Monthly Archives: May 2022

မြိုင်မြို့နယ်တွင် ရွာမီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို မေလ ၁၉ ရက် ညပိုင်းမှာ ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်အခြေစိုက် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ဇေယျာက“စစ်(…)တွေနဲ့ ပျူစောထီးတွေက မနေ့က မနက်ပိုင်းမှာ မြိုင် မြို့နယ်တောင်ပိုင်း ပန်တိုင်းတောရွာကို မီးရှို့ဖျက်ဆီးတာ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး တွင်းမရွာဘက်ကို ဆုတ်သွားကြတာဗျ။ အဲဒီပျူစောထီးအားကောင်းတဲ့ တွင်းမရွာကို ည ၉ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။

မဟာမိတ်တပ်ပေါင်းစုဘက်က လက်နက်ကြီးတွေ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ တိုက်ပွဲ တနာရီခွဲလောက် ဖြစ်ပွားခဲ့ကာ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘူးလို့ ဆိုပါတယ်။

ပန်းတိုင်းတောကျေးရွာကို မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားလို့ ပြည်သူတွေရဲ့ နေအိမ် ၁၂ လုံးနဲ့ ကြက်ခြံ ၁၅ ခြံမီးလောင်ဆုံးရှုံးခဲ့တယ်လို့  ရွာသားတယောက်က ပြောပါတယ်။

“ရွာမှာရှိတဲ့ နေအိမ်တွေအားလုံးကိုလည်း မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်။ ညပိုင်းမှာတော့ တွင်းမရွာဘက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ် သံကြားရတယ်။”

တိုက်ပွဲမှာဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ PUGF၊ မြိုင်PDF၊ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့၊ ငဘလက် နက်ကြီးတပ်ဖွဲ့၊ နံ့သာမြိုင်လက်နက်ကြီးတပ်ဖွဲ့၊ မြိုင် Warriors၊ တမာမြေ ပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မဟူရာအလင်း တန်းပြောက်ကျားတပ်ဖွဲ့၊ PPDF၊ PKUN PDF ၊ EPDF နဲ့  N-YSO ပြောက်ကျားတပ်ဖွဲ့တို့  ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

