မြိုင်မြို့နယ်တွင် ရွာမီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို မေလ ၁၉ ရက် ညပိုင်းမှာ ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်အခြေစိုက် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ဇေယျာက“စစ်(…)တွေနဲ့ ပျူစောထီးတွေက မနေ့က မနက်ပိုင်းမှာ မြိုင် မြို့နယ်တောင်ပိုင်း ပန်တိုင်းတောရွာကို မီးရှို့ဖျက်ဆီးတာ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး တွင်းမရွာဘက်ကို ဆုတ်သွားကြတာဗျ။ အဲဒီပျူစောထီးအားကောင်းတဲ့ တွင်းမရွာကို ည ၉ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။
မဟာမိတ်တပ်ပေါင်းစုဘက်က လက်နက်ကြီးတွေ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ တိုက်ပွဲ တနာရီခွဲလောက် ဖြစ်ပွားခဲ့ကာ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘူးလို့ ဆိုပါတယ်။
ပန်းတိုင်းတောကျေးရွာကို မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားလို့ ပြည်သူတွေရဲ့ နေအိမ် ၁၂ လုံးနဲ့ ကြက်ခြံ ၁၅ ခြံမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“ရွာမှာရှိတဲ့ နေအိမ်တွေအားလုံးကိုလည်း မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်။ ညပိုင်းမှာတော့ တွင်းမရွာဘက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ် သံကြားရတယ်။”
တိုက်ပွဲမှာဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ PUGF၊ မြိုင်PDF၊ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့၊ ငဘလက် နက်ကြီးတပ်ဖွဲ့၊ နံ့သာမြိုင်လက်နက်ကြီးတပ်ဖွဲ့၊ မြိုင် Warriors၊ တမာမြေ ပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မဟူရာအလင်း တန်းပြောက်ကျားတပ်ဖွဲ့၊ PPDF၊ PKUN PDF ၊ EPDF နဲ့ N-YSO ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB