Monthly Archives: May 2022

ရေပုတ်-တောမ လမ်းဆုံအထိ အချိန်အကန့်အ သတ်ဖြင့်သွားလာခွင့်ပြုကြောင်း ထီးလင်း PD F ကြေညာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းက ပြည်သူများ၏ လုံခြုံရေးကြောင့် သွားလာခွင့်ပိတ်ပင်ထားသည့် ဂန့်ဂေါ -ကျော လမ်းပိုင်းများထဲမှ ရေပုတ်-တောမ လမ်းဆုံအထိကို အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပြန်ခွင့်ပြုလိုက်ကြောင်း ထီးလင်း-PDF မှ ယနေ့မေလ ၁၈ ရက်တွင် ကြေညာလိုက်သည်။

ထီးလင်းမြို့နယ်အတွင်းရှိ ဂန့်ဂေါ-ကျော လမ်းပိုင်းများကို မေလ ၁၅ ရက်နေ့တွင်သွားလာခွင့် စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ကာ သုံး ရက်အကြာမှ ရေပုတ်-တောမ လမ်းဆုံအထိကို မနက် ၆ နာရီမှ ညနေ ၅ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“ရေမျက်နီလမ်းပိုင်းကိုတော့ ယနေ့အချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။ လမ်းကြောများပိတ်ထားတာဟာ မိဘပြည်သူတွေရဲ့ လုံခြုံရေးအတွက်ဖြစ်လို့ နားလည်ပေးစေချင်ပါတယ်” ဟု ထီးလင်း-PDF သတင်းပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ထုတ်ပြန်ချက်အားလိုက်နာမှုမရှိဘဲ ခရီးသွားလာမှုများပြုလုပ်ခဲ့ပါက ဆုံးရှုံးနစ်နာမှုများအပေါ် လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ကိုလည်း ထီးလင်း-PDF မှထုတ်ပြန်ကြေညာထားသည်။

မေလ ၁၆ ရက်နေ့တွင် ရေမျက်နီကျေးရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွဲရန် PDF များဝင်ရောက်လာခဲ့ပြီး ထီးလင်း-PDF မှ ရဲဘော်တစ်ဦးကျည်ထိမှန်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်မှုစာရင်းကို မသိရသေးပေ။

မေလ ၁၅ ရက်နေ့ကလည်း ထီးလင်းမြို့နယ်က ရေမျက်နီရွာအနီးရှိ အင်အား ၃၀ ခန့်ပါသော ဘုရားကိုးဆူ ကျေးစလောင်းတောင်ကင်းစခန်းကို PDF ပူးပေါင်းတပ်မှဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးစလောင်းတောင်ကင်းစခန်းတိုက်ပွဲဆင်နွှဲပြီးပြန်လည်ဆုတ်ခွာလာသည့် PDF ပူးပေါင်းတပ်များကို ပြည်သူများမှ အောင်သပြေဖြင့်ကြိုဆိုကာ ထမင်းများကျွေးမွေးဂုဏ်ပြုခဲ့ကြောင်းလည်း သိရသည်။ mizzima

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကုလားမလက်ကောက်ကျရွာရှိ ပြည်သူ့နေအိမ်တွေကို မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပါတယ်။

“စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ကုလားမလက်ကောက်ကျရွာက ပြန်ထွက်ခွာချိန်မှာ ကျနော်တို့တပ်ဖွဲ့မှ ရဲဘော်များ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စ(–)၊ ပျူစောထီး သုံးကောင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်” လို့ နတ်တောင်နဂါး (ပကဖ) ပြောက်ကျားတပ်ဖွဲ့က မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရွှေဘိုနယ် အရှေ့ခြမ်းရှိ ကုလားမလက်ကောက်ကျကျေးရွာဘက်ကို စစ်‌ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ မော်တော် ၄ စီးနဲ့ မေ ၁၇ ရက်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီအဖွဲ့ဟာ ကုလားမလက်ကောက်ကျရွာမှာ ကျန်ရှိနေတဲ့ ပြည်သူ့အိမ်တချို့ကို ထပ်မံမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ကား‌တွေ၊ လှည်းတွေနဲ့ ခိုးယူသယ်ဆောင်လာပြီး အပြန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

မေ ၁၆ ရက်ကလည်း ရွှေဘိုနယ်အရှေ့ခြမ်း၊ တအုံရွာအရှေ့ဘက် ကျွန်းတောကြီးအနီးမှာ ကျောက်မြောင်းစခန်းမှူးရဲ့ကားကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ရှေ့ထွက်မိုင်း ၄ လုံးနဲ့ သွားရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ နတ်တောင်နဂါး (ပကဖ) ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကို နတ်တောင်နဂါးတပ်ဖွဲ့နဲ့ GHOST RIDER Special Task Force BURMA တပ်ဖွဲ့၊ ShweBo SBDF 1 မှ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဝေးကနေ တိုက်ခိုက်တဲ့အတွက် ထိခိုက်ကျဆုံးစာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ DVB

စစ်ကိုင်းတိုင်း ဘန့်ဘွေးရွာတွင် စခန်းချနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ဘန့်ဘွေးရွာမ တွင် စခန်းချလျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကို ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်လုံးကြီး က သိရသည်။

ဒေသခံကာကွယ်ရေးတပ်များသည် ဘန့်ဘွေးရွာမ ကျေးရွာတွင် သုံးလ ကျော်ကြာ စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်ကို မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်တိုက်ခဲ့ရာ မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ ဘန့်ဘွေးရွာမ ကျေးရွာ က ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၄၀ လောက် စခန်းချနေတဲ့ ရွာပါ။ သူတို့ စခန်းကိုသွားတိုက် တာပါ။ စစ်ကောင်စီ တပ်သား သုံးဦးသေတယ်။ ကျနော်တို့ ရဲဘော်သုံးဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။ တိုက်နေတုန်းမှာ မိုးရွာလာလို့ နာရီဝက်လောက်ပဲ ကြာလိုက်တယ် “ ဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ကျောက်လုံးကြီး အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဘက်မှ တစ်ဦး ကျည်ဆံရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ထိုးစစ်ဆင်ပြီး ဝင်တာပါ။ ရွာအတွင်းအထိ မရောက်လိုက်ဘူး ။ ရွာအစပ်က နေ ၆၀ မမ တို့ နဲ့ပစ်ခေတ်မှုတွေလုပ်ဆောင်ခဲ့တာပါ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ကျောက်လုံးကြီး အဖွဲ့ဝင်က ပြောသည်။

ဘန့်ဘွေးရွာတွင် စခန်းချနေသည့် စစ်ကောင်စီ တပ်စခန်းကို KLG PDF ၊ ဒေါင်းလုလင်(LPDF)၊ နဂါးညီ‌နောင်အထူးတပ်ဖွဲ့DBTF၊ သပြေအေးတပ်ရင်း(၃)၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ Yoma Fighter(Yinmarbin PDF)၊Bundula PDFနှင့် ဒေသခံ မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသည့် ဘန့်ဘွေးရွာမကျေးရွာရှိ ဒေသခံပြည်သူ ၁,၀၀၀ ခန့်သည် သုံးလကျော်ကြာသည်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးများလိုအပ်လျက် ရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။ mizzima

စစ်ကိုင်းတိုင်းမြောင်မြို့နယ် ပန်းညိုကျေးရွာကို စစ်တပ်က ဝင်စီးပြီး မီးရှို့ဖျက် ဆီး၊ ကန့်ဘလူတွင် ကျေးရွာ ၅ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ပိုင်နေအိမ်များ ပြာကျ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကို စစ်တပ်က မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ဘက်မှ စစ်ကြောင်းထွန်းလာသော အင်းအား(၁၀ဝ) ကျော်ခန့်စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ပန်းညိုကျေးရွာကို ဝင်ရောက်စီးနင်း ဖျက်ဆီးမီးရှို့ခြင်းဖြစ်ပြီး တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိကြောင်း၊ ဒေသခံ ပြည်သူများမှာ အချိန်မီ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရှိရသည်။