မန္တလေး စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းကို PDF ဝင်ပစ်မှု စခန်းမှူး အပါအဝင် ရဲ ၅ ဦးသေဆုံး၊ စစ်ကူလာသော စစ်ကား မိုင်းရှင်းစဉ် မိုင်းကွဲပြီး ၃ ဦးသေဆုံး၊ ထပ်မံ မိုင်းရှင်းသူ ၃ ဦးထပ်မံသေဆုံး၊ အလောင်းလာကောက်သည့် စစ်ကြောင်း ထပ်မိုင်းမိပြီး ၁၂ ဦးသေဆုံးပြန်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းကို ယနေ့ မေလ ၂ဝ ရက်နေ့ နံနက် ၁ နာရီ ၃ဝ မိနစ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စခန်းမှူး အပါအဝင် ရဲ ၅ ဦးသေဆုံးသွားကြောင်း ဥဒေါင်းမင်း -The KING Peacock တပ်ဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသုတက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်စဉ် စခန်းမှူး အပါအဝင် ရဲ ၃ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆေးရုံသို့ ရောက်ရှိစဉ်တွင် ရဲ ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ရဲစခန်း တိုက်ခိုက်ခံရသော ဖြစ်စဉ်ကြောင့် တပ်ကူလာသော အကြမ်းဖက် စစ်တပ်သည် ငွေတောင်ရွာနားတွင် မိုင်းထောင်ထားသည်ကို သိရှိသောကြောင့် မိုင်းရှင်းလင်းရေး သွားရောက်လုပ်ဆောင်စဉ် မိုင်းထကွဲကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုမိုင်းများကို ထပ်မံ ရှင်းလင်းရန် အတွက် အကြမ်းဖက် စစ်တပ်သည် မွန်းလွဲ ၁၂ နာရီခန့်တွင် လက်ပံလှ ရဲစခန်းမှာ ဒုရဲအုပ် ၁ ဦး ဦးဆောင်ကာ မီးသတ် ၂ ဦးဖြင့် မိုင်းများအား ရေပိုက်ဖြင့် ထိုးစဉ် မိုင်းဆွဲခံရကာ ၎င်းတို့ ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မီးသတ်နှင့် ရဲ အလောင်းများကို ကောက်ရန် အကြမ်းဖက် စစ်တပ် ထပ်မံ ရောက်ရှိလာစဉ် မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခံရပြီး စစ်သား ၁၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ ရွှေပြည်ရဲစခန်းကို ဝင်ပစ်တာ နံနက်ခင်း ၁ နာရီ မိနစ် ၃ဝ လောက်ကနေ စပစ်တာ ၁ နာရီ ၅၅ မှာ ပြန်ဆုတ်ခွာတယ်။ ပစ်တဲ့ အ ချိန်မှာ စခန်းမှူး အပါအဝင် ၃ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ၂ ယောက်ကတော့ ဆေးရုံရောက်မှ သေတယ်။ ၅ ယောက်ဗျ။ သေတဲ့ သူကတော့ ၅ ယောက် အတည်ပြုလို့ရတယ်။ နောက်ပြီး မန္တလေးကလာရင် ရွှေပြည်ရဲ့ မြောက်ဘက်ကျမှာပေါ့။ လက်ပံလှ ကန်တော်လေး တိုးဂိတ် အဲဒီ တိုးဂိတ်နားမရောက်ခင် ငွေတောင်ဆိုတာရှိတယ်။ ငွေတောင်နားက ကျွန်တော်တို့ မိုင်းပွိုင့်ကို သူတို့က သိသွားတယ်။ သိသွားတဲ့ အချိန်မှာ ကျွန်တော်တို့ မိုင်းကို ဖြတ်တဲ့ အချိန်မှာ မိုင်းက ထကွဲလိုက်တော့ ကျွန်တော်တို့ရဲ့ အဲ့နေရာမှာတင် စစ်ခွေး ၃ ကောက်ပွဲ ချင်းပြီး ၅ နာရီထိုးမှာ ၃ ယောက်ကျတယ်။ အဲတာပြီးတော့ ဒီကောင်တွေက တိုးဂိတ်ထဲကို ပြန်ဝင်သွားတယ်။ အဲတာပြီးတော့ မွန်းလွဲ ၁၂ နာရီကျတော့ အဲလမ်းပိုင်းမှာ အကုန်လိုက်စစ်ပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်တယ်။ အဲမှာ ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းတွေကို သူအကုန်တွေ့သွားတယ်။ တွေ့သွားတော့ အဲမိုင်းတွေကို သူတို့ရှင်းဖို့လုပ်တယ်။ ရှင်းဖို့လုပ်တော့ လက်ပံလှ မီးသတ် ၂ ယောက်ပါတယ်။ မီးသတ် ၂ ယောက်က ရေပိုက်နဲ့ ထိုးဖြတ်တယ်။ တစ်ယောက်ကတော့ မီးသတ် တပ်သားပေါ့။ တစ်ယောက်ကတော့ မီးသတ်မှူး သူတို့ ၂ ယောက်လုံးလည်း သေသွားတယ်။ အဲအချိန်မှာ လက်ပံလှ ရဲစခန်းကို တစ်ပွင့်ဗိုလ်လည်း သေတဲ့ အထဲ ပါသွားတယ်။ အဲနေရာမှာ ၃ ယောက်ပေါ့။ မွန်းလွဲပိုင်းကျတော့ သူတို့သေသွားတဲ့ သူတွေကို လာကောက်ဖို့ ဝိုင်းတဲ့ အချိန်ကို ကျွန်တော်တို့က မိုင်း ၅ လုံးထောင်ထားတာကို ထပ်ကျွေးလိုက်တဲ့ အချိန်မှာ ၁၂ ယောက်လောက် လဲကျသွားတယ်ပွဲချင်းပြီးသွားတယ်” ဟု ဥဒေါင်းမင်း -The KING Peacock တပ်ဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသုတက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ် ညီနောင်များဖြစ်သော မတ္တရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်လင်းယုန်နှင့် စဉ့်ကူး မဟာမိတ် တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

လက်နက်အရှည် ဝယ်ပေးရန် ဒေါင်းလုလင် LPDF မေတ္တာရပ်ခံချက်ထုတ်

ယင်းမာပင်မြို့နယ် အတွင်း စစ်ရေးအခြေအနေ ပြင်းထန် လာသောကြောင့် လက်နက်အရှည် ဝယ်ပေးရန် ဒေါင်းလုလင် LPDF က ပြည်သူများကို တောင်းဆိုလိုက်သည်။

