အုတ်ဖိုမြို့နယ်၌ အလောင်းသယ်ရန် စစ်ကောင်စီတပ်က ရွာသားများကို ဖမ်းဆီးခေါ်ဆောင်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ တာဝါတိုင်ရွာမှာ မေ ၁၁ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ပျူစောထီးအဖွဲ့ခေါင်း ဆောင်တွေရဲ့ အလောင်းကို သယ်ပေးဖို့ စစ်ကောင်စီတပ်က ရွာသား ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာဝါတိုင်ရွာနေ ပျူစောထီးအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မျိုးဇော်နဲ့ ကိုခင်မောင်သန်းတို့ နေအိမ်မှာ ရှိနေစဉ် အမည်မသိလူ ၆ ယောက်က ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အဲဒီအလောင်းတွေကို သယ်ပေးဖို့အတွက် စစ်တပ်က ဒေသခံရွာသား ၅ ယောက်ကို ခေါ်ဆောင်သွားတာလို့ဆိုပါတယ်။
အဆိုပါရွာသား ၅ ယောက်ထဲကနေ ၄ ယောက် ပြန်လည်ရောက်ရှိလာပြီး တယောက်ကတော့ အခုထိ ပြန်မလွတ်သေးတာကြောင့် စိတ်ပူပန်နေတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
ပြန်လွတ်လာသူတဦးက “ရွာက ကျနော်တို့ ၅ ယောက်ကို ခေါ်သွားတုန်းက အသတ်ခံရတဲ့ ပျူအလောင်းတွေကို သယ်ဖို့သက်သက်ပဲ။ နောက် အလောင်းတွေကို အုတ်ဖိုဆေးရုံကို သယ်ပြီးတော့ သူတို့ ၅ ယောက်ကို စစ်ကောင်စီတပ်တွေက မေးခွန်းတွေမေးပြီး တယောက်ချင်းစီ ခွဲပြီးစစ်တယ်။ နောက် ၄ ယောက်ကို ပြန်လွှတ်ပေးပြီး တယောက်ကို ဖမ်းထားလိုက်တာ။ သူက ရွာထဲက နာမည်ထွက်နေတဲ့ သူတွေနဲ့ အမျိုးတော် နေတာမလို့ ဆိုပြီး ပြန်မလွှတ်တာ” လို့ ပြောပါတယ်။
အဖမ်းခံထားရတဲ့ အသက် ၂၀ ကျော်အရွယ် ကိုချစ်ကိုလတ်ဟာ မိဘတွေနဲ့ အတူနေသူဖြစ်ပြီး မေ ၁၁ ရက်ကတည်းက အိမ်ပြန်ရောက်မလာတော့တဲ့အတွက် မိသားစုနဲ့ ရင်းနှီးတဲ့ အုတ်ဖိုရဲတပ်ဖွဲ့က တာဝန်ရှိသူတယောက်ကို မေးမြန်းကြည့်ရာမှာ သူတို့မသိကြောင်း၊ ရဲစခန်းမှာ မရှိကြောင်းနဲ့ စစ်တပ်က တနေရာရာမှာ စစ်ကြောရေး လုပ်နေသလား ဆိုတာတော့ မသိဘူးလို့ မိသားစုဝင်တယောက်က ပြောပါတယ်။
တာဝါတိုင်ကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေ မကြာခဏ လာရောက်အနိုင်ကျင့် နှိပ်စက်တာ၊ ဖမ်းဆီးတာတွေ လုပ်တဲ့အတွက် တရွာလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး ပျူစောထီးအဖွဲ့ဝင် ၆ အိမ်လောက်ပဲ ရွာမှာကျန်နေခဲ့ကာ စစ်ကောင်စီတပ်တွေလည်း ခဏခ ဏလာပြီး တပ်စွဲလေ့ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျေးရွာ ပျူစောထီးခေါင်းဆောင် ၂ ယောက်ကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၈၀၂၊ တပ်ခွဲ ၄ က သေနတ်နဲ့ပစ်ခတ်ကာ သုတ်သင်ရှင်းလင်းခဲ့တာလို့ သာယာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ DVB