သန်လျင်မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့မှ တာဝန်ရှိသူနှင့် အဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံရ၊ ဆက်စပ်သူများကို လိုက်လံရှာဖွေနေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် အဖွဲ့ဝင် လေးဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး ဆက်စပ်သူများကို လိုက်လံရှာဖွေနေကြောင်း ပြောက်ကျားတပ်ဖွဲ့နှင့် နီးစပ်သူ ထံမှ သိရသည်။
ဖမ်းဆီးခြင်းခံခဲ့ရသူမှာ သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့၏ တာဝန်ရှိသူ ကိုဘူးသီး ဆိုသူ ဖြစ်ပြီး မေလ ၁၈ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ရှိနေစဉ် ဧည့်စာရင်းလာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ဗိုလ်နဂါးအဖွဲ့ တာဝန်ရှိသူ ကိုဘူးသီးက မေလ ၁၈ ရက်နေ့က လှိုင်သာယာမှာ အဖမ်းခံလ်ိုက်ရတယ်။ ဧည့်စာရင်းစစ်ရင်း အဖမ်းခံရတာ။ သူ့ကို ဖမ်းဆီးပြီးတော့ မေလ ၁၉ ရက်နေ့မှာ သူ့ကနေ တစ်ဆင့် လိုက်ဆက်သွယ်ပြီး အပြင်မှာ တွေ့ဖို့ချိန်းရာကနေ အဖမ်းခံရတာက နောက်ထပ် လေးယောက်ပါ” ဟု ပြောက်ကျားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
စစ်ကောင်စီတပ်က ကိုဘူးသီးမှ တစ်ဆင့် စစ်ဆေးဖော်ထုတ်ရာမှ အခြား အဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးရာတွင် လက်နက်များပါ သိမ်းဆည်းခံခဲ့ရကြောင်းလည်း သိရသည်။
“နောက်ဆက်တွဲတွေကို စစ်တပ်က လိုက်နေတယ်။ ကိုဘူးသီးလည်း တော်တော်နှိပ်စက်ခံထားရတယ် ကြားတယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း သန်လျင် သပြေကုန်းရွာက အိမ်တစ်အိမ်ကို စစ်တပ် Double Cab သုံးစီးနဲ့ ဝင်စီးတယ်။ ဖမ်းဆီးခံရတာတော့ မရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က ဆက်စပ်သူများကို ထပ်မံဖမ်းဆီးရန်လုပ်ဆောင် နေခြင်းကြောင့် ကိုဘူးသီးနာမည်အသုံးပြုပြီး ဆက်သွယ်လာပါက အ ဆက်အသွယ်မခံကြရန် လိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
သန်လျင်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ထောက်တိုင်များနှင့် စစ်တပ်သတင်းပေးများ သေဆုံးမှုများ ရှိလာခဲ့ပြီးနောက် စစ်ကောင်စီက အင်အားသုံးပိတ်ဆို့ကာ စစ်ဆေးရှာဖွေမှုများ တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိနေပြီး မေလ ၁၈ ရက်နေ့မှ စတင်ပြီး ငါးရက်အကြာ သန်လျင်မြို့အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည်။
စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှုအပြင် ဆိုင်ကယ်များကိုပါ ဖမ်းဆီးနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် သန်လျင်မြိုတွင်းရှိ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများကို ယနေ့ မေလ ၂၀ ရက်နေ့မှစတင်ပြီး မေလ ၂၂ ရက်အထိ မိမိတို့ နေထိုင်ရာနေရာရှိ အုပ်ချုပ်ရေးမှူးများထံတွင် ဆိုင်ကယ် ကယ်ရီဆွဲခွင့်ကဒ်ပြားကို ပြုလုပ်ပေးမည်ဆိုကာ ရပ်ကွက်များအတွင်း လိုက်လံအသိပေးမှုများ ပြုလုပ်နေကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ mizzima