၎င်းတို့ အဖွဲ့သည် ပထမဦးဆုံးအကြိမ် တောင်းဆိုခြင်း ဖြစ်ကာ ၁၅ ရက်အတွင်း လက်နက်အရှည် ငါးလက် ဝယ်ပေးရန် မေလ ၂၀ ရက်တွင် အလှူခံ လာခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဖွဲ့ထဲမှာ အော်တို သေနတ်တွေက မပါဘူး။ တကယ်လို့ စစ်ကောင်စီတပ်သားတွေ တက်လာရင် လက်နက်ကြီး ပစ်နေတဲ့ သူတွေကို ကာကွယ်ဖို့က တော်တော် ခဲယဉ်းတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ စိန်ခေါ်ချက်လေး တစ်ခု လုပ်လိုက်တာပါ” ဟု ဒေါင်းလုလင် LPDF မှ ပြောခွင့်ရသူ ဗိုလ်ဂျိုးသိမ်းက ပြောသည်။

ဒေါင်းလုလင် LPDF သည် ယခင် ကတည်းက လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများကို ပြုလုပ်ကာ တိမ်းရှောင်ရသည့် ပြောက်ကျား စနစ်ဖြင့်သာ တိုက်ခိုက် နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ ဒေါင်းလုလင် LPDF အတွက် ၁၅ ရက် အတွင်း GUN အရှည် ငါးလက်ကို ဝယ်ပေးရမယ် ဆိုရင် ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးရဲ့ ဒီလို အခြေအနေ အထိကို ပြည်သူတွေရဲ့ အင်အားနဲ့ ချီတက်ခဲ့တာမို့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယင်းမာပင် ဘက်က စစ်ရေး အခြေအနေက ပြင်းထန်လျက်ရှိတာမို့ အခုလို အလှူခံ Challenge နဲ့ အလှူခံရတာ ဖြစ်ပါတယ်” ဟူ၍ ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။

မဟာမိတ်အဖွဲ့များ အနေဖြင့်လည်း တိုက်ပွဲများ ဆင်နွှဲရာတွင် မှတ်တမ်း ရုပ်သံများကို အများပြည်သူထံ ဖြန့်ဝေလိုပါက အတူလက်တွဲ တိုက် ခိုက်ခဲ့သည့် အဖွဲ့များကို ဦးစွာ တိုင်ပင်ရန်လည်း ဒေါင်းလုလင် LPDF က တောင်းဆိုခဲ့သည်။ mizzima

ဒီပဲယင်းမြို့နယ်တွင် မီးရှို့ခံထားရသည့် နေအိမ်များထဲမှ အလောင်း ၄၀ ကျော်တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သရက်တောကျေးရွာမှာ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ နေအိမ်တွေထဲကနေ လူသေအလောင်း ၄၀ ကျော် တွေ့ရှိခဲ့တယ်လို့ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မေ ၁၉ ရက် ညနေ ၅ နာရီလောက်က ရေဦးမြို့နယ်ကနေ ဒီပဲယင်းအရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒီပဲယင်းပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ဒီပဲယင်းမြို့နယ် သရက်တောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သရက်တောကျေးရွာကို ဝင်ရောက်  မီးရှို့ခဲ့တာလို့ဆိုပါတယ်။ 

