Monthly Archives: May 2022

စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်သွား ရောက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့  ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ မေလ ၁၉ ရက် ဒီကနေ့ တာချီလိတ်လေဆိပ်ကနေတဆင့် လေယာဉ်နဲ့ နေပြည်တော်ကို ခရီးထွက်ခွာသွားပါတယ်။ 

ဗိုလ်ချုပ်ကြီးယွက်စစ်ကို ရွှေတြိဂံတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့သလို ရှမ်း၊ ပအိုဝ်း၊ လီစူး၊ အခါ၊ လားဟူစတဲ့ တိုင်း ရင်းသားဝတ်စုံဝတ်ထားသူတွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထောက်ခံတဲ့ စာတန်းတွေရေးထိုးထားတဲ့ ပိုစတာတွေကိုင်ပြီး ကြိုဆို နေတာကို တွေ့ရပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) ၁၀ ဖွဲ့နဲ့  မေလ ၂၀ ရက်နေ့ စတင်ပြီး နေပြည်တော်မှာ စတင်တွေ့ ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ ဒီနေ့နေပြည်တော်မှာ ပြုလုပ် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ DVB

စီးပွားရေးလုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီပြင်ဆင်နေ

စီးပွားရေးလုပ်ငန်းများအပေါ် အခွန်များတိုးမြှင့်ကောက်ခံရန်ပြင်ဆင်နေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည် တော်တွင် ယနေ့ မေလ ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

ပြည်သူလူထုက ပေးဆောင်ရသည့် သာမာန်အခွန်အပေါ်တွင် နှုန်းထားများ များစွာ တိုးမြှင့်ကောက်ခံရန် မရှိဘဲ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သတ်ပါက ယင်းသို့ လုပ်ဆောင်သွားရန်အစီအစဉ်ရှိသည်ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခွန်နှုန်းထားတွေနဲ့ ပတ်သတ်လို့ အချို့သောအခွန်နှုန်းထားတွေကတော့ သင့်တင့်တဲ့နှုန်းနဲ့ ကောက်ခံဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အခွန်နှုန်းထားများတိုးမြှင့်ကောက်ခံရန် မရှိ၊ မရှိနှင့်ပတ်သက်၍မေးမြန်းသည့် မေးခွန်းတစ်ခုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများရှိ IMEI နံပါတ်ကို မှတ်ပုံတင်ခိုင်းပြီး အခွန်ကောက်ရန် စစ်ကောင်စီက ပြင်ဆင်နေကာ အခွန်မပေးဘဲ ဝင်ရောက်လာသည့် ဖုန်းများရှိသည့်အတွက် ယင်းအပေါ် ကန့်သတ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့သည် အခွန်စနစ်တွေနဲ့ ပတ်သတ်တာပဲဖြစ်ဖြစ်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် စည်းကမ်းနည်းလမ်းကျအောင်တော့ ဆက်လုပ်သွားရမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပို့ကုန်လုပ်ငန်း ဆောင်ရွက် ခဲ့သောကုမ္ပဏီများကို ပို့ကုန်ရငွေများသုံးလအတွင်းဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့်ပြန်လည်မဝင်ရောက် သည့် ကိစ္စဖြင့် Blacklist (အမည်ပျက်စာရင်း) သွင်းခြင်းများပြုလုပ်နေသည်။

အလားတူ သွင်းကုန်ပိုင်းတွင်လည်း NLD အစိုးရလက်ထက်က လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန် ပစ္စည်းများကို လိုင်စင်ပြန်လျှောက်ခိုင်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်။ mizzima

ရန်ကုန်၊ မြို့နယ်အချို့တွင် ဆိုင်ကယ်စီးသူများကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေတောင်းနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ လူစည်ကားရာ လမ်းမတွေပေါ် ဆိုင်ကယ်စီးသူတွေကို  လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူတာ၊ ဒဏ်ငွေဆောင်ခိုင်းတာနဲ့ ဆိုင်ကယ်သိမ်းဆည်းတာတွေ  ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ယုဇနဥယျာဉ်မြို့တော်မှာ  ဆိုင်ကယ်စီးလို့ အဖမ်းခံရသူတယောက်က “ကျနော်တို့ နေရာက မော်တော်ယာဉ်အရမ်းရှုပ်တဲ့နေရာလည်း မဟုတ်ဘူး။ ဆိုင်ကယ်လေးနဲ့ပဲ မြို့နယ်အတွင်း ဟိုနားဒီနားသွားရတာ။ အတော်များများကတော့ လိုင်စင်မရှိကြဘူး။ ဆိုင်ကယ် ဖမ်းတော့ ယာဉ်ထိန်းတင်မကဘူး၊ စစ်တပ်ကပါ လက်နက်တွေနဲ့ ဖမ်းတာ။ လမ်းမကြီးပေါ်မှာ ဖမ်းတယ်။ လမ်းသွယ်ထဲက သူတို့ လူတွေဆီ  သုံးသောင်း သွားဆောင်ရတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်စီးလို့ မြို့နယ်တချို့မှာ ဒဏ်ကြေးဆောင်ရုံနဲ့ ပြီးသွားပေမဲ့ တချို့မြို့နယ်တွေမှာတော့ ဆိုင်ကယ်သိမ်းတာ ခြိမ်းခြောက်ပြောဆိုတာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြုလုပ်တာတွေရှိပါတယ်။

အင်းစိန်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီဆွဲသူ တဦးက “အင်းစိန်မြို့နယ်ထဲမှာ ကျနော်တို့က ဆိုင်ကယ်ကယ်ရီဆွဲစားတာ။ ဒီကာလကြီး စားဝတ်နေရေးကျပ်တည်းနေတော့ ဆိုင်ကယ်လေးနဲ့ စားဝတ်နေရေးဖြေရှင်းရတယ် လွန်ခဲ့တဲ့ ၂ ရက်က စစ်တပ်ကော ရဲကော ဆိုင်ကယ်ကို ဖမ်းပြီး သိမ်းလိုက်တယ်။ ဆိုင်ကယ်စီးရင် ပစ်မယ်လည်း ပြောတယ်။ ကျနော်နဲ့အတူ ဆယ်စီးလောက် အသိမ်းခံရတယ်”လို့ ပြောပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ်တရားဝင်စီးခွင့်မရပေမဲ့ တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာတော့ ဆိုင်ကယ် စီးနင်းတာတွေရှိနေပြီး စစ်အာဏာ သိမ်းအပြီးနောက်ပိုင်းမှသာ စစ်တပ်က ယာဉ်ထိန်းရဲတွေနဲ့ ပူးပေါင်းကာ  ဖမ်းဆီးငွေတောင်းတာတွေ ပြုလုပ်လာတာပါ။

သမိုင်းလမ်းဆုံ လုံခြုံရေးဂိတ်မှာ  မေ ၁၇ ရက်က  ဗုံးပစ်ဖေါက်ခွဲခံရပြီးနောက်ရက်မှ စတင်ကာ သန်လျင်မြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ ယုဇနဥ ယျာဉ်မြို့တော်တွေမှာ ဆိုင်ကယ်တွေကို ဆက်တိုက် ဖမ်းဆီးနေတာဖြစ်ပါတယ်။ DVB

တနင်္သာရီတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို PDF ချုံခိုတိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ယမန်နေ့ (မေ ၁၈) နံနက်က  ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF) တာဝန်ရှိသူထံမှ သိရသည်။ 

သိန္ဓောကျေးရွာအုပ်စု၊ ဘန်းပြည့်အနောက်ကမ်းကျေးရွာအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  ထိုအမျိုးသမီးက ပြောသည်။ 

“ဘန်းပြည့်ရွာကို ဘန်းပြည့်ကျွန်းကနေ ကူးလာတာ။ တိုက်ပွဲ အချိန် ၄ နာရီခွဲလောက်ကြာတယ်။ စစ်တပ်ဘက်က ၅ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရသွားတယ်။ PDF တွေကတော့ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်လာခဲ့တယ်” ဟု အဆိုပါ တာ၀န်ရှိ အမျိုးသမီးက ပြေ

ာသည်။

မရင်းကြီး၊ တကူ၊ ဘန်လေ၊ ဘန်းပြည့်၊ ကျွဲကူး၊ ငရုတ်ပင် စသည့်ကျေးရွာများကို ဖြတ်သန်းချီတက်နေသည့် စစ်တပ်က  ယမန်နေ့ ( မေ ၁၈) တိုက်ပွဲအပြီးတွင် ဘန်းပြည့်ကျေးရွာသား ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညနေတွင် ပြန်လွှတ်ပေးခဲ့ကြောင်း  ၎င်းက ဆက်ပြောသည်။ 

“စစ်ကြောင်း ထိုးနေတာကတော့ နေရာအစုံပဲ။ ၆ နေရာတောင် ခွဲပြီးထိုးနေတာ။ အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်း ထိုးနေတယ်” ဟု ၎င်းက ပြောသည်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် သိန္ဓောကျေးရွာအုပ်စုကို စစ်ကောင်စီက ပစ်မှတ်ထား နေရာ ပြီးခဲ့သည့်  ဧပြီ ၂၂ တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုင်သတ္ထုကျေးရွာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့သည်။ 

နေအိမ်များကို ပစ်ခတ်သည်၊ အရပ်သားတို့ကို စစ်ကြောင်းချီရာတွင် ဓားစာခံအဖြစ် သုံးသည်ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

