Monthly Archives: May 2022

မန္တလေး ခရိုင်တရားရုံးနှင့် ဈေးချိုအနီး ဗုံးပေါက်

မန္တလေးမြို့တွင် ခရိုင်တရားရုံးနှင့် ဈေးချိုတော်အနီး ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မစ္ဇျိမ၏ သတင်းရင်းမြစ်က ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ၊ မန္တလေးခရိုင် တရားရုံး ဝန်းကျင်တွင် နံနက် ၉ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားပြီး၊ နံနက် ၁၁ နာရီခွဲခန့်တွင် ဈေးချိုတော် နာရီစင် အနောက်ဘက် ၂၆ လမ်း တောင်ဘက်၊ ဈေးချိုတော် ဈေးရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ခရိုင်တရားရုံးမှာ အရင်ပေါက်တာဗျ၊ တရားရုံး အဆောက်အဦနဲ့ ဝေးပါတယ်၊ မနက် ကိုး နာရီကျော်လောက် ဖြစ်မယ်ထင်တယ်၊ နောက်တော့ ဈေးချို စည်ပင်ဈေးရုံးနားမှာ တစ်ခါ ထပ်ပေါက်တယ်၊ ဘာအထိ အခိုက် အပျက်အစီးမှ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်း အတွင်း စစ်တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။ mizzima

သန်လျင်မြို့နယ်တွင် နန်းထိုက်အောင်စစ် ဆင်ရေးတိုက်ခိုက်မှု သပြေကန်ရဲစခန်း စခန်းမှူးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိဟုဆို

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ သပြေကန်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်မှုတွင် စခန်းမှူးတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။

သန်လျင်မြို့နယ်ရှိ သပြေကန်ရဲစခန်းကို နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခု အဖြစ် ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၀ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သပြေကန်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်မှာ စခန်းမှူးတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများ အပြားရှိတယ်လို့ တပ်တွင်းသတင်း ပေးနေကတဆင့် ကြားသိရပါတယ်။ သူတို့ရဲ့ ထိခိုက်သေဆုံးသတင်း မပေါက်ကြားစေဖို့လည်း စကစဘက်က လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်” ဟု သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

သပြေကန်ရဲစခန်းသည် စစ်ကောင်စီတပ် အင်အား ၂၀ ဝန်းကျင်ရှိပြီး ဘန်ကာများအခိုင်အမာပြုလုပ် ထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် သပြေကန်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် သေ နတ်ပစ်ခတ်သံ ဆယ်ချက်ကျော်ကြားရပြီး စခန်းတွင်းမှ ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ၎င်းတို့ဘက်က အထိအခိုက်မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားထားသည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ နန်းထိုက်အောင်စစ်ဆင်ရေးသည် ဧပြီလ ၈ ရက်နေ့က စတင် ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက် တိုင်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ mizzima

တနင်္သာရီ-ဘုတ်ပြင်း ကားလမ်း ရေကြီး ရေ လျှံမှုဖြစ်ပွား

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ မေလ ၂၂ ရက်နေ့တွင် မြိတ် နည်းပညာ တက္ကသိုလ် အနီး ကဘင်းရွာနှင့် တနင်္သာရီ- ဘုတ်ပြင်း ကားလမ်းပေါ်တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားနေပြီး ခရီးသည်ကားနှင့် ကုန်ကား တချို့ ပိတ်မိနေကြောင်း သိရသည်။ mizzima

စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်နှင့် ဂန့်ဂေါ PDF တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်မှာ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ပိုင်း စမ်းမြို့ရွာနားကို စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန် ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

“စစ်(….)တွေနဲ့ ပျူ(….)တွေက သူတို့ဘက်က အထိနာတော့ ၆၀ မမ ၁၂၀မမ လက်နက်ကြီးတွေနဲ့ အချက် ၅၀ လောက် အဆက်မပြတ် ပြန်ပစ်တယ်ဗျ။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ လို့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာ နိုင်ခဲ့ကြတယ်။” 

စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးတဲ့ ရွာတွေနဲ့ စစ်ရှောင်တဲ့တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ကျွဲနွားတွေကို သတ်ဖြတ်စားသောက်တာတွေ၊ ဆန်စပါးတွေကို ယူဆောင်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စမ်းမြို့ရွာ ဒေသခံတယောက်က “ကျနော်တို့ စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ဒီဇင်ဘာ ၂၁ ရက်နေ့နဲ့ ဇန်နဝါရီ ၁၈ ရက်နေ့တွေမှာ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ အနက် ၁၆၀ လောက်မီးလောက်ဆုံးရှုံးခဲ့ရတယ်။ ရွာနားမှာလည်း ပြည်သူ့ ကာကွယ်ရေး PDF တွေနဲ့ စစ်(…)တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလို့ ဘေးလွတ်ရာနေရာတွေကို ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်။ မနေ့က မွန်းလွဲပိုင်းမှာလည်း ရွာဘက်က လက်နက်ကြီးလက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ DVB

