Monthly Archives: May 2022

နတ်တလင်းမြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ မေလ ၂၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF ကနေ သိရပါတယ်။

နတ်တလင်းမြို့နယ် ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာကြားကို အင်အား ၁၃ ယောက်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို  မနေ့ညနေ ၃ နာရီလောက်မှာ MRF(နတ်တလင်း)က ပဒေသာမိုင်းဆွဲပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ MRF(နတ်တလင်း)ရဲ့ ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။

“စစ်(…)တွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်ဗျ။ဒါပေမဲ့ ကျနော်တို့ဘက်က ​ပြောက်ကျားနည်းစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

MRF အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေကို ဆက်လက်ချေမှုန်းသွာမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ သူတို့နဲ့ ဝေးတဲ့နေရာတွေမှာနေပေးကြပြီး မိမိတို့ တတ်နိုင်တဲ့ နေရာကနေ တော်လှန်ရေးအတွက် ပံ့ပိုးကူညီပေးကြပါလို့ ပြောပါတယ်။

ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာကြားမှာ မေလ ၁၃ ရက်ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို MRF က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးခဲ့ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

မြောင်မြို့နယ်က မင်းတန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊မင်းတန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အင်အား ၁၀၀ ခန့်ရှိ အဆိုပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာခြင်းဖြစ်ပြီး သတင်းရေးသားချိန် ည ၇ နာရီကျော်ထိ ပြန်လည်ထွက်ခွါခြင်း မရှိသေးကြောင်း သိရသည်။

“တစ်ရွာလုံးပြေးနေရတဲ့အချိန်မှာ ရှို့တာဗျ။ အနီးအနား တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘလိုင်းကြီး ဝင်ရှို့တာ။ ကျွန်တော်တို့ဝင်ငြှိမ်းလို့ မရသေးဘူး ” ဟု ဒေသခံက ပြောပြသည်။

ထိုစစ်ကောင်စီစစ်ကြောင်းမှာ မြောင်တစ်နယ်လုံးရှိကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ၎င်းကဆိုပြီး “မီးရှို့တပ်” ဟု သုံးနှုန်းပြောဆိုသည်။

မီးရှို့ခံနေရသည့် မင်းတန်းကျေးရွာသည် အလယ်တန်းအဆင့် စာသင်ကျောင်းနှင့် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရွာကြီးဖြစ်ကာ ည ၇ နာရီကျော်အထိ ရွာတစ်ဝက်ခန့်မှ မီးခိုးများထွက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြောင်မြို့နယ်အတွင်းရှိ နဂါးပေါက်ရွာ၊ မယ်မသော်ရွာ၊ ပန်းညိုရွာ၊ ညောင်ကားယားရွာ၊ ရွာပုလဲရွာ၊ ပေါက်ချောင်းရွာ တို့ကို ထိုစစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့သေးသည်။

ထို့အပြင် မြောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၂၁ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီတပ်က ပြည်သူပိုင် နေအိမ် ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM အဖွဲ့က စာရင်းပြုစု ထုတ်ပြန်ထားသည်။ mizzima

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မေ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က  စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုက DVB ကို ပြောပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုဘက်ကို ဆင်းလာတဲ့ ကားအစီး ၃၀ လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကားတစ်စီး လက်နက်ကြီး ထိမှန်ပြီး လမ်းဘေးထိုးကျသွားခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးထိမှန်တဲ့ ကားရှိ စစ်ကောင်စီတပ်သားတွေကို တခြားကားတစ်စီးနဲ့ တင်ဆောင်ပြီး မောင်းနှင်းသွားတာမြင်ခဲ့ရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်ကလည်း လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရနေရသလို အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။ DVB

ခင်ဦးတွင် ကျေးရွာများ မီးရှို့ခံရသည့်အပြင် ပြည်သူ ၁၀ ဦးကို စစ်တပ်က သတ်ဖြတ်၊ မြောင်မြို့နယ်တွင် နေပူကုန်း၊ဘုန်းကောင်းနှင့်မင်းတန်းကျေးရွာများကို စစ်တပ်က မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ဘက်ရှိ အင်တိုင်းလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၂၀ ရက် နေ့လယ်တွင် ဝင်ရောက်ပြီး မီးတင်ရှို့မှုကြောင့် နေအိမ် ၇၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်များ အင်တိုင်းလေးကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာစဉ် လက်နက်ကြီး ထိမှန်ပြီး ရွာသား ကိုနိုင်ဦး၊ ကိုဝင်းဗိုလ်နှင့် မလုံးခင်တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အသက် ၇၅ နှစ်အရွယ်အဘိုးအို ဦးစိန်လင်းမှာ မီးရှို့သတ်ဖြတ်ခံထားရကြောင်း သိရှိရသည်။