တနင်္သာရီ PDF ခေါင်းဆောင်ကလည်း စစ်ကောင်စီတပ်က သိန္ဓောကျေးရွာအုပ်စုကို  ရေကြောင်းရော၊ ကုန်းကြောင်းမှပါ စစ်ဆင်နေသည်ဟု ပြောသည်။ 

“သူတို့စစ်ကြောင်းကတော့ သိန္ဓောဘက်ကို ဦးတည်ပြီးထိုးနေတာ၊ ဒီနေရာမှာပဲ အဖြစ်များတာကို တိုက်ပွဲကလည်း” ဟု ၎င်းက ပြောသည်။ 

“ရှေ့လက အဲဒီနားကရွာကို မီးရှို့တယ်။ ရွာသားတွေကိုလည်း ရိုက်နှက်တာမျိုးတွေ ရှိတယ်”

ပြီးခဲ့သည့် ဧပြီ ၂၃ က ပြည်ကြီးမဏ္ဍိုင်မြို့ အရှေ့ဘက်ရှိ ရတနာပုံကျေးရွာနှင့် ၁၀ မိုင်ကျော်အကွာ ထိုင်းနယ်စပ် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်သည်ဟု ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ဧပြီ ၂၆ က သတင်းထုတ်ပြန်သည်။ 

ထိုတိုက်ပွဲတွင် စစ်သား ၃ ဦး သေဆုံးကာ စိန်ပြောင်း၊ သေနတ် ၃ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိသည်ဟု ထိုအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ဧပြီ ၂၄ ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်မဟာ ၄၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်၊ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထားဝယ်မြို့ အရှေ့ဘက် ၁၀ မိုင်အကွာ ထားဝယ်-ထီးခီး လမ်းပေါ်ရှိ  ပကာရီကျေးရွာရဲစခန်းကို  ဝင်ရောက်စီးနင်းခဲ့သည်။ 

ထိုသို့ စီးနင်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ် ရန်ပြုမည်ကိုစိုးရိမ်သဖြင့် ပကာရီကျေးရွာ၊ ရှစ်မိုင်ကျေးရွာ၊ မဲချောင်းကျေးရွာများမှ တိမ်းရှောင်နေကြရသူ  ၅၀၀၀ ကျော် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ဒေသတွင်း စစ်ရေးတင်းမာလာချိန် မေ ၁ တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကော့သောင်းမြို့၌ စစ်ကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်ရေချုပ်၊ ကြည်းချုပ်နှင့် ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်တိုင်းမှူးများကို တွေ့ဆုံခဲ့သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်များ မလှုပ်ရှားနိုင်ရန်နှင့် ဒေသခံများကြောက်စိတ်ဝင်ရန် စံနမူနာပြအနေဖြင့် ချေမှုန်းတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု သိရကြောင်း တပ်တွင်းသတင်းပေးများကို ကိုးကား၍ ထားဝယ်အရှေ့တောင်ပြည်သူကာကွယ်ရေးအင်အားစု၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“စိုးဝင်း ရောက်လာပြီးတော့ အမိန့်ပေးခဲ့တာကို သိရတယ်။ ဘယ်လိုပေးခဲ့လဲဆိုတော့ (ထားဝယ်မြို့) အရှေ့တော တစ်ကြောကို နမူနာပုံစံဖြစ်အောင် ဂျက်ဖိုက်တာနဲ့ ဗုံးကျဲလို့ရရင်လည်းကျဲ၊ ဗုံးကျဲလို့ မရရင်လည်း အဲ့ဒီရွာက အိမ်တွေကို မီးရှို့ပစ်ပေါ့” ဟု ၎င်းက ဆိုသည်။

မေ ၁၄ တွင် ထားဝယ်မြို့နယ် ကျောက်မဲတောင်ရဲစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း ခံကတုတ်ခိုင်မာပြီး စနိုက်ပါများ အားကောင်းသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ပွဲတွင် KNDO အထူးတပ်ရင်းမှ ဗိုလ်ဆယ်ပြား (ခေါ်) စောကီဆူးနှင့် ထားဝယ်ခရိုင် PDF မှ ရဲဘော်ဂျပန်တို့ ကျဆုံးကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ထားဝယ်မြို့အရှေ့ဘက်တစ်ကြောကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသည်၊  မေ ၁၅ ရက်နေ့က ထားဝယ်-ထီးခီးလမ်းပိုင်း ဘဲ့မဲ့တတ်တောင်အနီးတွင် အင်အား ၂၂၀ ရှိသော စစ်ကောင်စီ စစ်ကြောင်းကို လက်လုပ် RPG ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းမကွဲသဖြင့် လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်သည် ၂၀ သေဆုံးခဲ့သည်ဟု ထိုအဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်မှ ၂၀ သေသည် ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မေလဆန်းအထိ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိတွင် နှစ်ဖက်တပ်များမှာ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ပုလော PDF ခေါင်းဆောင်က ပြောသည်။

