စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေး၏မွေးရပ်မြေ ကြံ့ခိုင်ရေးကျေးရွာ သာယာကုန်း၊ ချောင်းဝကြီးကို စစ် တပ်က မီးရှို့ဖျက်ဆီးသဖြင့် သာအေးအမျိုးများနှင့်ကြံ့ခိုင်ရေးပါတီဝင်များ ရွာလုံးကျွတ် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ခြင်း ၊ လက်နက်ကြီးများ ပစ်ခတ် သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ် သာအေး၏ မွေးရပ်မြေ သာယာကုန်း၊ချောင်း၀ကြီးကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသဖြင့် သာအေး၏ ညီမဖြစ်သူ အပါအဝင် အမျိုးများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ ရွာလုံးကျွတ် ထွက်ပြေးရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဗိုလ်ချုပ်သာအေး ညီမ ဒေါ်မြမြဆိုတာ အဲဒီ သာယာကုန်းချောင်း၀ကြီးကျေး ရွာမှာရှိသေးတယ်။ အဲဒီရွာ တစ်ရွာလုံးက အစိမ်းတွေချည်းပဲ။ အနီက လက်ချိုး ရေလို့ရတယ်။ အဲဒါ ဒီနေ့မနက်ပိုင်း သာအေးရဲ့ ရွာကို စစ်တပ်က မီးဝင်ရှို့တယ်။ ကြံ့ခိုင်ရေးတွေရော တပ်ထောက်ခံသူ အ စိမ်းတွေ ရော အကုန်ပြေးရတယ်။ စစ်တပ်က အနီအစိမ်းမခွဲတော့ဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့နံနက်ပိုင်း ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းမှ ကျေးရွာ ၆ ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီး သာအေး၏ မွေးရပ်မြေကျေးရွာ ချောင်း၀ကြီးလည်း ပါဝင်သွားခြင်းဖြစ်ကြောင်း၊ သာအေးကျေးရွာ ချောင်း၀ကြီးတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး NLD ထောက်ခံသူ အိမ်ခြေ ၇ အိမ် သာရှိကြောင်း သိရှိရသည်။
“သာအေးရွာမှာ အစိမ်းများတယ်။ တစ်ရွာလုံးမှာ အနီက ၇ အိမ်လောက်ပဲရှိတယ်။ မနေ့ညနေ ရေဘုတလင်ကျေးရွာ ရွာဦး မြသိန်းတန်ဘုရားနားမှာ မိုင်းဆွဲလိုက်တာ စစ်ခွေး၅ကောင်သေသွားတယ်။ ညက လက်နက်ကြီးတွေနဲ့ ရွာတွေကို ရမ်းပစ်တယ်။ အဲဒီရွာနားမှာရှိတဲ့ ကျေးရွာ ၉ ရွာက လူတွေ အကုန်ထွက်ပြေးရတယ်။ ဒီကောင်တွေအနီအစိမ်းမခွဲခြားနိုင်တော့ဘူး။ စိတ်ကြွ ဆေးသုံးပြီး မိုက်ကမ်းနေတာ” ဟုဒေသခံတစ်ဦးက ပြောသည်။
ဒေသသတင်းရင်းမြစ်တစ်ခုကလည်း စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေး၏ ညီမဖြစ်သူ အပျိုကြီးဒေါ်မြမြသည် ကျေး ရွာမှ စွန့်ခွာ၍ ဆွေမျိုးများရှိရာ ဘုတလင်တွင် ပြောင်းရွှေ့နေထိုင်ရကြောင်း ပြောဆိုသည်။
“ဦးသာအေးညီမ အပျိုကြီး ဒေါ်မြမြက ဘုတလင်မြို့ မုံရွာ-ရေဦးလမ်းပေါ် အထက ကျောင်းရှေ့ ဦးသာအေးရဲ့ ညီမအငယ်ဆုံး ဒေါ်ဆွေသန်း ဆီကို ပြောင်းနေတာ ၃ လလောက်ရှိပြီပြောတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ပြော သည်။
ယနေ့တွင် စစ်တပ်က ဘုတလင်မြို့နယ်နှင့်ကနီမြို့နယ်အစပ်ရှိ ရေဘုတလင်ကျေးရွာ၊ သာယာကုန်း ချောင်း၀ကြီး၊ ဝက်ချောင်းလေးကျေးရွာ၊ သရက်တောကျေးရွာ၊ ဆင်စမ်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးကြောင်း သိရှိရသည်။ khit thit