အင်တိုင်းလေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူများ ထပ်ရှိနေနိုင်သေးကြောင်းနှင့် အနီးဝန်းကျင်ရှိ ရွာသစ်ကုန်းကျေးရွာတွင်လည်း အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ တပ်စွဲထားကြောင်း ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသခံက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့တွင် ရေဦးမှ ခင်ဦးဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကား ၃ စီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်း ဖက်စစ်သားများက အင်တိုင်းလေးကျေးရွာကို မီးတင်ရှို့ဖျက်ဆီးသွားခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တွင် အကြမ်းဖက်အာဏာလုစကစတပ်သားများမှ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လာမှုကြောင့် မေလ ၁၉ ရက်နှင့် ၂၀ ရက် ၂ရက်အတွင်း အရပ်သားပြည်သူ၁၀ ဦး အထိ အသက်ဆုံးရှုံးခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေးအဖွဲ့ထံမှ သိရှိရသည်။

မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် မူးမြစ်အနောက်ဘက် ရေဦးမြို့နယ် ဇိန့်ဇွန်းရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်တပ်က အထိနာသဖြင့် ဘေးပတ်ဝန်းကျင်နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခဲ့ကြောင်း၊ မူးမြစ်အရှေ့ဘက် ခင်ဦးနယ် တာတိုင်ကျေးရွာရှိ ပြည်သူ ၁၀ ဦးအ ထိ လက်နက်ကြီးထိမှန်ခဲ့ကာ ၅ ဦး သေဆုံးသွားပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

မေ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် ကြို့ပင်ကန်ကျေးရွာအတွင်းသို့စစ်တပ်အင်အား ၇၀ က ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ပြီး အပြန်လမ်းတွင် တွေ့ရသော အမျိုးသား ပြည်သူတစ်ဦးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

မေ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ရေဦးမြို့ပေါ်မှ ထွက်လာသော စစ်ကား ၃ စီးကို အင်းပတ်ကွေ့အနောက် ဝါးဆိုင်အနီး ဒေသခံကာ ကွယ်ရေးများမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာခဲ့တာကြောင့် အနီးရှိ အင်တိုင်းလေး (တောင်)ရွာကို လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သဖြင့် ဒေသခံပြည်သူ(၃)ဦး သေဆုံးခဲ့ကြောင်း၊ ကျေးရွာကို မီးရှို့ရာတွင်လည်း နေအိမ်၇၀ ခန့်အထိ ပြာကျပျက်စီးခဲ့၍ နေအိမ်ထဲတွင် ကျန်ခဲ့သော သက်ကြီးရွယ်အို ဒုက္ခိတ တစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့အတွင်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး၊ ၅ ဦး ဆေးကုသမှု ခံယူနေရကြောင်း၊ ခင်ဦးမြို့နယ်အတွင်းတွင် စစ်တပ်က ကျေးရွာပေါင်း ၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် နေပူကုန်း၊ဘုန်းကောင်းနှင့်မင်းတန်းကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးသွား ကြောင်း သိရှိရသည်။ khit thit

မန္တလေးတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရပြီး တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံး

စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းပြီး နေ့စဉ်ဖမ်းဆီးမှုများရှိနေသည့် မန္တလေးတွင် မေလ ၂၀ ရက် ညပိုင်းက အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရပြီး ငွေကျပ် သိန်း ၃၀ ကျော်နှင့် တန်ဖိုးကြီးပစ္စည်းများလည်း ပျောက်ဆုံးသွားကြောင်း  မန္တလေးမြို့ခံများက ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၃ လမ်းနှင့် ၃၄လမ်းကြား ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်နေ ဒေါ်မြမြနှင့် သမီးဖြစ်သူ မခင်စန်းအေးတို့ ဓားဒဏ်ရာများနှင့် သေဆုံးနေခြင်းဖြစ်ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီအတိုင်းပဲ ဒဏ်ရာတွေနဲ့ အိမ်ထဲမှာ သေနေတယ်လို့ပဲ သိရတာ။ လူသတ်တဲ့အဖွဲ့က သိန်း ၂၀ ကျော်တန် ဆိုင်ကယ်တစ်စီး ငွေသိန်းသုံးဆယ်နဲ့ လက်ဝတ်ရတနာတွေပါ ယူသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံက ပြောသည်။ 