“လက်နက်ကြီးတွေ ပစ်ပြီး ဝင်လာတာပဲ။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒီအတိုင်းကို ဝင်စီးပြီး ဖျက်ဆီးတာ။ ပြည်သူတွေကတော့ ပြေးရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ကေျးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၇ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် အလုံး ၄ဝ မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ချပ်သင်းဒေသနှင့် ချပ်ကြီး ဒေသရှိ ဦးကင်းကြည်ရွာမှ ပြည်သူပိုင် ​နေအိမ် ၂ လုံး၊ တင်​မော်ရွာမှ ပြည်သူပိုင် ​နေအိမ် ၂၅ လုံး၊ ပုဏ္ဏားကြီး​ရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ဆားကျင်းရွာမှ ပြည်သူပိုင် ​နေအိမ် ၄ လုံးနှင့် ပိ​တောက်ပင်ရွာမှ ပြည်သူပိုင် ​နေအိမ် ၈ လုံးတို့ကို မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆားကျင်းရွာမှ ပြည်သူပိုင် နေအိမ် ၄ လုံးကို အကြမ်းဖက် စစ်တပ်က မေလ ၁၄ ရက်နေ့တွင် ဝင်​ရောက် စီးနင်း မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကာ ကျန်ကျေးရွာမှ ပြည်သူပိုင် နေအိမ်များကို မေလ ၁၇ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာများ အတွင်းသို့ ဝင်ရောက် စီးနင်းခဲ့သည့် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျေးရွာ ၅ ရွာမှ ပြည်သူ ၁ ထောင်ကျော်သည် ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်ရှောင်းနေရပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းသို့ ပြန်လည် ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ khit thit

ရေလယ်ကျွန်းဒေသ ပန်းညိုကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရေလယ်ကျွန်းဒေသ ပန်းညိုကျေးရွာကို ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ်ကို မေ ၇ ရက်နေ့က စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြောင်မြို့နယ် ပန်းညိုကျေးရွာကို ဒီနေ့မနက် ၉ နာရီကျော်လောက်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတာလို့ ပန်းညိုကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“ရေလယ်ကျွန်းတော့ ရေလယ်ကျွန်းဒေသပဲဗျ။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို ပါတယ်။ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာ အိမ်ခြေဘယ်လောက် ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ အဝေးကနေပဲ မီးခိုးလုံးတွေ မီး တောက်တွေကို လှမ်းမြင်နေရတာ။”

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာကတည်းက ရွာလုံးကျွတ် အသက်လု ထွက်ပြေးလာကြရတာကြောင့် တောထဲတွေမှာ အမိုးအကာမရှိဘဲ ဖြစ်သလို နေထိုင်ကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း အလုံအလောက် ပါမလာကြဘဲ ရှိတာ ဝေငှစားသောက်နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မေ ၇ ရက်ကနေ ၁၇ ရက်အထိ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းဒေသကို မွှေနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက်ပိုင်းက အမည်မသိ အမျိုးသားတယောက်ကို ပစ်သတ်သွားတာကြောင့် ဆွေမျိုးသားချင်းတွေ လာရောက်သင်္ဂြိုဟ်ပေးနိုင်ဖို့ အသိပေးထားကာ ညနေ ၅ နာရီကျော်မှာ ကျောက်ဖူးရွာမှာ သင်္ဂြိုဟ်ပေးမယ်လို့ ရေလည်ကျွန်းဒေသက ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့ရဲ့လက်ချက် မဟုတ်ဘူးလို့ အမြဲတမ်း ငြင်း ဆန်လေ့ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၇,၅၀၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို Data For Myanmar က ထုတ်ပြန်ထားပါတယ်။ DVB

ရခိုင် စေတီတောင်တိုက်နယ်ဆေးရုံ သူနာပြုဆရာမ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု တရားမျှတမှု ရသည်အထိ ဆောင်ရွက်မည်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် တိုက်နယ်ဆေးရုံ၌ သူနာပြုဆရာမကို တာဝန်ခံ ဆရာဝန်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းသည့် အပြင် ယင်းဆရာဝန်နှင့် ၎င်း၏ ဇနီးဖြစ်သူ အပါအဝင် သုံးဦးတို့က အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ကိစ္စကို တရားမျှတမှု ရသည်အထိ ကူညီပေးသွားမည်ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ တရားမျှတမှုရဖို့၊ ဒီအမှုမှန် ပေါ်ပေါက်ဖို့ ဘယ်လို ကူညီ ပေးနိုင်မလဲ။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ဆောင် နေပါတယ်” ဟု ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