“ပြည်ထောင်စုလမ်းမပေါ်ကနေပြီး ဖြတ်သွားဖြတ်လာလုပ်တာတော့ရှိတယ်။ မေ ၇ ရက်နေ့ ၈ ရက်နေ့မှာ သူတို့ရဲ့ သွားလာမှုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်။ အဲဒီနောက်ပိုင်းတော့ သူတို့ဘက်က လမ်းမကြီးက သွားတာမျိုး စစ်ကြောင်းထိုးတာမျိုးတော့ မရှိတော့ဘူး” ဟု ဆိုသည်။ 

ပုလောမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်အင်အား ၂၀၀ ခန့် ရောက်ရှိနေပြီး လက်နက်ကိုင်ခုခံသူ၊ အာဏာဆန်သူတို့ကို ချိတ်ဆက်ထောက်ပံ့သည်ဟု သံသယဖြစ်ခံရသူများ ယခုရက်ပိုင်း အဖမ်းခံနေရကြောင်း၊ အာဏာသိမ်းပြီးချိန်မှ ယနေ့ ( မေ ၁၉) အထိ ထိုမြို့နယ်မှ ၄၇ ဦး ဖမ်းဆီးခံထားရကြောင်း ပုလောမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။ 

“ခုလောလောဆယ်တော့ သူတို့က ရေကြောင်းကနေလာပြီးတော့ လူစုတာတွေရှိတယ်။ နေရာလိုက်ကြည့်တာတို့၊ အင်အားအလုံးအရင်းနဲ့ သွားလာလှုပ်ရှားနေတာတွေတော့ရှိတယ်” ဟု ထိုလူငယ်က ဆက်ပြော သည်။ 

လက်တလောတွင် ထားဝယ်အရှေ့ဘက်ကို စစ်ကောင်စီက ပစ်မှတ်ထားနေသော်လည်း ဒေသတစ်ခုလုံးကို စစ်ဆင်ရာတွင် သတ်ဖြတ်မှု၊​ အိမ်မီးရှို့မှု များပြားသော စစ်ကိုင်းတိုင်းစစ်ဆင်ရေးအတိုင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု သိရကြောင်း T3 ဇုန် ပြည်သူ့ကာကွယ်ရေးတပ် (မြိတ်ခရိုင်) တပ်ဖွဲ့ဝင် တစ်ဦးက Myanmar Now ကို ပြောသည်။

“တနင်္သာရီတိုင်းကို စစ်ကိုင်းတိုင်းလို စစ်ဆင်ရေးလုပ်မယ့်သတင်းတွေကြားထားတယ်။ အဓိကက EROs တွေရဲ့ နယ်မြေတွေကို ချေမှုန်းမယ်ဆိုတာမျိုးသိရတယ်။ လေကြောင်းပစ်ကူတွေ ပိုပြီးတော့ အသုံးပြုမယ့်သဘောမျိုး တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

မြိတ်အခြေစိုက် ခြေလျင်တပ်ရင်း  ၁၀၁၊ ၁၇ တို့ အဓိကလှုပ်ရှားနေသည့် တနင်္သာရီဒေသတွင် စစ်သည်အင်အားနှင့် ရိက္ခာဖြည့်တင်းနေကြောင်း၊  မွန်ပြည်နယ်အခြေစိုက် တပ်ရင်းများကို အသုံးပြုလာသည်ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်က (စစ်ကောင်စီတပ်)ရဲ့ဗျူဟာပျက်အောင်ဖျက်ဖို့ အစီစဉ်ချထားပြီးသားပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရာတွင် တနင်္သာရီသည် အားအကောင်းဆုံး ဒေသတစ်ခု ဖြစ်ပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုတွင် ပြောက်ကျားနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၀ ထက် မနည်း ရှိနေသည်။

ထိုအဖွဲ့များက စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း စသည့်နည်းလမ်းများကို အများအားဖြင့် အသုံးပြုကြသည်။

လက်တလောစစ်ရေးအခြေအနေများကြောင့် ကော့သောင်းခရိုင်အတွင်း လမ်းအသုံးပြုသူများ စစ်ကောင်စီယာဉ်များနှင့် နီးနီးကပ်ကပ် သွားလာမှု မပြုရန် ကော့သောင်းခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ တွင် သတင်းထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ထားဝယ်-ထီးခီးလမ်း၊ ထိုလမ်းကို ဝင်နိုင်သည့် ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ မောင်မယ်ရှောင်-ရေဝိုင်းလမ်းနှင့် ဆက်စပ် လမ်းများကို နေ့အချိန်တွင်သွားရန်၊ စစ်ဆေးမှုများကိုပူးပေါင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ၏  တနင်္သာရီဒေသ-စစ်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ myanmar now