ပျောက်ဆုံးပစ္စည်းများ၏ ကာလတန်ဖိုးကို မသိရသေးပါ။

အသက် ၆၀ ကျော်အရွယ် ဒေါ်မြမြသည် မီးဖိုခန်းအတွင်း လက်နောက်ပြန်ကြိုးတုပ်လျက် လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်၊ မခင်စန်းအေးမှာမူ ဧည့်ခန်းထိုင်ခုံတွင် လက်နောက်ပြန်ကြိုးတုပ်လျက် အလားတူ ဒဏ်ရာများနှင့် သေဆုံးနေသည်ဟု ထိုဒေသခံက ပြောသည်။

ယင်းအပြင် သားအမိ ၂ ဦးလုံး၏ လည်ပင်းတွင် “သွေးသောက်” ဟူသည့် လည်ဆွဲကတ်များလည်း ဆွဲထားကြောင်း ၎င်းက ဆိုသည်။ သေဆုံးသူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများဖြစ်သည်ဟု ဒေသခံက ပြောသည်။

အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရမှု၊ ပစ္စည်းပျောက်ဆုံးမှုတို့နှင့် ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့ကို ယနေ့ ညနေပိုင်း ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

သေဆုံးသူ ဒေါ်မြမြသည် မြိုင် PDF အဖွဲ့ တပ်ရင်း (၄) အား လစဉ်ထောက်ပံ့နေသူဖြစ်သည်ဟု သွေးသောက်အဖွဲ့၏ လူသတ်မှုသတင်းများ ဖော်ပြလေ့ရှိသည့် တယ်လီဂရမ်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။

သတ်ဖြတ်သူတို့၏ နောက်ကွယ်တွင် စစ်ကောင်စီတပ် ရှိနေသည်၊ စစ်ကောင်စီတပ်က ပြည်သူတို့ကို အခြားပုံစံတစ်မျိုးနှင့် နှိပ်ကွပ်နေရာ NLD ပါတီနှင့် ဆက်စပ်သူတချို့ ပစ်မှတ်ဖြစ်လာသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ 

“သူတို့ကို မကြိုက်ရင်၊ ဆန့်ကျင်ရင် လမ်းပေါ်သတ်လိုက်၊ ဖမ်းခေါ်သတ်လိုက်၊ နေအိမ်မှာသတ်လိုက် အချိန်မရွေး ဒီလိုသတ်ဖြတ်နေတာပဲလေ။ ကျွန်မတို့ ပြည်သူတွေလည်း ဝဋ်ကြီးလွန်းတယ်” ဟု သူက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီ၂၅တွင် မဟာအောင်မြေမြို့နယ်မှ NLD ရပ်ကျေးဥက္ကဌဖြစ်သူနှင့် ဆွေမျိုးနီးစပ်သူ အမျိုးသားတစ်ဦးတို့ သတ်ဖြတ်ခံခဲ့ရသည်။

ရုပ်အလောင်းများကို လမ်းဘေးတွင်စွန့်ပစ်ခဲ့ပြီး “သွေးသောက်” ဟု အမည်ခံထားသည့်အဖွဲ့က သတ်ဖြတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ 

ယင်းဖြစ်စဉ်မှစ၍ မန္တလေးတွင် သွေးသောက်လည်ဆွဲကတ်ပြားဆွဲလျက် သတ်ဖြတ်ခံရသူ ၈ ဦးထက်မနည်းရှိနေပြီဖြစ်သည်။

သွေးသောက်သုံးသူ၊ သစ္စာပြုထားသော ရဲဘော်စစ်သည်ဟု အဓိပ္ပာယ်ရသည့် စကားလုံးကို သုံးထားသည့် အဖွဲ့တစ်ခုသည် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က တယ်လီဂရမ်အက်ပလီကေးရှင်းတွင် ပေါ်ပေါက်လာသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်အဖွဲ့များဖြင့် စစ်ရှိန်မြှင့်မည်ဟုလည်း မတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ပြည်သူ့စစ်များကို ပျူစောထီးအဖွဲ့အဖြစ် လူပိုသိကြသည်။