စေတီတောင် တိုက်နယ်ဆေးရုံရှိ အသက် ၂၀ ကျော်အရွယ် သူနာပြု ဆရာမကို ဆေးရုံ တာဝန်ခံ ဒေါက်တာ ညီညီမောင်က ဖုန်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းလိုသည့် စာရေးသား ပေးပို့ခြင်းအပြင် ဆရာဝန်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့က သူနာပြုဆရာမ နေထိုင်ရာ အခန်းထဲထိ ဝင်ရောက်ကာ ကိုယ်ထိလက်ရောက် အုပ်စုဖွဲ့ ရိုက်နှက်မှု မေလ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်၏ ဇနီးဖြစ်သူက ဦးစွာ ဝင်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကာ ရိုက်နှက်နေချိန် အတွင်း ဆရာဝန်နှင့် တပည့်ဖြစ်သူတို့ ထပ်မံ ရောက်ရှိလာပြီး ၎င်းတို့က သူနာပြု ဆရာမငယ်ကို လက်နောက်ပြန် ချုပ်ပေးကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အပြင် ဦးခေါင်းကို အုတ်နံရံဖြင့် မိနစ် အနည်းငယ်ကြာ ကိုင်ဆောင့်ခဲ့သည့် ဒဏ်ရာကြောင့် သတိလစ်သလို ဖြစ်သွားခဲ့သည်ဟု မျက်မြင်များနှင့် အမှုကို ကူညီပေးနေသူများက ပြောသည်။

ထိုသို့ အုပ်စုဖွဲ့ ရိုက်နှက်မှု ခံရသော သူနာပြု ဆရာမ၏ စိတ်ဒဏ်ရာကို ကုစားရန်နှင့် ဖေးမ ကူညီပေးရန် အတွက် ကော်မတီက အသေးစိတ် ဆွေးနွေးနေပြီး ကာယကံရှင် အမျိုးသမီးနှင့် တွေ့ဆုံနိုင်ရန် ကြိုမ်းပမ်းနေကြောင်း ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

“ဒီလို ဖြစ်ရပ်တွေ အရင်ကလည်း ရှိခဲ့တယ်။ အမှု လွတ်သွားတာတွေလည်း အများကြီး။ နည်းမှန် လမ်းမှန်နဲ့ ဥပဒေကြောင်းအရ တရားရင်ဆိုင်တဲ့ နေရာကို ရောက်စေချင်ပါတယ်။ တရားဥပဒေ အထက်မှာ လက်မဲကြီး ရှိနေတယ် ဆိုတဲ့ အနေအထားမျိုး မလိုလားဘူး” ဟု ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

ထိုဖြစ်ရပ်အတွက် ကာယအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပုဒ်မ ၃၅၄ ၊ နေအိမ်ကျူးကျော် ဝင်ရောက်မှု ပုဒ်မ ၄၅၁ နှင့် ဆဲဆိုမှု ပုဒ် ၂၉၄ စသည့် ပုဒ်မသုံးခုဖြင့် ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ကျူးလွန်ခံရသည့် ကာယကံရှင် အမျိုးသမီးကိုယ်တိုင် အမှု ဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ (ULA/AA ) ၏ တရားရုံး တစ်ရုံးကလည်း ကျူးလွန်ခံရသူ သူနာပြု အမျိုးသမီးကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းနှင့် နီးစပ်သူများထံက တဆင့် သိရပြီး စစ်ဆေးနေမှု အကြောင်းအရာ အသေးစိတ်ကို မသိရပေ။

ယင်းသို့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းသည့် စေတီတောင် တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာညီညီမောင်ကို လက်ရှိတွင် စေတီတောင် တိုက်နယ်ဆေးရုံမှ စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ တာဝန်ပြောင်းရွှေ့လိုက်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက စာထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ယခုဖြစ်ရပ်သည် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးထု တစ်ရပ်လုံး၏ လုပ်ငန်းခွင်ဘဝ လုံခြုံရေး၊ လုပ်ငန်းခွင် အတွင်း အကြမ်းဖက် ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ကာကွယ်ပေးမည့် အခြေအနေများ ကင်းမဲ့နေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးများ ကွန်ရက်က မေလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA) ကလည်း ယခုဖြစ်ရပ်သည် အမျိုးသမီးများကို အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိရောက်စွာ အရေးယူမှုမျိုး လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ mizzima

ရန်ကုန်၊ လှိုင်မြို့နယ်တွင် “ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်” ကြွေးကြော်သံဖြင့် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

khit thit

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ယောက်သေ၊ ၆၀ ကျော် ထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်

မေ ၁၇ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၅၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၆၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေ အနေနဲ့ မနေ့က တရက်တည်းမှာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည် ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ DVB