ကလေးနှင့် မြောင်မြို့နယ်တို့က နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုလ်ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်တပ်သားတွေက မေ ၁၈ ရက်ကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ကုက္ကိုလ်ကျေးရွာက‌ ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၁၅ ရက်လောက် ရှိပြီဖြစ်ပြီး မေ ၁၄ ရက်ကလည်း တိမ်းရှောင်ရာတောထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထပ်မံ ထွက်ပြေးတိမ်း‌ရှောင်‌နေကြရပြီး စားဝတ်နေရေး အခက် အခဲတွေ ဖြစ်ပေါ်နေပါတယ်။

“အခုတော့ သူတို့နဲ့ဝေးတဲ့နေရာကို ရောက်နေတယ်။ အစကတော့ တောထဲမှာ ဆောက်ထားတဲ့ ယာယီစစ်ရှောင်တဲတွေဆီ ပြေးကြတာ။ အဲဒီပြေးတဲ့ဆီကို သူတို့က လေယာဉ်တွေနဲ့ပစ်လို့ ပြန်ပြီးပြေးကြရတာ။ ခက်ခဲတာကတော့ ပြောပြလို့တောင် ကုန်မှာမဟုတ်ဘူး။ တော်တော်ခက်ခဲတယ်။ ဆန်တွေ ဆီတွေလည်း အများကြီးမပါဘူး။ ရွာကို မီးရှို့နေတာကို အဝေးကနေပဲ လှမ်းကြည့်နေရတယ်။ မနေ့က ရှားတောကိုရှို့တော့ အ ခုတော့ ကျမတို့ရွာအလှည့်ပေါ့” လို့ ရှားတောကျေးရွာက စစ်ဘေးရှောင် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကုက္ကိုလ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ဝန်းကျင် နေထိုင်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းက တင်သားကျေးရွာအုပ်စုဘက်ကို အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ကျေးရွာကဒေသခံ နေအိမ်တွေကိုလည်း ရွာစဉ်ထိုး မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၃ လဝန်းကျင် ရှိနေပြီလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာကိုလည်း မေ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညနေ ၃ နာရီကျော်ကတည်းက ညောင်ကားယားရွာမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတာဖြစ်ပြီး ညနေ ၆ နာရီကျော်မှာ နေအိမ်တွေ မီးရှို့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီကောင်တွေ ဒီဘက်ကို ကားနဲ့ မလာရဲဘူး။ ခြေလျင်လာတာ။ လာရင်လည်း တယောက်နဲ့တယောက် အကျဲကြီးတွေ လျှောက်လာတာ။ ညောင်ကားယားကို ဝင်တာ ညနေ ၃ နာရီကျော်ကတည်းက။ အင်အားမရှိဘူးဆိုရင် ၇၀၊ ၈၀ ရှိမယ်။ ဒီည အဲဒီမှာ အိပ်မယ်ထင်တယ်။”

ရွာမှာ စစ်ကောင်စီတပ်သားများ ဝင်ရောက်ကတည်းက သက်ကြီးရွယ်အိုတွေကလွဲပြီး ကျန်သူတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ညောင်ကားယားရွာမှာ ညပိုင်းအထိ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် နေအိမ် ဘယ်နှလုံး မီးလောင် ဆုံးရှုံးတယ်ဆိုတာ အ တည်မပြုနိုင်သေးပါဘူး။ DVB

ပုသိမ်မြို့တွင် မီတာမဆောင်သည့်နေအိမ်များကို စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်းများက မီးလိုက်ဖြတ်

ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ မီတာမဆောင်သည့်နေအိမ်များကို စစ်ကောင်စီလက် အောက်ခံ EPC ဝန်ထမ်းများက မေလလလယ်ပိုင်းမှစတင်ကာ မီးလိုက်ဖြတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက် ၊ အမှတ် (၂)ရပ်ကွက်နှင့် အမှတ် (၃) ရပ် ကွက်အပြင် မြို့ပေါ်ရပ်ကွက်များမှ နေအိမ်များအား လျှပ်စစ်မီးလိုက်လံဖြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ ကျန်ခဲ့တဲ့လတွေကတော့ အာဏာသိမ်းပြီးတဲ့အချိန်ကနေ အခုအချိန်အထိ မီတာမဆောင်ခဲ့လို့ မီတာ ကြွေးသုံးသိန်းကျော်အထိတက်နေတဲ့ အိမ်တွေကိုမီးလိုက်ဖြတ်နေတာပါ။ အခုလမှာတော့ ကြွေးကျန်ရှိတဲ့ အိမ်အကုန်လုံးကို လိုက်ဖြတ်နေတယ်။ မီးဖြတ်မယ်လို့ ခြိမ်းခြောက်ပြောတာတွေလည်းရှိတယ်။ မီတာပုံး တွေကို ဖြုတ်ယူသွားတာမျိုးတော့မဟုတ်ဘူး။ ကြိုးတွေကိုလိုက်ဖြတ်နေတာပါ”ဟု ၎င်းက ပြောသည်။

