CDM ကျောင်းသား ID လျှောက်ထားမှု ပထမအသုတ် ယာယီရပ်ဆိုင်း၊ မျှော်မှန်းသည်ထက် ပါဝင်ကြကြောင်း အ.က.ရ ဗဟို ဥက္ကဌပြောကြား

Basic Education Student Affairs Federation – BESAF ၏စီစဉ်မှုဖြင့် CDM ID Code နှင့် ID Card ထုတ်ဝေပေးနိုင်ရန် ဧပြီလ ၂၀ ရက်နေ့မှစ၍ လျှောက်လွှာခေါ်ယူရာတွင် ပထမအသုတ်ကို ယာယီရပ်ဆိုင်းထားပြီး မျှော်မှန်းထားသည်ထက်ပြည်သူများက ပါဝင်ကြကြောင်း အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ်(အ.က.ရ – ဗဟို)၏ ဥက္ကဋ္ဌထံက သိရသည်။

“လျှောက်လွှာရပ်ရတဲ့ အကြောင်းအရင်းကတော့ ဒါ ယာယီ pause လုပ်တဲ့သဘောပါ။ ကျွန်တော်တို့ ဖောင်တွေကို စီစစ်မှုလုပ်ပြီး၊ ပြန်လည်ဖြန့်ဝေရေး လုပ်ဖို့အတွက် ခဏရပ်နားလိုက်တာပါ။ ပြီးတော့ ကျွန်တော်တို့ နည်းပညာပိုင်းလိုအပ်တာတွေ ပြင်ဆင်ဖို့ပါ။ တခြားအကြောင်းတော့မရှိပါဘူးဗျ” ဟု ဥက္ကဋ္ဌ ကိုကောင်းခန့်ကျော်က မဇ္ဈိမကို ပြောသည်။

အာဏာသိမ်းကာလမတိုင်မီ သင်ရိုးဟောင်း ခုနစ် တန်းမှ ၁၀ တန်းအထိ တက်ရောက်ခဲ့သူများကို ပထမအသုတ်အနေဖြင့် လျှောက်လွှာခေါ်ဆိုခဲ့ရာ ၁၀တန်း စနစ်သစ်၊ စနစ်ဟောင်းမှ CDM ကျောင်းသား၊ ကျောင်းသူများက အများစုလျှောက်ထားကြပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့က လျှောက်ထားမှုအများဆုံးဖြစ်ကြောင်းသိရသည်။

ထို့အပြင် အလယ်တန်းအတွက်ကိုလည်း မိဘများ၏ တောင်းဆိုမှုများရှိနေကြောင်း ဆိုသည်။

ပထမအသုတ်အတွက် လက်ခံရရှိသော လျှောက်လွှာအရေအတွက်နှင့်ပတ်သက်ပြီး ကိုကောင်းခန့်ကျော်က အခုလိုဆက်ပြောသည်။

“ကျွန်တော်တို့ဖောင်အရေအတွက် တစ်သောင်း သုံးရာကျော်ပါတယ်။ လက်နက်ကိုင်ရဲဘော်တွေလည်း ပါတယ်ပေါ့နော်။ ကျွန်တော်တို့တွေကို ပြည်သူက ယုံလို့အခုလို အချက်လက်တွေကို သောင်းနဲ့ချီဖြည့်ပေးတာကို ဂုဏ်ယူသလို ကျေးဇူးလည်းတင်ပါတယ်။ တစ်သောင်းကျော်ဆိုတာကလည်း ကျွန်တော်တို့ဘက်က ယာယီရပ်လိုက်လို့ပေါ့ဗျာ။ မဟုတ်ရင်တော့ ဆက်၀င်နေမှာပါ။ ကျွန်တော်တို့ မျှော်မှန်းထားတာထက် ပြည်သူက ပါ၀င်ကြပါတယ်” ဟူ၍ ဖြစ်သည်။

CDM ID Form ကို အွန်လိုင်းမှ အလွယ်တကူ ဖြည့်သွင်းနိုင်သော်လည်း အင်တာနက် ခက်ခဲသည့် ကျေးရွာက ကျောင်းသား ၃၀၀ကျော်နီးပါးကို CDM ID ထုတ်ပေးရန် စီစဉ်နေပြီး နောက်ပိုင်းတွင်လည်း ခက်ခဲသည့် ဒေသများက ကျောင်းသား၊ကျောင်းသူများအတွက် ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်သွားရန် ကြိုးစားလျက်ရှိကြောင်းဆိုသည်။

ထိုကဲ့သို့ ချိတ်ဆက်နိုင်ရေး အတွက်လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ ကျောင်းသားအဖွဲ့အစည်း၊ ဆရာအဖွဲ့အစည်း၊ ရပ်ရွာအခြေပြု အဖွဲ့များနှင့် နယ်မြေစိုးမိုးမှုရှိသည့် တပ်ဖွဲ့များကိုလည်း ၎င်းတို့နှင့်အတူ လက်တွဲဆောင်ရွက်ကြဖို့ အ.က.ရ ဗဟို ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။

CDM လုပ်ခြင်း၊ မလုပ်ခြင်းဟာ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း ယခုအချိန်တွင် CDM ကျောင်းသားများမှာ မျှော်လင့်ချက်မဲ့လာချိန်၌ CDM ID သည် ၎င်းတို့အတွက် ကောက်ရိုးတစ်ရိုးပမာ ရေနစ်နေသူအတွက် မျှော်လင့်ချက်တစ်ခုအနေဖြင့် ယူဆပြီး CDM ကျောင်းသားထုအခွင့်အရေးနှင့် အာမခံချက်ပိုမိုခိုင်မာလာရန် အတွက် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

Student CDM ID များ လျှောက်ထားရန်အတွက် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်၏ Facebook စာမျက်နှာ Basic Education Student Affairs Federation – BESAF တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s