CDM ကျောင်းသား ID လျှောက်ထားမှု ပထမအသုတ် ယာယီရပ်ဆိုင်း၊ မျှော်မှန်းသည်ထက် ပါဝင်ကြကြောင်း အ.က.ရ ဗဟို ဥက္ကဌပြောကြား

Basic Education Student Affairs Federation – BESAF ၏စီစဉ်မှုဖြင့် CDM ID Code နှင့် ID Card ထုတ်ဝေပေးနိုင်ရန် ဧပြီလ ၂၀ ရက်နေ့မှစ၍ လျှောက်လွှာခေါ်ယူရာတွင် ပထမအသုတ်ကို ယာယီရပ်ဆိုင်းထားပြီး မျှော်မှန်းထားသည်ထက်ပြည်သူများက ပါဝင်ကြကြောင်း အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ်(အ.က.ရ – ဗဟို)၏ ဥက္ကဋ္ဌထံက သိရသည်။

“လျှောက်လွှာရပ်ရတဲ့ အကြောင်းအရင်းကတော့ ဒါ ယာယီ pause လုပ်တဲ့သဘောပါ။ ကျွန်တော်တို့ ဖောင်တွေကို စီစစ်မှုလုပ်ပြီး၊ ပြန်လည်ဖြန့်ဝေရေး လုပ်ဖို့အတွက် ခဏရပ်နားလိုက်တာပါ။ ပြီးတော့ ကျွန်တော်တို့ နည်းပညာပိုင်းလိုအပ်တာတွေ ပြင်ဆင်ဖို့ပါ။ တခြားအကြောင်းတော့မရှိပါဘူးဗျ” ဟု ဥက္ကဋ္ဌ ကိုကောင်းခန့်ကျော်က မဇ္ဈိမကို ပြောသည်။

အာဏာသိမ်းကာလမတိုင်မီ သင်ရိုးဟောင်း ခုနစ် တန်းမှ ၁၀ တန်းအထိ တက်ရောက်ခဲ့သူများကို ပထမအသုတ်အနေဖြင့် လျှောက်လွှာခေါ်ဆိုခဲ့ရာ ၁၀တန်း စနစ်သစ်၊ စနစ်ဟောင်းမှ CDM ကျောင်းသား၊ ကျောင်းသူများက အများစုလျှောက်ထားကြပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့က လျှောက်ထားမှုအများဆုံးဖြစ်ကြောင်းသိရသည်။

ထို့အပြင် အလယ်တန်းအတွက်ကိုလည်း မိဘများ၏ တောင်းဆိုမှုများရှိနေကြောင်း ဆိုသည်။

ပထမအသုတ်အတွက် လက်ခံရရှိသော လျှောက်လွှာအရေအတွက်နှင့်ပတ်သက်ပြီး ကိုကောင်းခန့်ကျော်က အခုလိုဆက်ပြောသည်။

“ကျွန်တော်တို့ဖောင်အရေအတွက် တစ်သောင်း သုံးရာကျော်ပါတယ်။ လက်နက်ကိုင်ရဲဘော်တွေလည်း ပါတယ်ပေါ့နော်။ ကျွန်တော်တို့တွေကို ပြည်သူက ယုံလို့အခုလို အချက်လက်တွေကို သောင်းနဲ့ချီဖြည့်ပေးတာကို ဂုဏ်ယူသလို ကျေးဇူးလည်းတင်ပါတယ်။ တစ်သောင်းကျော်ဆိုတာကလည်း ကျွန်တော်တို့ဘက်က ယာယီရပ်လိုက်လို့ပေါ့ဗျာ။ မဟုတ်ရင်တော့ ဆက်၀င်နေမှာပါ။ ကျွန်တော်တို့ မျှော်မှန်းထားတာထက် ပြည်သူက ပါ၀င်ကြပါတယ်” ဟူ၍ ဖြစ်သည်။

CDM ID Form ကို အွန်လိုင်းမှ အလွယ်တကူ ဖြည့်သွင်းနိုင်သော်လည်း အင်တာနက် ခက်ခဲသည့် ကျေးရွာက ကျောင်းသား ၃၀၀ကျော်နီးပါးကို CDM ID ထုတ်ပေးရန် စီစဉ်နေပြီး နောက်ပိုင်းတွင်လည်း ခက်ခဲသည့် ဒေသများက ကျောင်းသား၊ကျောင်းသူများအတွက် ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်သွားရန် ကြိုးစားလျက်ရှိကြောင်းဆိုသည်။