ထိုသို့ မီးလိုက်လံဖြတ်တောက်ခြင်းများနှင့် ခြိမ်းခြောက်ခြင်းများပြုလုပ်နေသည့်အတွက် ပုသိမ်မြို့နယ် လျှပ်စစ်ရုံးတွင် မီတာခပေးဆောင်သူများ ယခင်လကထက် ပိုများလာကြောင်း ဒေသခံကဆိုသည်။ လက် ရှိတွင် ပုသိမ်မြို့ပေါ်နေ ဒေသခံများအနေဖြင့် မီးဖြတ်တောက်ခံရမည်ကိုစိုးရိမ်နေကြသည်ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့နယ် လျှပ်စစ်ရုံးတွင် ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မီတာခပေးဆောင်သူနည်း ပါးခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်းများ၏ ဖိအားပေးခြိမ်းခြောက်မှုများကြောင့် မီတာခပေးဆောင်သူများ ပြန်လည်များလာခြင်းဖြစ် ကြောင်း ဒေသခံ၏အဆိုအရ သိရသည်။ mizzima

ဖယ်ခုံ – ညောင်ရွှေကားလမ်းကို ပိတ်ကာ စစ် တပ်က နှစ်ဖက်ညှပ်ထိုးစစ်ဆင်

ကယားပြည်နယ်အစပ်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းတဝိုက်တွင် စစ်တပ်က နှစ်ဖက်ညှပ်စစ် ကြောင်းထိုးနေသည့်အပြင် ဖယ်ခုံ – ညောင် ရွှေကားလမ်းကို ပိတ်ထားသည်ဟုလည်း နယ်မြေခံ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

၁၄ မိုင်ခန့် ရှည်လျားသော ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းတလျှောက်ကို စစ်တပ်က နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိသည်ဆိုသော်လည်း အတိအကျ မသိရသေးပေ။​

ဖယ်ခုံအင်းတောင်ဘက် ဆီးမီလော့ကျေးရွာတွင် လွန်ခဲ့သည့်နှစ်ရက်မှစ၍ နယ်မြေခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်နေပြီး၊ အင်းအ ရှေ့မြောက်ဘက်ရှိ ဆောင်နန်းခဲရွာသို့ မေ ၁၃ ရက်က ရောက်လာသော စစ်ကြောင်းသည်လည်း ငါးမိုင်ခန့်အကွာရှိ လွယ်ပေါရွာသို့ ယနေ့ (မေ ၁၉) ရောက်ရှိလာသည်ဟု သိရသည်။

“ဒီနေ့လည်းဖြစ်နေတယ် နေ့တိုင်းဖြစ်နေတယ်။ အခုလည်းပစ်နေတယ်။ လွယ်ပေါဘက်မှာ တစ်ဖက်ဖြစ်တယ်၊ ဆီးမီလော့ဘက်မှာ တစ်ဖက်ဖြစ်တယ်။ သူက နှစ်ဖက်ညှပ်ပြီး ခွထိုးလာတာ။ တောင်နဲ့မြောက် ညှပ်ပြီးထိုးလာတာ” ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွယ်ပေါရွာသို့ ရောက်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသော်လည်း အသေးစိတ်အခြေအနေ မသိရသေးကြောင်း ၎င်းက ပြော သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဖယ်ခုံ PDF မှာ ကရင်နီဒေသ ကာကွယ်ရေးတပ်များနှင့်အတူ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်စ ခန်းကို မေ ၁၂ ရက်တွင် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် ၁၅ ဦးသေဆုံးကာ ငါးဦးအရှင်အဖမ်းခံရပြီးနောက် စစ်ကောင်စီက ထိုသို့ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။​

ဒေသခံကာကွယ်ရေးတပ်များ ရှိသည်အထင်ဖြင့် ဖယ်ခုံအင်းအရှေ့ဘက်တကြောကို ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်တပ်က မေ ၁၆ တွင် ထီရိရွာနှင့် ရှစ်မိုင်အကွာရှိ ဆောင်နန်းခဲရွာကို မီးရှို့ခဲ့သည်။​

ဖယ်ခုံအင်းတောင်ဘက်တွင် ယမန်နေ့က တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် KNDF တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတာဝန်ရှိသူများထံမှ သိရသည်။​

