ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကုလားမလက်ကောက်ကျရွာရှိ ပြည်သူ့နေအိမ်တွေကို မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပါတယ်။
“စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ကုလားမလက်ကောက်ကျရွာက ပြန်ထွက်ခွာချိန်မှာ ကျနော်တို့တပ်ဖွဲ့မှ ရဲဘော်များ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စ(–)၊ ပျူစောထီး သုံးကောင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်” လို့ နတ်တောင်နဂါး (ပကဖ) ပြောက်ကျားတပ်ဖွဲ့က မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွှေဘိုနယ် အရှေ့ခြမ်းရှိ ကုလားမလက်ကောက်ကျကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ မော်တော် ၄ စီးနဲ့ မေ ၁၇ ရက်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
အဆိုပါစစ်ကောင်စီအဖွဲ့ဟာ ကုလားမလက်ကောက်ကျရွာမှာ ကျန်ရှိနေတဲ့ ပြည်သူ့အိမ်တချို့ကို ထပ်မံမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေ၊ လှည်းတွေနဲ့ ခိုးယူသယ်ဆောင်လာပြီး အပြန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
မေ ၁၆ ရက်ကလည်း ရွှေဘိုနယ်အရှေ့ခြမ်း၊ တအုံရွာအရှေ့ဘက် ကျွန်းတောကြီးအနီးမှာ ကျောက်မြောင်းစခန်းမှူးရဲ့ကားကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ရှေ့ထွက်မိုင်း ၄ လုံးနဲ့ သွားရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ နတ်တောင်နဂါး (ပကဖ) ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုကို နတ်တောင်နဂါးတပ်ဖွဲ့နဲ့ GHOST RIDER Special Task Force BURMA တပ်ဖွဲ့၊ ShweBo SBDF 1 မှ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဝေးကနေ တိုက်ခိုက်တဲ့အတွက် ထိခိုက်ကျဆုံးစာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ DVB