မန္တလေးမြို့လယ်ရှိ နေအိမ်၌ အမျိုးသမီး ၂ ဦး အသတ်ခံရ

မန္တလေးမြို့လယ်ရှိ နေအိမ်တစ်အိမ်၌ အမျိုးသမီးနှစ်ဦး ယမန်နေ့ မေလ ၂၀ ရက် ညပိုင်းက နေအိမ်အတွင်းရှိနေစဥ် ဝင်ရောက်သတ်ဖြတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

“သားအမိ နှစ်ယောက်(အမေနှင့်သမီး) ဓားထိုးဒဏ်ရာတွေနဲ့ သွေးအိုင်ထဲလဲကျ သေနေတဲ့အနေအထားပေါ့။ အလောင်းတွေမှာ အနီရောင် သွေးသောက်အဖွဲ့ကတ်ပြား တစ်ခုစီ ချိတ်ထားတယ် ဆိုတော့ သွေးသောက်အဖွဲ့က သူတို့သတ်သွားတယ် ဆိုတာကို သိစေချင်လို့ပဲ ဖြစ်မယ်” ဟု အခင်းဖြစ် နေအိမ်အနီး နေထိုင်သူက ပြောသည်။

ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ အကွက်အမှတ်(၂၇၃)၊ ၈၆ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ နေအိမ် တစ်အိမ်တွင် အမျိုးသမီး နှစ်ဦး အသတ်ခံထားရကြောင်း သတင်းအရ ယနေ့ မေလ ၂၁ရက် နံနက်ပိုင်းတွင် နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ နေအိမ်အတွင်း အမျိုးသမီး နှစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရကြောင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

“ညက ဝင်သတ်သွားတာ ဘယ်အချိန်လောက်လည်းဆိုတာတော့ မသိဘူး။

ဒီမနက် လုံခြုံရေးတပ်ဖွဲ့တွေ ဝင်စစ်မှ အခြေအနေသိရတာ သေတဲ့သူတွေက PDF တစ်ယောက်ရဲ့ အမေနဲ့ အစ်မလို့ ပြောတာပဲ” ဟု ၎င်းကဆိုသည်။

အသတ်ခံရသူ နှစ်ဦးအနက် အသက် ၆၁ နှစ်အရွယ် ဒေါ်မြမြ သည် နေအိမ် နောက်ဖေး မီးဖိုခန်းတွင် လက်နောက်ပြန် ကြိုးတုပ်ထားလျက် ပါးစပ်ကို အဝတ်နှင့်စည်းကာ လည်ပင်းထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက်နံဘေးထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေပြီး သမီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်ခင်စန်းအေးသည် နေအိမ်ရှေ့ ဧည့်ခန်းထိုင်ခုံပေါ်တွင် လက်နောက်ပြန်ကြိုးတုပ်ထားလျက် ပါးစပ်ကို အဝတ်ဖြင့်စည်းကာ လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ် ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ နှစ်ဦးစလုံးတွင် အနီရောင်သွေးသောက်အဖွဲ့ လည်ဆွဲ ကတ်ပြားတစ်ခုစီ ချိတ်ဆွဲထားကြောင်း သိရသည်။

မန္တလေးမြို့တွင် အနီရောင်စစ်ဆင်ရေး သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြားချိတ်ဆွဲလျက် အသတ်ခံရသူ ၁၀ ဦးခန့်အထိ ရှိနေပြီး ယခု တစ်ကြိမ်တွင် နေအိမ်တွင်းအထိ ဝင်ရောက်သတ်ဖြတ်ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s