“ဟိုးအရင် ရက်တွေကတည်းက ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေပဲ။ ကြားထဲမှာ ပစ်လိုက်နားလိုက် ပစ်လိုက်နားလိုက်နဲ့ မနေ့က လက်နက်ကြီးကျတော့ ကျွန်တော်တို့ ရဲဘော်တစ်ယောက်ကျသွားတယ်။ သူတို့ဘက်လည်း ဆီးမီလော့စာသင်ကျောင်းထဲမှာ အလောင်းမကောက်နိုင်တဲ့ဟာတွေတောင် ရှိတယ်” ဟု ဖယ်ခုံ PDF တာဝန်ရှိသူက ဆိုသည်။

ဖယ်ခုံအင်းတောင်ဘက် ဆီးမီလော့ရွာအနီး တိုက်ပွဲတွင် သေဆုံးခဲ့သော KNDF တပ်ဖွဲ့ဝင်မှာ ရဲဘော်အောင် ရွှေဖြစ်ကြောင်း၊ လက်နက်ကြီးထိ၍ သေဆုံးခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။​

“ထီရိတိုက်ပွဲရဲ့ နောက်ဆက်တွဲလို့ ပြောရမယ်ပေါ့နော်။ သူတို့ အထိခိုက်များထားတော့ အလုံးရင်း ဝင်တိုက်တာပါ။ အဓိကတော့ လက်နက်ကြီးတွေကို လွိုင်ကော်အမြှောက်တပ်ကရော၊ ၄၂၂ (မိုးဗြဲရှိ ခမရ ၄၂၂ တပ်ရင်း) ထဲကနေရော ကူပစ်တာကြောင့် ကျွန်တော်တို့ အင်အားမမျှပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဖယ်ခုံအင်း အရှေ့ဘက်တကြောကို ထိုးစစ်ဆင်နေသောကြောင့် ဒေသခံရွာသူရွာသား နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာမီးရှို့ခံရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။​

ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲနှင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့ကို ဆက်သွယ်သော ဖယ်ခုံ – ညောင်ရွှေ ကားလမ်းပေါ်ရှိ မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီက ယမန်နေ့မှစ၍ ပိတ်လိုက်ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသွားသည်ဟု ဆိုသည်။​

ဖယ်ခုံအင်းတဝိုက် တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မေ ၁၇ ညပိုင်းက ဆောင်နန်းခဲရွာကို PDF များ မီးရှို့သည်ဟု စွပ်စွဲထားသည်။

ဖယ်ခုံအင်း အလယ်ရှိ ဒေသခံများ ခိုလှုံနေရာ လွယ်ပန်းစုံရွာတွင် မေ ၁၇ က လက်နက်ကြီးကျသဖြင့် ဒေသခံများ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရသည်။ လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရကာ ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံးပျက်စီးခဲ့သည်။​

ရွာထဲပြန်ဝင်၍ရသူများက ပစ္စည်းများ လာရောက်သယ်ယူနေသောကြောင့် ယနေ့နံနက်တွင် ဖယ်ခုံအင်းတလျှောက် စက်လှေအဝင်အထွက်များလျက်ရှိကြောင်း လွယ်ပန်းစုံရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။

“တချို့က လူပဲပြေးတယ် ပစ္စည်းက အနည်းအကျဉ်းပဲပါတယ်။ အခုက ရှိတဲ့ဟာတွေ အကုန်လုံးသယ်တာ ပေါ့နော်။ စစ်တပ်တွေက ဝင်ရောက် လာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ မီးရှို့ပြီးသား ပေါ့နော်။ အဲလိုယူဆတဲ့သဘောနဲ့ ရရာပစ္စည်းကို ယူသွားတာပေါ့” ဟု ၎င်းက ဆိုသည်။ myanmar now

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် EAOs ၁၀ ဖွဲ့ မေလ ၂၀ ရက်နေ့ စတင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တချို့နဲ့ မေလ ၂၀ ရက်နေ့ စတင်ပြီး နေပြည်တော်မှာ တွေ့ဆုံဆွေး နွေးသွားမှာဖြစ်တယ်လို့ မေလ ၁၉ ရက် ဒီနေ့ ပြုလုပ် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့အတွက် အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး အဲ့အထဲမှာ လားဟူဒီမိုကရက်တစ်အ စည်းအရုံးရဲ့ တာဝန်ရှိသူ တယောက်က  တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာပြဿနာတက်ခဲ့တဲ့ လားဟူအဖွဲ့စည်းလည်း တက်ဖို့ရှိပါတယ်။ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက သူတို့ နှစ်ယောက်သဘောနဲ့ မတက်ဘူးလို့ ဆုံးဖြတ်တာ အတွင်းရေးမှူးကတော့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ထားတာ သူကိုယ်တိုင် လာတက်မှာပါ။ အားလုံး တွေ့ဆုံဖို့အတွက် ၁၀ ဖွဲ့ရှိမယ်။ မနက်ဖြန်မှာ စတွေ့ပါမယ်”လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေဆုံဖို့ စာရင်းပေးထားတဲ့ အထဲက အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဥက္ကဋ္ဌတွေ ကိုယ်တိုင်လာတက်မှာဖြစ်ပြီး ကျန်တဲ့အ ဖွဲ့တွေကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အတွင်းရေးမှူးအဆင့် ကိုယ်စားလှယ်လွှဲထားတဲ့သူတွေလာတက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။ DVB