ယင်းပြောဆိုမှုအပြီး NLD ပါတီထောက်ခံသူများနှင့် NLD အစွန်းရောက်များ၊ PDF နှင့် ဆက်နွှယ်နေသည့် မိသားစုများကို လက်စားချေမည်ဟူသော ကြေညာချက်နှင့် သွေးသောက်အမည်ခံသူတို့၏ လူသတ်မှုများ ပေါ်လာသည်။

ထိုအဖွဲ့သည် မည်သူမည်ဝါဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မထုတ်ဖော်ဘဲ “NUG အဖွဲ့အစည်းက ဝန်ကြီးအချို့ကိုယ်တိုင် လှုံ့ဆော်တယ်၊ ကျောင်း တွေကို ဘယ်လိုဗုံးခွဲပါ ဘယ်လိုသတ်ပါဆိုတာ လှုံ့ဆော်တယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျ တုံ့ပြန်မှုတွေကို ခံစားနေရတာဖြစ်တယ်၊ အဲဒီတုံ့ပြန်မှုတွေခံစားနေရတဲ့အချိန်မှာ ဘာတွေပေါ်လာလဲဆိုတော့ ဒီဘက်ကပဲ (စစ်ကောင်စီကို ထောက်ခံသူများကပဲ) သတ်တဲ့ပုံစံမျိုး ပေါ်လာတာ” ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ “သွေးသောက်အဖွဲ့သည် စစ်ကောင်စီလက်ချက်ပင်ဖြစ်ကြောင်း၊ မြေပြင်တွင် အထိနာနေသော စစ်ကောင်စီက ကြံရာမရဖြစ်ကာ နောက်ဆုံးနည်းလမ်းသုံးနေခြင်း” ဖြစ်သည်ဟု Myanmar Now ကို ပြောဆိုထားသည်။ myanmar now

ထီးလင်းတွင် YRPA တပ်ဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ မင်းကင်းတွင် ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်ခံရသော စစ်တပ် မော်တော်အုပ်စုက ဖက်ခတ်ရွာတွင် ကမ်းကပ်ပြီး ရွာကို မီးတင်ရှို့နေ

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီရွာအနီး ယောဒေသ တော်လှန်ရေး တပ်ပေါင်းစု YRPA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာစဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ကာ Yaw Regional PDF’s Alliance – YRPA တပ်ဖွဲ့နှင့် ဒရုန်း တပ်ရင်းတို့မှ လက်နက်ကြီးများ စနိုက်ပါများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း YRPA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ရေမြှပ်မိုင်းများဖြင့် တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် မော်တော်အုပ်စုသည် ယနေ့ မေလ ၂၁ ရက်နေ့တွင် ဖက်ခတ်ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မော်တော်အုပ်စုတွင် ၆ စီးပါတွင်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရေမြှပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် မော်တော်ယာဥ် တစ်စီး ဝမ်းဗိုက်ထိမှန်ကာ စစ်တပ် ဘက်မှ စနိုက်ပါ ၂ ဦး သေဆုံးခဲ့သည်။

” အထက်ပိုင်းမှ စုန်လာတဲ့ စစ်ခွေး မော်တော် အုပ်စု နံနက်ပိုင်းက မင်းကင်းမြို့နယ် နှင်းကြီးရွာ လက်ချိတ်ရွာကို မီးရှို့ခဲ့ပြီး အခုလက်ရှိချိန်မှာ ဖက်ခတ်ရွာ ကို မီးထပ်ရှို့နေပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။ khit thit

မြောင်မြို့နယ်တွင် မေလအတွင်း စစ်ကောင်စီတပ်က လူနေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၂၁ ရက် နံနက်ပိုင်းအထိ ရရှိထားသည့် အချက်အလက်အရ စစ်ကောင်စီတပ်က ပြည်သူပိုင် နေအိမ် ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM )က စာရင်းပြုစု ထုတ်ပြန်ထားသည်။