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “တိုက်ပွဲကြာချိန်က ၁ နာရီလောက် ကြာမယ်ဗျ။ ပထမက ကျနော်တို့က ကြိုတင် မိုင်းထောင်ထားတယ်။ မိုင်းကွင်းထဲရောက်တော့ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်တယ်။ ပြီးတော့ နှစ်ဖက်ပစ်ခတ်တာတွေ ရှိခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးများတယ်။ ကျနော်တို့အဖွဲ့တွေကတော့ အကျအဆုံးကတော့ မရှိခဲ့ဘူးဗျ။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်နေတဲ့ ပေါက်သာကျေးရွာက စစ်ဘေးရှောင်ထဲ လက်နက်ကြီးကျ ပေါက်ကွဲတာတွေ ရှိခဲ့တယ်ဗျ။ ၁၁ ဦး ထိခိုက်တယ်ဗျ။ နေရာတင် သေဆုံးတာလည်း ရှိခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က သရက်တောကျေးရွာကိုဝင်ရောက်  မီးရှို့ခဲ့တာမှာ  နေအိမ် ၂၂ လုံး ဆုံးရှုံးခဲ့ကာ မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေထဲကနေ အလောင်း ၄၀ ကျော်တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “သူတို့က တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အလောင်းတွေကို သရက်တောကျေးရွာထဲက အိမ်တွေကို မီးရှို့ရင်း ထည့်ပြီး မီးရှို့ထားတာတွေ လုပ်ခဲ့တယ်။ သူတို့ထွက်သွားပြီး ကျနော်တို့ နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အခါမှာ မီးလောင်ပြီး မပျက်စီးသေးတဲ့ ရုပ်အလောင်း ၂၁ လောင်း တွေ့ခဲ့ရတယ်ဗျ။ အတည်မပြုနိုင်သေးတဲ့ လူသေအလောင်းလို့ ယူဆရတဲ့ အရာတွေရောဆိုရင် အလောင်း ၄၀ ကျော်လောက် တွေ့ရတယ်ဗျ။ ဟိုလို ကင်ထားသလိုမျိုး အလောင်းကတော့ ၂၁ လောင်းကို တွေ့ခဲ့ရတယ်ဗျ။ ဘယ်လိုမျိုး စစ်ကောင်စီအလောင်းလို့ ပြောနိုင်တာလဲဆိုတော့ စစ်ကောင်စီတွေ အသုံးပြုတဲ့ ချိုင့်တွေ၊ ရေဘူးတွေ၊ စစ်ခါးပတ်ခေါင်းတွေကို အလောင်းနဲ့တွဲပြီး တွေ့ရလို့ စစ်ကောင်စီအလောင်းလို့ ပြောနိုင်တာပါဗျ” လို့ ပြောပါတယ်။

ရေဦးပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးကလည်း ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်က ဒေသခံတွေကို စစ်ကောင်စီ ဖမ်းဆီးခံရတာ ရှိမရှိ စစ်ဆေးတဲ့အခါမှာ ပျောက်ဆုံးသူ၊ ဖမ်းဆီးခံ မရှိဘူး။ မြေပြင်မှာ စစ်ဆေးထားချက်အရ ဒါတွေဟာ စစ်ကောင်စီတပ်ရဲ့ အလောင်းတွေ ဖြစ်တယ်လို့ ပြောနိုင်တယ်။”

စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအခြေအနေနဲ့ အကျအဆုံးစာရင်းကို သတင်းထုတ်ပြန်လေ့ မရှိသေးသလို ဒီဗွီဘီကလည်း မီးရှို့ခံရတဲ့ အလောင်းတွေနဲ့ ပတ်သက်ပြီးသီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ အခု မေလအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက‌‌ ဒေသခံ ပြည်သူ‌တွေရဲ့ နေအိမ် ကျေးရွာအများအပြားကို မီးရှို့တာတွေ အများဆုံး ပြုလုပ်လာတယ်လို့‌ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။ DVB

ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ် တပ်ကို PDF ဝင်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့လယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အစောင့်စစ်တပ်ကို PDF ဝင်ပစ်ခတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း Pakokku People’s Defense Force နှင့် Earthquake People’s Defense Force က သတင်းထုတ်ပြန်သည်။

မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ပခုက္ကူမြို့မဈေးအနီးရှိ မြန်မာ့စီးပွားရေးဘဏ်ကို ကင်းစောင့်နေသည့် စစ်တပ်နှင့်ရဲများကို Pakokku People’s Defense Force နှင့် Earthquake People’s Defense Force မှ လက်နက်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ ၊ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ ရမ်းသမ်းပြီးပစ်ခတ်မှုများရှိခဲ့ပြီး မိမိတို့ဘက်မှ သူရဲကောင်းများအားလုံး အထိအခိုက်လုံးဝ(လုံးဝ) မရှိခဲ့ပါကြောင်း PDF တပ်ဖွဲ့များ၏ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

စစ်တပ်ဘက်က ထုတ်ပြန်သော သတင်းများတွင်မူ လက်နက် ၂ လက်နှင့်ကျည်ဆန်များ သိမ်းဆည်းရမိပြီး ကားတစ်စီးပါ ရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ khit thit

တရုတ်၌ ထောင်ကျနေသည့် မြန်မာ အယောက် ၁၇၀ ကို နယ်စပ်ဂိတ်မှ လွှဲပြောင်းပို့

တရုတ်နိုင်ငံ၌ အကြောင်း အမျိုးမျိုးဖြင့် ထောင်ဒဏ်ကျနေသည့် မြန်မာနိုင်ငံသား အယောက် ၁၇၀ ကို ယမန်နေ့တွင် နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်း ပေးခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မူဆယ်-ကျယ်ဂေါင်ဂိတ် နန်းတော်ပေါက်မှ တစ်ဆင့် အမျိုးသား ၁၁၆ ဦး ၊ အမျိုးသမီး ၅၄ ဦးကို လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

