ရေပုတ်-တောမ လမ်းဆုံအထိ အချိန်အကန့်အ သတ်ဖြင့်သွားလာခွင့်ပြုကြောင်း ထီးလင်း PD F ကြေညာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းက ပြည်သူများ၏ လုံခြုံရေးကြောင့် သွားလာခွင့်ပိတ်ပင်ထားသည့် ဂန့်ဂေါ -ကျော လမ်းပိုင်းများထဲမှ ရေပုတ်-တောမ လမ်းဆုံအထိကို အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပြန်ခွင့်ပြုလိုက်ကြောင်း ထီးလင်း-PDF မှ ယနေ့မေလ ၁၈ ရက်တွင် ကြေညာလိုက်သည်။
ထီးလင်းမြို့နယ်အတွင်းရှိ ဂန့်ဂေါ-ကျော လမ်းပိုင်းများကို မေလ ၁၅ ရက်နေ့တွင်သွားလာခွင့် စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ကာ သုံး ရက်အကြာမှ ရေပုတ်-တောမ လမ်းဆုံအထိကို မနက် ၆ နာရီမှ ညနေ ၅ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“ရေမျက်နီလမ်းပိုင်းကိုတော့ ယနေ့အချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။ လမ်းကြောများပိတ်ထားတာဟာ မိဘပြည်သူတွေရဲ့ လုံခြုံရေးအတွက်ဖြစ်လို့ နားလည်ပေးစေချင်ပါတယ်” ဟု ထီးလင်း-PDF သတင်းပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ထုတ်ပြန်ချက်အားလိုက်နာမှုမရှိဘဲ ခရီးသွားလာမှုများပြုလုပ်ခဲ့ပါက ဆုံးရှုံးနစ်နာမှုများအပေါ် လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ကိုလည်း ထီးလင်း-PDF မှထုတ်ပြန်ကြေညာထားသည်။
မေလ ၁၆ ရက်နေ့တွင် ရေမျက်နီကျေးရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွဲရန် PDF များဝင်ရောက်လာခဲ့ပြီး ထီးလင်း-PDF မှ ရဲဘော်တစ်ဦးကျည်ထိမှန်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်မှုစာရင်းကို မသိရသေးပေ။
မေလ ၁၅ ရက်နေ့ကလည်း ထီးလင်းမြို့နယ်က ရေမျက်နီရွာအနီးရှိ အင်အား ၃၀ ခန့်ပါသော ဘုရားကိုးဆူ ကျေးစလောင်းတောင်ကင်းစခန်းကို PDF ပူးပေါင်းတပ်မှဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကျေးစလောင်းတောင်ကင်းစခန်းတိုက်ပွဲဆင်နွှဲပြီးပြန်လည်ဆုတ်ခွာလာသည့် PDF ပူးပေါင်းတပ်များကို ပြည်သူများမှ အောင်သပြေဖြင့်ကြိုဆိုကာ ထမင်းများကျွေးမွေးဂုဏ်ပြုခဲ့ကြောင်းလည်း သိရသည်။ mizzima