အဆိုပါစာရင်းအရ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ မြောင်မြို့နယ် မြစ်ဆုံကျေးရွာတွင် ခြောက်လုံး၊ ရွှေလှံရွာတွင် သုံးလုံး၊ ပန်းညိုရွာတွင် ခြောက်လုံး၊ ညောင်ကားယားရွာတွင် အလုံး၂၀၊ ကူးတို့ကုန်းရွာ၌ နှစ်လုံး၊ ရွာပုလဲတွင် ၁၅ လုံး၊ ပေါက်ချောင်းရွာတွင် ၂၇ လုံး၊ အညွန့်ကျေးရွာတွင် ခုနစ်လုံး၊ မယ်မသော်ကျေးရွာတွင် ၇၂ လုံး၊ နဂါးပေါက်ရွာတွင် တစ်လုံးနှင့် နေပူကုန်းရွာတွင် လေးလုံး စုစုပေါင်း ၁၆၃ လုံးဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများရှိ နေအိမ်များကို ဆက်လက်မီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။

“ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ပြည်သူကို မကာကွယ်နိုင်တဲ့ ခံစားချက်ကတော့ စဉ်စားသာကြည့်ပါတော့။ ကိုယ့်တာဝန် ကိုယ်ကျေအောင် မလုပ်နိုင်တဲ့ ပုံစံမျိုးကြီးပေါ့။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဒီတိုင်း ဘာမှမလုပ်ပေးနိုင်တဲ့ ခံစားချက်က လိပ်ပြာမလုံသလို ခံစားရတယ်။ ဒီစစ်ကြောင်း မြောင်နယ်ထဲစဝင်ကတည်းက ကျွန်တော်တို့ နေ့တိုင်းတိုက်တယ်။ သူတို့ ၄၀ ကျော်လောက် ကျသွားတယ်။ အဲ့နောက် သူတို့ ရေစကြိုဘက်ရောက်တဲ့အခါကြ အင်အားထပ်ဖြည့်ပြီး ဒီကိုပြန်လာတိုက်တာ။ သူတို့မှာ လက်နက်ကြီးတွေ အကုန်ပါတယ်။ မိုင်းတွေလည်း ခွဲမရအောင် Jummer တွေပါတယ်။ အဆိုးဆုံးက ဒရုန်းတောင် လွှတ်မရအောင် ဒရုန်းဖျက်တဲ့ Jummer တွေပါ ပါတယ်။ လက်နက်ကြီးတွေနဲ့ သူတို့လှမ်းပစ်တော့ ကျွန်တော်တို့ ကပ်မရဘူး” ဟု CDSOMအဖွဲ့ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုနယ်တွင် အင်အားဖြည့်တင်း၍ စစ်ကိုင်းတိုင်း၊ မြောင်နယ်သို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေသည့် ယင်းစစ်ကြောင်းတွင် အင်အား ၁၅၀ ခန့် ပါဝင်ကာ လက်နက်ငယ် အပြည့်အစုံအပြင် RPG ငါးလက်၊ လက်နက် ကြီး အမျိုးအစား ၄၀ မမ လေးလက်၊ ၆၀ မမ၊ ၈၀ မမ၊ စက်သေနတ် အကြီးစား နှစ်လက်နှင့် တယ်လီဖုန်းလှိုင်းနှောင့်ယှက်သည့် Jummer များလည်း ပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အဆိုပါစစ်ကောင်စီတပ်မှာ ယနေ့ မေလ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် နေပူကုန်းရွာသို့ ဝင်ရောက်ကာ နေအိမ် လေးလုံးကို မီးရှို့၍ မွန်းလွဲ ၁၂ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြသည်။

လက်ရှိ မင်းတန်းရွာတွင် ညနေ ၅ နာရီခန့်မှစ၍ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအ နေအား မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ mizzima

မြောင်မြို့နယ်၊ မင်းတန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေပြီး ပြည်သူ ၃၀ ကျော် ပိတ်မိနေ၊ ချောင်းဦး တပါယ်အင်းရွာတွင် စစ် တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၉ လုံး ပြာကျ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မင်းတန်းရွာ အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရွာလုံးကျွတ် မီးတင် ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းချိန်၌ အသက် အရွယ် ကြီးရင့်သူများနှင့် ပြေးလွှားနိုင်ခြင်း မရှိသော ပြည်သူ ၃၀ ကျော်ခန့် ပိတ်မိနေကြောင်း သိရသည်။