မင်းကင်း-တန့်ဆည် အစပ်ရှိ တဲကြီးရွာကို စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု သူနာပြု ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကျေးရွာ ၃ ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁ဝဝ ကျော် မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ တဲကြီးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ဝ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာနေ ကိုယ်ဝန်ဆောင်သည် ၁ ဦးနှင့် သူနာပြု ၁ ဦး သေဆုံးကာ ပြည်သူ ၁၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေ သခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တဲကြီးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲခဲ့ပြီးနောက် ကျေးရွာအတွင်း၌ ပြည်သူပိုင် နေအိမ်များကိုပါ ရဟတ် ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး သူနာပြု ၁ ဦးနှင့် လသားအရွယ် ကလေးငယ် မိခင် ၁ ဦးတို့ သေဆုံးကာ ပြည်သူ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အ ကြမ်း ဖက် စစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့် ရွာအဝင် အထွက်လမ်းများတွင် လူချထားခဲ့ကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးလာကျဲလို့ ၂၁ အရွယ် ဆေးသူနာပြု တစ်ဦးနဲ့ ရွာထဲက လသား အရွယ် ကလေးမိခင်တို့ ပွဲချင်းပြီး သေဆုံးသွားတယ်။ တခြား သူနာပြု တစ်ယောက်မှာလည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ကလေးလူကြီး ၁၅ ဦးခန့်ရှိပါတယ်။ ရဟတ်ယာဉ်တွေက ပစ်ခတ်မှုတွေ ပြုလုပ်ပီး ပြန်လှည့်သွားပါတယ်။ ပြန်လှည့်သွားပြီးတော့ ရဟတ်ယာဉ် ၅ စီးထပ်ရောက်လာတယ်။ စစ်ကောင်စီ တပ်သား ၁ဝဝ ကျော်ကို ရွာထိပ်မှာ လာချသွားပြီး ရွာဦးကျောင်းမှာ တပ်စွဲထားပါတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ကျေးရွာနေပြည်သူများသည် အကြမ်းဖက် စစ်တပ်၏ လူမဆန်သော လုပ်ရပ်ဆိုးကို ကြောက်ရွံ့နေကာ လက်ရှိချိန်ထိ ကျေးရွာကို မပြန်နိုင်သေးဘဲ ထွက်ပြေး ရှောင်တိမ်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

အလားတူ မင်းကင်းမြို့နယ်အတွင်းရှိ နှင်းကြီး၊ လက်ချိတ်နှင့် ဖတ်ခက် ကျေးရွာတို့ကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၂၁ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၁၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်သည် ချင်းတွင်းမြစ်ကမ်းအတွင်း တိုက်ခိုက်ခံရသော မော်တော်အုပ်စုမှ စစ်သားများ ဖြစ်ကြောင်း သိရသည်။

” မနေ့က တိုက်ခိုက်ခံရတဲ့ စစ်တပ် ရေယာဉ် အုပ်စုက စစ်ခွေးတွေ နှင်းကြီး၊ လက်ချိတ်နဲ့ ဖတ်ခက်ရွာတွေကို မီးရှို့သွားတာ ပြည်သူတွေတော့ ထိခိုက်မှုရှိဘူးလို့ သိရတယ်။ ချင်းတွင်းမြစ်ကမ်းဘေးက ရွာတွေက စစ်ခွေး မော်တော်အုပ်စု လာပြီဆိုတာနဲ့ တောက်လျှောက်ကို ပြေးနေရတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ khit thit

အမဲလိုက်ထွက်ရာမှ ပြန်လာသည့် တီးတိန် ဒေသခံ ၂ ဦးကို စစ်ကောင်စီ သတ်ဖြတ်

တောတွင်းသို့ အမဲလိုက် ထွက်ရာမှ ပြန်လာသည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ဒေသခံ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို စစ်ကောင်စီတပ်က သတ် ဖြတ်လိုက်ကြောင်း မြို့ခံများထံက သိရသည်။

တီးတိန်မြို့နယ် ဆိုင်းဇန် ကျေးရွာသား အသက် ၂၉ နှစ်အရွယ် ကိုပေါင်ဇမောင် နှင့် အသက် ၂၁ နှစ် အရွယ် ကိုပေါင်ဆွင်းထန် တို့ နှစ်ဦး ဖမ်း ဆီး သတ်ခံရခြင်း ဖြစ်သည်။