AA က ရိုဟင်ဂျာများကို စည်းရုံးနေပြီး စစ်​ကောင်စီယန္တရားကို အစားဝင်ထိုးနေသည့်အ ပြင် တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက် တိုက်ပွဲခေါ်နေပြီဟု ဇော်မင်းထွန်းပြော၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမနှင့်ပတ်သက်သောပုဂ္ဂိုလ်ရေးကိစ္စများပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆို

အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက AA က ရိုဟင်ဂျာများကို စည်းရုံးနေပြီး စစ်​ကောင်စီယန္တရားကို အစားဝင်ထိုးနေသည့်အပြင် တိုင်းစစ် ဌာနချုပ်ကို ခြိမ်းခြောက်တိုက်ပွဲခေါ်နေသည်ဟု ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“AAအနေနဲ့ အစိုးရလုပ်ငန်းယန္တရားတွေကို ဝင်ရောက်လုပ်ဆောင်တာတွေ ဝင်ရောက်နှောင့်ယှက်တာတွေတွေ့ရပါတယ်။ တော်တော်တော့သည်းခံရပါတယ်။ ဒီတရား စီရင်ရေးစနစ်တွေကအစ သူတို့ဆီမှာ လာပြီးတော့ တရားစီရင်ရမယ်ဆိုတာ တွေ့ရပါတယ်။ နောက်တစ်ခုကတော့ AA အနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင်ပေါ့ ၂၀၂၂ ဇန်နဝါရီလလောက်ကစပြီး ———-(ရိုဟင်ဂျာ) တွေနဲ့ပတ်သက်ပြီး လိုက်လံစည်းရုံးတာပေါ့။ ကျနော်တို့ သိရတဲ့ မှတ် တမ်းအရ ဆိုရင် အနည်း ဆုံး ၁၀ ကြိမ်နီးပါးလောက်ရှိပြီ။ သူတို့ ဘာတွေစည်းရုံးခဲ့လဲဆိုတာ ကျနော်တို့သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကဲဆတ်တဲ့လုပ်ငန်းဖြစ်တယ်” ဟု ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် AA သည် တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက်ပြီး တိုက်ပွဲခေါ်နေပြီဖြစ်ကြောင်း၊ ပြဿနာဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန်လည်း ၎င်းက ပြောဆိုသည်။

“နောက်တစ်ခုကတော့ နောက်ပိုင်းမှာ AA အနေနဲ့ သူတို့ ပြောတဲ့စကားတွေမှာ တိုက်ပွဲခေါ်နေတဲ့ပုံစံ၊ လက်နက် ကိုင် ပဋိပက္ခကို ခေါ်နေတဲ့ပုံစံမျိုး ကျနော်တို့ တွေ့ရလာရပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို ခေါ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ တိုင်းစစ်ဌာနချုပ်ကိုလည်း ခြိမ်း ခြောက် လာတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမ ဦးစံကျော်လှကို ပြည်ပထွက်ခွင့်ပြုသည့်ကိစ္စကိုပါ ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသည်။

“ပုဂ္ဂလိက ဆိုင်ရာ ပြောချင်ပါတယ်။ AA က ခေါင်း ဆောင် ဖြစ်တဲ့ ထွန်းမြတ်နိုင်ရဲ့ မိန်းမနဲ့ကလေးတွေ ဆွစ်ဇာလန်မှာ ရှိပါတယ်။ သူရဲ့ အဖေ ၊ ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဦးစံလှကျော် (ဦးစံ​ကျော်လှကို နာမည်မှားပြီး ​ဇော်မင်းထွန်း​ပြော) ၊ ယခင်က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ။ ဦးစံလှကျော် က ၂၀၂၁ နိုဝင်ဘာလ လောက်မှာ သူ့သမီးနဲ့ မြေးဆီကို လိုက်သွားချင်တဲ့အကြောင်း ——(မင်း​အောင်လှိုင်) ဆီတင်ပြတယ်။ ဒါနဲ့ပတ် သက်ပြီး လူသားချင်းစာနာထောက်ထားမှု ငြိမ်းချမ်းရေး ရှေးရှုပြီး လွှတ်ပေးလိုက်တယ်။ လွတ်လွတ်လပ်လပ်သွားခိုင်းတယ်” ဟု ဇော်မင်းထွန်း က ပြောဆိုသည်။ khit thit

« Older Entries