” မြောင်မြို့နယ်က မင်းတန်းရွာကို အခုလက်ရှိ စစ်ခွေးတွေမီးတင်ရှို့နေပါတယ်။ ရွာလုံးကျွတ်ကို မီးတင်ရှို့ နေတာပါ။ ညနေ ၄ နာရီ ၄၀ မိနစ် လောက်ကစပြီး ရှို့နေတာ ရွာထဲမှာပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ မပြေးလွှားနိုင်တဲ့ သူတွေရှိတယ်။ ၃ဝ ကျော်လောက်ရှိမယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိကာ လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေများ အတည် မပြုနိုင် သေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ် တပါယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၉ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

တပါယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ကင်မွန်းတော်နှင့် ကံဆည်းရွာမှ ပျူစောထီးများကလည်း ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

” စစ်ခွေးတွေနဲ့ ကင်မွန်းတော်၊ ကံဆည်းရွာက ပျူခွေးတွေ ပူပေါင်းပြီး ပစ္စည်းယူပြီး မီးရှို့ခဲ့ပါတယ်။ ပြည်သူပိုင် နေအိမ် ၉ လုံး မီးလောင် ပြာကျသွားတယ်။ ကျေးရွာထဲမှာ ရှိတဲ့ ပြည်သူပိုင် ဆန်၊ စပါး၊ ဆီ၊ ပဲ၊ ဂျုံ၊ နှမ်း ရှိသမျှအကုန်နီးပါးလောက်ကို ပထမတစ်ကြိမ် ကားနှစ်စီးနဲ့သယ်သွားတယ်။ နောက်တစ်ခါ ကားတစ်စီးနဲ့ သယ်သွားပြီး ရွာကို မီးရှို့ခဲ့တာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး စစ်ဘေးရှောင်နေအိမ် ၂၀၀ ကျော်ပျက်စီး

ရခိုင်ပြည်နယ်မှာ  မေလ ၂၁ ရက်  ဒီနေ့ မွန်းလွဲ ၁၂ နာရီ ကျော်လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့  စစ်ဘေးရှောင်စခန်းတွေမှာ လူနေအိမ် ၂၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့  စခန်းတာဝန်ခံတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

လေပြင်းတွေကြောင့် ဘူးသီးတောင်မြို့ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၊ မြတောင်စစ်ဘေးရှောင်စခန်းနဲ့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းက လူ နေအိမ် ၅၀ ကျော် ပြိုပျက်သွားခဲ့တယ်လို့  မြို့ခံတယောက်ဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ ( AFP)  ပါတီဝင် မောင်သာဖြူက ပြောပါတယ်။

“လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေက လူနေအိမ် ၅၀ ကျော်လောက်ပျက်စီးသွားတယ်။ စစ်ဘေးရှောင်နေအိမ်တွေက လေပြင်းတိုက်လို့မပြိုရင်လည်း အားလုံးပြုပြင်ရမယ့် အနေထားတွေမှာရှိတယ်။ နှစ်တွေလည်းကြာပြီ။  ဒီနေအိမ်တွေကလည်း ကိုယ်ထူကိုယ်ထ ဆောက်ထားကြတာ။”

မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာလည်း လေပြင်းတိုက်ခတ်လို့ လူနေဆောင် ၄၀ ကျော် ပြိုပျက်သွားခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေထံက သိရပါတယ်။

အလားတူ ကျောက်တော်မြို့ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနဲ့ မဟာမုနိစစ်ဘေးရှောင်စခန်း ရှိနေအိမ် ၁၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“မဟာမုနိစစ်ဘေးရှောင်စခန်းမှာ အရင် လေပြင်းတိုက်လို့ ပြုလုပ်ထားတဲ့နေအိမ်တွေပါ ပြိုပျက်သွားတာတွေရှိတယ်။ ညောင်ချောင်စခန်းက နေအိမ်တွေက အိုဟောင်းနေတော့ အပြိုအပျက်များပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကလည်း လေပြင်းတွေ တိုက်ခတ်သွားလို့ မြောက်ဦး စစ်ဘေးရှောင်စခန်း၊ ကျောက်တော်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းနဲ့ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတို့မှ လူနေဆောင် ၂၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိ လူနေအိမ်တွေပျက်စီးသွားပြီး ပြန်ဆောက်လုပ်ဖို အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေကတော့ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း ၊မြောက်ဦး၊ ဘူးသီးတောင်က စခန်းတွေဖြစ်ကြပါတယ်။ DVB

« Older Entries