ထိုကဲ့သို့ ချိတ်ဆက်နိုင်ရေး အတွက်လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ ကျောင်းသားအဖွဲ့အစည်း၊ ဆရာအဖွဲ့အစည်း၊ ရပ်ရွာအခြေပြု အဖွဲ့များနှင့် နယ်မြေစိုးမိုးမှုရှိသည့် တပ်ဖွဲ့များကိုလည်း ၎င်းတို့နှင့်အတူ လက်တွဲဆောင်ရွက်ကြဖို့ အ.က.ရ ဗဟို ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

CDM လုပ်ခြင်း၊ မလုပ်ခြင်းဟာ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း ယခုအချိန်တွင် CDM ကျောင်းသားများမှာ မျှော်လင့်ချက်မဲ့လာချိန်၌ CDM ID သည် ၎င်းတို့အတွက် ကောက်ရိုးတစ်ရိုးပမာ ရေနစ်နေသူအတွက် မျှော်လင့်ချက်တစ်ခုအနေဖြင့် ယူဆပြီး CDM ကျောင်းသားထုအခွင့်အရေးနှင့် အာမခံချက်ပိုမိုခိုင်မာလာရန် အတွက် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

Student CDM ID များ လျှောက်ထားရန်အတွက် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်၏ Facebook စာမျက်နှာ Basic Education Student Affairs Federation – BESAF တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။ mizzima

ပျောက်နေသည့် မန္တလေးသတင်းထောက်ဟောင်း အိုးဘိုထောင်သို့ ရောက်လာ

ဖမ်းဆီးခံလိုက်ရပြီးနောက်  မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် မန္တလေးမြို့မှ သတင်းထောက်ဟောင်းတစ်ဦး မေ ၁၆ တွင် အိုးဘိုထောင်သို့ ရောက်ရှိလာကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် မြို့ခံများထံမှ သိရှိရသည်။

ထောင်သို့ မရောက်မီ နှိပ်စက်ညှဉ်ပန်းခံခဲ့ရသည်၊ နိုင်ငံတော် ဆူပူအောင်လှုံဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လှစ်ခံထားရသည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။  

စစ်ကောင်စီက အမှုအခြေအနေနှင့် ပတ်သက်ပြီး မိသားစုကို ဆက်သွယ် အကြောင်းကြားခြင်းမရှိဟု မိသားစုနီးစပ်သူတစ်ဦးက ဆိုသည်။

“သူက အလုပ်ထွက်ထားတာလည်း တစ်နှစ်ကျော်ပြီ။ ဘာမှမလုပ်တော့ ရှောင်စရာလည်းမလိုဘဲ နေအိမ် မှာပဲ အေးအေးဆေးဆေး နေနေတာ။ ရှာတဲ့အခါ ဘာမှလည်း သူတို့ မတွေ့ရဘဲနဲ့ ဖမ်းသွားတာ။ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပဲ။ နောက်တော့ စစ်ကြောရေးမှာဆိုပြီး သတင်းပျောက်နေရာက ခုမှ အိုးဘိုရောက်ကြောင်းသိရတာ” ဟု ထိုသူက ပြောသည်။

“လူကတော့ တော်တော်ပိန်သွားတယ်၊ တော်တော်နှိပ်စက်ခံလိုက်ရတယ်လို့လည်း ကြားတယ်” ဟု ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး သူက ပြောသည်။

ဧရာဝတီသတင်းဌာန၏ ဓာတ်ပုံသတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ကိုဇော်ဇော်သည်   ဧပြီ ၉ ရက်နေ့က နံနက်စာ စားရန် မိသားစုနှင့်အတူ  မန္တလေးမြို့သစ် ၆၃ လမ်းဘက်သို့ သွားရာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့  (စရဖ)  တပ်ဖွဲ့ဝင်များဟု ယူ ဆရသူတို့က လမ်းတွင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများကို ကိုးကား၍ မြို့ခံတစ်ဦးက ဆိုသည်။

“သူတို့ကားနောက်ကို အရပ်ဝတ်နဲ့ စရဖတွေက လိုက်လာတာ။ အဲဒီမှာ ကားကိုရပ်ခိုင်းပြီး စစ်ဆေးတယ်။ ကိုဇော်‌ဇော် ကို လက်ထိပ်ခတ်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ မြို့ခံက ပြောသည်။