လွှဲပြောင်း ပေးလာသည့် မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွေ့ကျိုးမြို့ ဟွေ့ရန် အကျဉ်းထောင်မှ ဖြစ်ကြောင်း မြန်မာ နိုင်ငံသားများကို ကူညီ ပေးနေ သူများ ထံက သိရသည်။

ကိုဗစ် ကပ်ရောဂါ ပထမလှိုင်းမှ တတိယလှိုင်းအထိ တရုတ်ရောက် မြန်မာလုပ်သားများကို လွှဲပြောင်း ပေးနေခဲ့ပြီး ကပ်ရောဂါ ပြင်းထန်လာမှုကြောင့် ဆိုင်းငံ့ ထားရကာ ယခုနှစ်အတွင်း နယ်စပ်ဂိတ်မှ တစ်ဆင့် ပထမဆုံးအကြိမ် ပြန်လည် လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်သည်။mizzima

အုတ်ဖိုမြို့နယ်၌ အလောင်းသယ်ရန် စစ်ကောင်စီတပ်က ရွာသားများကို ဖမ်းဆီးခေါ်ဆောင်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊  ဝိုင်းကျေးရွာအုပ်စု၊ တာဝါတိုင်ရွာမှာ မေ ၁၁ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ပျူစောထီးအဖွဲ့ခေါင်း ဆောင်တွေရဲ့ အလောင်းကို သယ်ပေးဖို့ စစ်ကောင်စီတပ်က  ရွာသား ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာဝါတိုင်ရွာနေ ပျူစောထီးအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မျိုးဇော်နဲ့ ကိုခင်မောင်သန်းတို့ နေအိမ်မှာ ရှိနေစဉ် အမည်မသိလူ ၆ ယောက်က ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အဲဒီအလောင်းတွေကို သယ်ပေးဖို့အတွက် စစ်တပ်က ဒေသခံရွာသား ၅ ယောက်ကို ခေါ်ဆောင်သွားတာလို့ဆိုပါတယ်။ 

အဆိုပါရွာသား ၅ ယောက်ထဲကနေ ၄ ယောက် ပြန်လည်ရောက်ရှိလာပြီး တယောက်ကတော့ အခုထိ ပြန်မလွတ်သေးတာကြောင့် စိတ်ပူပန်နေတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ပြန်လွတ်လာသူတဦးက “ရွာက ကျနော်တို့ ၅ ယောက်ကို ခေါ်သွားတုန်းက အသတ်ခံရတဲ့ ပျူအလောင်းတွေကို သယ်ဖို့သက်သက်ပဲ။ နောက် အလောင်းတွေကို အုတ်ဖိုဆေးရုံကို သယ်ပြီးတော့ သူတို့ ၅ ယောက်ကို စစ်ကောင်စီတပ်တွေက မေးခွန်းတွေမေးပြီး တယောက်ချင်းစီ ခွဲပြီးစစ်တယ်။ နောက် ၄ ယောက်ကို ပြန်လွှတ်ပေးပြီး တယောက်ကို ဖမ်းထားလိုက်တာ။ သူက ရွာထဲက နာမည်ထွက်နေတဲ့ သူတွေနဲ့ အမျိုးတော် နေတာမလို့ ဆိုပြီး ပြန်မလွှတ်တာ” လို့ ပြောပါတယ်။

အဖမ်းခံထားရတဲ့ အသက် ၂၀ ကျော်အရွယ် ကိုချစ်ကိုလတ်ဟာ မိဘတွေနဲ့ အတူနေသူဖြစ်ပြီး မေ ၁၁ ရက်ကတည်းက အိမ်ပြန်ရောက်မလာတော့တဲ့အတွက် မိသားစုနဲ့ ရင်းနှီးတဲ့ အုတ်ဖိုရဲတပ်ဖွဲ့က တာဝန်ရှိသူတယောက်ကို မေးမြန်းကြည့်ရာမှာ သူတို့မသိကြောင်း၊ ရဲစခန်းမှာ မရှိကြောင်းနဲ့ စစ်တပ်က တနေရာရာမှာ စစ်ကြောရေး လုပ်နေသလား ဆိုတာတော့ မသိဘူးလို့ မိသားစုဝင်တယောက်က ပြောပါတယ်။

