင်းဆောင် မောင်မြင့်ကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ ဧရာဝတီလင်းပိုင်အဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ DVB

« Older Entries