“သူ  (ကိုဇော်ဇော်) က ဘာလို့ဖမ်းတာလဲ ၊ ဘာအပြစ်ရှိလို့လဲ ပြောတယ်။ ငါက အလုပ်ထွက် ထားတာလည်း ကြာပြီ။ မယုံရင် ငါ့အိမ်လိုက်စစ်လှည့်ဆိုတော့ ကားကို သူတို့မောင်းလာပြီး လက်ထိပ်ခတ်ပြီး အိမ်ကို ခေါ်လာကြတယ်”

အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း၊ နန်းရှေ့ ရေနီမြောင်းအနီး ကိုဇော်ဇော်၏နေအိမ်သို့ရောက်သောအခါ နောက်ထပ် စစ်ကောင်စီတပ်သား ၃ ဦး ရောက်လာပြီး နေအိမ်အတွင်း မွှေနှောက်ရှာဖွေခဲ့သည်။

ထို့နောက် ကိုဇော်ဇော်၏လက်ကိုင်ဖုန်းနှင့် Laptop ကွန်ပြူတာ၊ သမီးဖြစ်သူ၏ လက်ကိုင်ဖုန်း၊ ၎င်းဖခင် ဖြစ်သူ၏ လက်ကိုင်ဖုန်းတို့ကိုပါသိမ်းယူသွားပြီး ကိုဇော်ဇော်ကို ခေါ်ဆောင်သွားခဲ့သည်။ 

ကိုဇော်ဇော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

သတင်းလုပ်ငန်းကို နှိပ်ကွပ်မှု

စစ်တပ်အာဏာသိမ်းပြီးနောက် အထက်မြန်မာပြည်သတင်းသမား အများအပြားက  သတင်းလုပ်ငန်း ရပ်ဆိုင်းထားကြသည်။ ထိုအခြေအနေမှာပင် သတင်းသမားများကို ဖမ်းဆီးနေခြင်းဖြစ်သည်။  

ဧပြီ ၅ ရက်နေ့က မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦးသည်လည်း အကြမ်းဖက်ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်ဟု ၎င်း၏ ရှေ့နေထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီကလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဒုအယ်ဒီတာ ကိုပြည့်ဖြိုးအောင်၊ သတင်းထောက် ကိုမြင့်မြတ်အောင် (ခေါ်)  ကိုဒီမြတ်ငြိမ်းတို့ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ  ပစ်မှတ်ထား ဖိနှိပ်နေသည့်ထဲတွင်  သတင်းသမားများလည်း ပါဝင်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် အထက်မြန်မာပြည် သတင်းထောက်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့သတင်းသမားတွေမှ မဟုတ်ပါဘူး။ မလုံခြုံဘူးဆိုတာ တစ်နိုင်ငံလုံးခံစားနေရတဲ့ကိစ္စပါ။ သတင်းလွတ်လပ်ခွင့်တွေဘာတွေဆိုတာ ဝေးသေးတယ်။ အခုကြည့်လေ တစ်နိုင်ငံလုံးတောင် လွပ်လပ်ရေးမရ စုတ်ပြတ်နုံချာနေတာ။ သူတို့လက်ထက် အကုန်ဆုတ်ယုတ်လာတာ” ဟု သူက ဆိုသည်။

နိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သည်ဟု ယူဆသူများကို လိုက်လံဖမ်းဆီးနေရာ ဆက်လက် အဖမ်းခံထားရသူ တစ်သောင်းကျော် ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။

သတင်းသမား ၅၀ ထက်မနည်း ဆက်လက် ချုပ်နှောင်ခံထားရသည်ဟု သတင်းထောက်များ ဖမ်းဆီးခံရ မှုအခြေအနေကို စောင့်ကြည့် မှတ် တမ်းတင်နေသူများထံမှ သိရသည်။  

ဤအခြေအနေကြောင့်  ဒေသအသီးသီးရှိ သတင်းသမား အများအပြား ခြေရာဖျောက်နေကြသည်။ 

သတင်းသမားဖြစ်ခြင်းကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်၍သာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ပြန်ကြားရေးအရာရှိ  ဗိုလ်ချုပ်ဇော်မင်းထွန်းက  တုံ့ပြန်လေ့ရှိသည်။  myanmar now

« Older Entries