မြောင်မြို့နယ်တွင် မေလအတွင်း စစ်ကောင်စီတပ်က လူနေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၂၁ ရက် နံနက်ပိုင်းအထိ ရရှိထားသည့် အချက်အလက်အရ စစ်ကောင်စီတပ်က ပြည်သူပိုင် နေအိမ် ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM )က စာရင်းပြုစု ထုတ်ပြန်ထားသည်။
အဆိုပါစာရင်းအရ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ မြောင်မြို့နယ် မြစ်ဆုံကျေးရွာတွင် ခြောက်လုံး၊ ရွှေလှံရွာတွင် သုံးလုံး၊ ပန်းညိုရွာတွင် ခြောက်လုံး၊ ညောင်ကားယားရွာတွင် အလုံး၂၀၊ ကူးတို့ကုန်းရွာ၌ နှစ်လုံး၊ ရွာပုလဲတွင် ၁၅ လုံး၊ ပေါက်ချောင်းရွာတွင် ၂၇ လုံး၊ အညွန့်ကျေးရွာတွင် ခုနစ်လုံး၊ မယ်မသော်ကျေးရွာတွင် ၇၂ လုံး၊ နဂါးပေါက်ရွာတွင် တစ်လုံးနှင့် နေပူကုန်းရွာတွင် လေးလုံး စုစုပေါင်း ၁၆၃ လုံးဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများရှိ နေအိမ်များကို ဆက်လက်မီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။
“ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ပြည်သူကို မကာကွယ်နိုင်တဲ့ ခံစားချက်ကတော့ စဉ်စားသာကြည့်ပါတော့။ ကိုယ့်တာဝန် ကိုယ်ကျေအောင် မလုပ်နိုင်တဲ့ ပုံစံမျိုးကြီးပေါ့။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဒီတိုင်း ဘာမှမလုပ်ပေးနိုင်တဲ့ ခံစားချက်က လိပ်ပြာမလုံသလို ခံစားရတယ်။ ဒီစစ်ကြောင်း မြောင်နယ်ထဲစဝင်ကတည်းက ကျွန်တော်တို့ နေ့တိုင်းတိုက်တယ်။ သူတို့ ၄၀ ကျော်လောက် ကျသွားတယ်။ အဲ့နောက် သူတို့ ရေစကြိုဘက်ရောက်တဲ့အခါကြ အင်အားထပ်ဖြည့်ပြီး ဒီကိုပြန်လာတိုက်တာ။ သူတို့မှာ လက်နက်ကြီးတွေ အကုန်ပါတယ်။ မိုင်းတွေလည်း ခွဲမရအောင် Jummer တွေပါတယ်။ အဆိုးဆုံးက ဒရုန်းတောင် လွှတ်မရအောင် ဒရုန်းဖျက်တဲ့ Jummer တွေပါ ပါတယ်။ လက်နက်ကြီးတွေနဲ့ သူတို့လှမ်းပစ်တော့ ကျွန်တော်တို့ ကပ်မရဘူး” ဟု CDSOMအဖွဲ့ဦးဆောင်သူ ကိုနွေဦးက ပြောသည်။
မကွေးတိုင်း၊ ရေစကြိုနယ်တွင် အင်အားဖြည့်တင်း၍ စစ်ကိုင်းတိုင်း၊ မြောင်နယ်သို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေသည့် ယင်းစစ်ကြောင်းတွင် အင်အား ၁၅၀ ခန့် ပါဝင်ကာ လက်နက်ငယ် အပြည့်အစုံအပြင် RPG ငါးလက်၊ လက်နက် ကြီး အမျိုးအစား ၄၀ မမ လေးလက်၊ ၆၀ မမ၊ ၈၀ မမ၊ စက်သေနတ် အကြီးစား နှစ်လက်နှင့် တယ်လီဖုန်းလှိုင်းနှောင့်ယှက်သည့် Jummer များလည်း ပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
အဆိုပါစစ်ကောင်စီတပ်မှာ ယနေ့ မေလ ၂၁ ရက် နံနက် ၉ နာရီခန့်တွင် နေပူကုန်းရွာသို့ ဝင်ရောက်ကာ နေအိမ် လေးလုံးကို မီးရှို့၍ မွန်းလွဲ ၁၂ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြသည်။
လက်ရှိ မင်းတန်းရွာတွင် ညနေ ၅ နာရီခန့်မှစ၍ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအ နေအား မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ mizzima