ပျောက်နေသည့် မန္တလေးသတင်းထောက်ဟောင်း အိုးဘိုထောင်သို့ ရောက်လာ

ဖမ်းဆီးခံလိုက်ရပြီးနောက်  မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် မန္တလေးမြို့မှ သတင်းထောက်ဟောင်းတစ်ဦး မေ ၁၆ တွင် အိုးဘိုထောင်သို့ ရောက်ရှိလာကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် မြို့ခံများထံမှ သိရှိရသည်။

ထောင်သို့ မရောက်မီ နှိပ်စက်ညှဉ်ပန်းခံခဲ့ရသည်၊ နိုင်ငံတော် ဆူပူအောင်လှုံဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လှစ်ခံထားရသည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။  

စစ်ကောင်စီက အမှုအခြေအနေနှင့် ပတ်သက်ပြီး မိသားစုကို ဆက်သွယ် အကြောင်းကြားခြင်းမရှိဟု မိသားစုနီးစပ်သူတစ်ဦးက ဆိုသည်။

“သူက အလုပ်ထွက်ထားတာလည်း တစ်နှစ်ကျော်ပြီ။ ဘာမှမလုပ်တော့ ရှောင်စရာလည်းမလိုဘဲ နေအိမ် မှာပဲ အေးအေးဆေးဆေး နေနေတာ။ ရှာတဲ့အခါ ဘာမှလည်း သူတို့ မတွေ့ရဘဲနဲ့ ဖမ်းသွားတာ။ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပဲ။ နောက်တော့ စစ်ကြောရေးမှာဆိုပြီး သတင်းပျောက်နေရာက ခုမှ အိုးဘိုရောက်ကြောင်းသိရတာ” ဟု ထိုသူက ပြောသည်။

“လူကတော့ တော်တော်ပိန်သွားတယ်၊ တော်တော်နှိပ်စက်ခံလိုက်ရတယ်လို့လည်း ကြားတယ်” ဟု ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး သူက ပြောသည်။

ဧရာဝတီသတင်းဌာန၏ ဓာတ်ပုံသတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ကိုဇော်ဇော်သည်   ဧပြီ ၉ ရက်နေ့က နံနက်စာ စားရန် မိသားစုနှင့်အတူ  မန္တလေးမြို့သစ် ၆၃ လမ်းဘက်သို့ သွားရာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့  (စရဖ)  တပ်ဖွဲ့ဝင်များဟု ယူ ဆရသူတို့က လမ်းတွင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများကို ကိုးကား၍ မြို့ခံတစ်ဦးက ဆိုသည်။

“သူတို့ကားနောက်ကို အရပ်ဝတ်နဲ့ စရဖတွေက လိုက်လာတာ။ အဲဒီမှာ ကားကိုရပ်ခိုင်းပြီး စစ်ဆေးတယ်။ ကိုဇော်‌ဇော် ကို လက်ထိပ်ခတ်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ မြို့ခံက ပြောသည်။

“သူ  (ကိုဇော်ဇော်) က ဘာလို့ဖမ်းတာလဲ ၊ ဘာအပြစ်ရှိလို့လဲ ပြောတယ်။ ငါက အလုပ်ထွက် ထားတာလည်း ကြာပြီ။ မယုံရင် ငါ့အိမ်လိုက်စစ်လှည့်ဆိုတော့ ကားကို သူတို့မောင်းလာပြီး လက်ထိပ်ခတ်ပြီး အိမ်ကို ခေါ်လာကြတယ်”

အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း၊ နန်းရှေ့ ရေနီမြောင်းအနီး ကိုဇော်ဇော်၏နေအိမ်သို့ရောက်သောအခါ နောက်ထပ် စစ်ကောင်စီတပ်သား ၃ ဦး ရောက်လာပြီး နေအိမ်အတွင်း မွှေနှောက်ရှာဖွေခဲ့သည်။

ထို့နောက် ကိုဇော်ဇော်၏လက်ကိုင်ဖုန်းနှင့် Laptop ကွန်ပြူတာ၊ သမီးဖြစ်သူ၏ လက်ကိုင်ဖုန်း၊ ၎င်းဖခင် ဖြစ်သူ၏ လက်ကိုင်ဖုန်းတို့ကိုပါသိမ်းယူသွားပြီး ကိုဇော်ဇော်ကို ခေါ်ဆောင်သွားခဲ့သည်။ 

ကိုဇော်ဇော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

သတင်းလုပ်ငန်းကို နှိပ်ကွပ်မှု

စစ်တပ်အာဏာသိမ်းပြီးနောက် အထက်မြန်မာပြည်သတင်းသမား အများအပြားက  သတင်းလုပ်ငန်း ရပ်ဆိုင်းထားကြသည်။ ထိုအခြေအနေမှာပင် သတင်းသမားများကို ဖမ်းဆီးနေခြင်းဖြစ်သည်။  

ဧပြီ ၅ ရက်နေ့က မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦးသည်လည်း အကြမ်းဖက်ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်ဟု ၎င်း၏ ရှေ့နေထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီကလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဒုအယ်ဒီတာ ကိုပြည့်ဖြိုးအောင်၊ သတင်းထောက် ကိုမြင့်မြတ်အောင် (ခေါ်)  ကိုဒီမြတ်ငြိမ်းတို့ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ  ပစ်မှတ်ထား ဖိနှိပ်နေသည့်ထဲတွင်  သတင်းသမားများလည်း ပါဝင်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် အထက်မြန်မာပြည် သတင်းထောက်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့သတင်းသမားတွေမှ မဟုတ်ပါဘူး။ မလုံခြုံဘူးဆိုတာ တစ်နိုင်ငံလုံးခံစားနေရတဲ့ကိစ္စပါ။ သတင်းလွတ်လပ်ခွင့်တွေဘာတွေဆိုတာ ဝေးသေးတယ်။ အခုကြည့်လေ တစ်နိုင်ငံလုံးတောင် လွပ်လပ်ရေးမရ စုတ်ပြတ်နုံချာနေတာ။ သူတို့လက်ထက် အကုန်ဆုတ်ယုတ်လာတာ” ဟု သူက ဆိုသည်။

နိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သည်ဟု ယူဆသူများကို လိုက်လံဖမ်းဆီးနေရာ ဆက်လက် အဖမ်းခံထားရသူ တစ်သောင်းကျော် ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။

သတင်းသမား ၅၀ ထက်မနည်း ဆက်လက် ချုပ်နှောင်ခံထားရသည်ဟု သတင်းထောက်များ ဖမ်းဆီးခံရ မှုအခြေအနေကို စောင့်ကြည့် မှတ် တမ်းတင်နေသူများထံမှ သိရသည်။  

ဤအခြေအနေကြောင့်  ဒေသအသီးသီးရှိ သတင်းသမား အများအပြား ခြေရာဖျောက်နေကြသည်။ 

သတင်းသမားဖြစ်ခြင်းကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်၍သာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ပြန်ကြားရေးအရာရှိ  ဗိုလ်ချုပ်ဇော်မင်းထွန်းက  တုံ့ပြန်လေ့ရှိသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s