တာဝါတိုင်ကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေ မကြာခဏ လာရောက်အနိုင်ကျင့် နှိပ်စက်တာ၊ ဖမ်းဆီးတာတွေ လုပ်တဲ့အတွက် တရွာလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး ပျူစောထီးအဖွဲ့ဝင် ၆ အိမ်လောက်ပဲ ရွာမှာကျန်နေခဲ့ကာ စစ်ကောင်စီတပ်တွေလည်း ခဏခ ဏလာပြီး တပ်စွဲလေ့ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ကျေးရွာ ပျူစောထီးခေါင်းဆောင် ၂ ယောက်ကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၈၀၂၊ တပ်ခွဲ ၄ က  သေနတ်နဲ့ပစ်ခတ်ကာ သုတ်သင်ရှင်းလင်းခဲ့တာလို့ သာယာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ DVB

သန်လျင်မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့မှ တာဝန်ရှိသူနှင့် အဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံရ၊ ဆက်စပ်သူများကို လိုက်လံရှာဖွေနေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် အဖွဲ့ဝင် လေးဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး ဆက်စပ်သူများကို လိုက်လံရှာဖွေနေကြောင်း ပြောက်ကျားတပ်ဖွဲ့နှင့် နီးစပ်သူ ထံမှ သိရသည်။

ဖမ်းဆီးခြင်းခံခဲ့ရသူမှာ သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့၏ တာဝန်ရှိသူ ကိုဘူးသီး ဆိုသူ ဖြစ်ပြီး မေလ ၁၈ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ရှိနေစဉ် ဧည့်စာရင်းလာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဗိုလ်နဂါးအဖွဲ့ တာဝန်ရှိသူ ကိုဘူးသီးက မေလ ၁၈ ရက်နေ့က လှိုင်သာယာမှာ အဖမ်းခံလ်ိုက်ရတယ်။ ဧည့်စာရင်းစစ်ရင်း အဖမ်းခံရတာ။ သူ့ကို ဖမ်းဆီးပြီးတော့ မေလ ၁၉ ရက်နေ့မှာ သူ့ကနေ တစ်ဆင့် လိုက်ဆက်သွယ်ပြီး အပြင်မှာ တွေ့ဖို့ချိန်းရာကနေ အဖမ်းခံရတာက နောက်ထပ် လေးယောက်ပါ” ဟု ပြောက်ကျားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်က ကိုဘူးသီးမှ တစ်ဆင့် စစ်ဆေးဖော်ထုတ်ရာမှ အခြား အဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးရာတွင် လက်နက်များပါ သိမ်းဆည်းခံခဲ့ရကြောင်းလည်း သိရသည်။

“နောက်ဆက်တွဲတွေကို စစ်တပ်က လိုက်နေတယ်။ ကိုဘူးသီးလည်း တော်တော်နှိပ်စက်ခံထားရတယ် ကြားတယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း သန်လျင် သပြေကုန်းရွာက အိမ်တစ်အိမ်ကို စစ်တပ် Double Cab သုံးစီးနဲ့ ဝင်စီးတယ်။ ဖမ်းဆီးခံရတာတော့ မရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ဆက်စပ်သူများကို ထပ်မံဖမ်းဆီးရန်လုပ်ဆောင် နေခြင်းကြောင့် ကိုဘူးသီးနာမည်အသုံးပြုပြီး ဆက်သွယ်လာပါက အ ဆက်အသွယ်မခံကြရန် လိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သန်လျင်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ထောက်တိုင်များနှင့် စစ်တပ်သတင်းပေးများ သေဆုံးမှုများ ရှိလာခဲ့ပြီးနောက် စစ်ကောင်စီက အင်အားသုံးပိတ်ဆို့ကာ စစ်ဆေးရှာဖွေမှုများ တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိနေပြီး မေလ ၁၈ ရက်နေ့မှ စတင်ပြီး ငါးရက်အကြာ သန်လျင်မြို့အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည်။

စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှုအပြင် ဆိုင်ကယ်များကိုပါ ဖမ်းဆီးနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် သန်လျင်မြိုတွင်းရှိ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများကို ယနေ့ မေလ ၂၀ ရက်နေ့မှစတင်ပြီး မေလ ၂၂ ရက်အထိ မိမိတို့ နေထိုင်ရာနေရာရှိ အုပ်ချုပ်ရေးမှူးများထံတွင် ဆိုင်ကယ် ကယ်ရီဆွဲခွင့်ကဒ်ပြားကို ပြုလုပ်ပေးမည်ဆိုကာ ရပ်ကွက်များအတွင်း လိုက်လံအသိပေးမှုများ ပြုလုပ်နေကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ mizzima

ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ် ချုပ်ရေးမှူးအိမ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ မေလ ၁၉ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက်  သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းရွှေရဲ့ သမက် ဖိုးချို၊ သူကောင်းတည် ရာအိမ်မှူး ဦးမောင်မြင့်နဲ့ မန္တလေး ဘက်ကလာတဲ့ ဦးကျော်ကျော်မင်း တို့ဖြစ်တယ်လို့ ဒေသသခံတွေထံက သိရပါတယ်။

အောက်ညဉ့်ရွာ အုပ်ချုပ်ရေးမှူး စန်းရွှေ နေအိမ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ သွေးသောက်အဖွဲ့ ဖွဲ့စည်းဖို့ အစည်းဝေးလုပ်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြေလတ်-PDF MGN District ၊ Seven People Defense Force(S.P.D.F)၊ TTA-ပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊ Bagan Heros Guerrilla Force (B.H.G.F)၊ 27 Revolution Force(MGN) တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့  ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် ၃ ယောက်သေဆုံးပြီး ၁ ယောက်ကတော့   ဒဏ်ရာပြင်းထန်ရသွားတယ်လို့ 27 Revolution Force(MGN) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာရသွားသူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဟုတ်မဟုတ်တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ DVB

တန့်ဆည်တွင် အကြမ်းဖက် စစ်တပ်က ကျေး ရွာ ၄ ရွာကို မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ခင်ဦး အင်တိုင်းလေး ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂ဝ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖန်းကားဇင်၊ စိမ်းစား၊ ချောင်းရိုးနှင့် ခပေါင်းကြိုင်ရွာ တို့ကို မီးရှို့ဖျက်ဆီးနေကာ ရွာလုံးကျွတ် ထွက်ပြေး နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက်ပိုင်းက စတင်ကာ ရေဦးနှင့် တန့်ဆည် မြို့နယ် အစပ်ရှိ ဖန်းကားဇင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ပိုင်းတွင် ချောင်းရိုးရွာ၊ ခပေါင်းကြိုင်ရွာနှင့် စိမ်းစား ရွာတို့ကို ဆက်လက် မီးရှို့ ဖျက်ဆီး နေခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေမီးရှို့လို့ ချောင်းရိုးရွာက ရွာလုံးကျွတ် ကုန်ပြီ တစ်ရွာလုံးလည်း ထွက်ပြေးနေရပြီး ချောင်းရိုးရွာမှာက ရှေးဟောင်း ခရစ်ယာန် ဘု ရား ကျောင်းလည်း ရှိတယ်။ အဲဒီ အဆောက်အဦးလည်း မီးထဲ ပါသွားတယ် ပြောတယ်။ အခုက ရွာလုံးကျွတ် ပြေးနေရလို့ အတည်မပြုနိုင်သေးဘူး။ ကျန်တဲ့ ၃ ရွာလည်း တူတူပဲ ရွာလုံးကျွတ်ပြေးနေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ဘေးလွတ် ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင် သေးကြောင်း ဒေသခံများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ခင်ဦးမြို့နယ် အင်တိုင်းလေးရွာကိုလည်း ယနေ့ မွန်းလွဲပိုင်းတွင် ရွာလုံးကျွတ် မီတင်ရှို့ နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” စစ်ခွေးတေ အင်တိုင်းလေးရွာကို မီးရှို့နေတယ်။ အခုလေးတင်ပဲ ရေဦးမြို့ပေါ် ကနေ လှမ်းမြင်နေရတယ်။ ရေဦးမြို့ပေါ်မှာလည်း ရဟတ် ယာဉ်တွေ ပျံနေတယ်။ အင်တိုင်းလေးရွာဆိုတာ ခင်ဦးမြို့နယ်ဆိုပေမဲ့ ရေဦးမြို့နဲ့က မူးမြစ်ပဲ ခြားတာ ရေဦးမြို့ပေါ်ကနေ လှမ်းမြင်နေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အင်တိုင်းလေးရွာမှာ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ khit thit

« Older Entries