လူ ၁၃ ဦးပါသည့် ကိုပေါင်ဇမောင်တို့ အဖွဲ့ သည် မေလ ၁၆ ရက်နေ့တွင် တွန်းဇံမြို့နယ် မွာလ်ပီးကျေးရွာ ဘက်သို့ အမဲလိုက်ရန် ဆိုင်ကယ် ခုနစ်စီးဖြင့် သွားခဲ့ကြပြီး မေလ ၂၁ ရက်နေ့ ၃ နာရီ ခန့်တွင် ရွာသို့ ပြန်လာစဉ် တီးတိန်မြို့ စကော့လမ်း ရပ်ကွက်၌ ကိုပေါင်ဇမောင် နှင့် ကို ပေါင်ဆွင်းထန် တို့ နှစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရသည်။

“သူတို့ နှစ်ယောက်က စကော့လမ်းရပ်ကွက် တပ်ကုန်း အနီးမှာ ရှိတဲ့ စားသောက်ဆိုင်က ပြန်လာတဲ့ စစ်သားတွေနဲ့ မျက်နှာချင်းဆိုင် တိုးသွားတာ။ အဲမှာ သူတို့နှစ်ဦးကို ဖမ်းတာဗျ။ သူတို့ရှေ့က သွားနေတဲ့ သူတွေကတော့ လွတ်သွားတယ်။ ဖမ်းဆီး ခံရတဲ့ နှစ်ယောက်မှာ တူးမီး သေ နတ်တွေ လွယ်ထားတာ။ ပြီးတော့ သူတို့နဲ့ အတူ ပါလာတဲ့ ခွေးနှစ်ကောင်ကို မိုးကာ အုပ်ပြီး ဆိုင်ကယ်ပေါ် တင်ခဲ့တာ တွေ့တယ်” ဟု အမည် မဖော်လိုသူ မြို့ခံ တစ်ဦးက ပြောသည်။

အမဲ လိုက်ရာတွင် အတူ ပါဝင်သူ ၁၃ဦးမှာ အသတ် ခံရသူ နှစ်ဦး အိမ်ပြန်ရောက် မလာနိုင်၍ အသိ ဗိုလ်မှူး တစ်ဦးအား စုံစမ်းခိုင်းရာ တီးတိန်မြို့ တပ်ကုန်းမှ စစ်သားများက ဖမ်းဆီးသွားကြောင်း သိရသည်ဟု ဆိုသည်။ ထို့နောက် ၎င်းတို့နှစ်ဦးကို ကလေးမြို့သို့ ပို့ဆောင်မည်ဟု ပြောကြောင်းနှင့် အကြိမ်ပေါင်းများစွာ ထပ်မေးမှသာ အသတ်ခံရပြီး ဖြစ်ကြောင်း ပြောပြသည်ဟု သေဆုံးသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူ နှစ်ဦးသည် ဆွေမျိုး တော်စပ်သူများ ဖြစ်ကြပြီး သေဆုံး ရုပ်အလောင်းများကို ပြန်မရသော်လည်း မေလ ၂၃ ရက်နှင့် ၂၄ရက်နေ့များတွင် ချင်းဓလေ့ ထုံးတမ်း စဉ်လာနှင့် အညီ ဈာပနအခမ်းအနား ပြုလုပ်မည်ဟု သိရသည်။

စစ်ကောင်စီ ဝါဒဖြန့် Fifty Two News ကမူ အသတ် ခံရသူ နှစ်ဦးကို ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ဝင်များ ဖြစ်ကြောင်း စွပ်စွဲ ဝါဒဖြန့်ထားသည်။ mizzima

စစ်တွေတက္ကသိုလ်တက်ရန် မောင်တော မွတ်ဆလင်ကျောင်းသား ၂၂ ဦးသာ ခရီးသွားခွင့်ရရှိထား

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တက်ရောင်ဖို့ မောင်တောခရိုင်က မွတ်ဆလင်ကျောင်းသား ၂၂ ဦးသာ ခရီးသွားလာခွင့်ရရှိသေးတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

“ကျနော်တို့ ၂၂ ဦးကို မနေ့က ခရီးသွားလာခွင့်လက်မှတ်တွေ မြို့နယ် လဝက က ထုတ်ပေးလိုက်ပါတယ်။ နောက် ဒုတိယအသုတ်တင်ထားတဲ့ ကျောင်းသားတွေ ခွင့်ပြုချက် မရသေးကြသေးပါ” လို့ ဓာတု၊ ဇီဝ မေဂျာနဲ့ စစ်တွေတက္ကသိုလ်တက်ရောင်မယ့် ကျောင်းသားတဦးက ပြောပါတယ်။

စစ်တွေတက္ကသိုလ်နေ့သင်တန်းတွေကို မေ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်နေပေမယ့် မောင်တောခရိုင်မှ မွတ်ဆလင်ကျောင်းသူကျောင်းသား ၄၀ ကျော် ခရီးသွားလာခွင့်အား မောင်တောခရိုင်လဝကရုံးမှာ လျှောက်ထားကြရာ ကျောင်းသား ၂၂ ဦးသာ မေလ ၂၁ ရက်နေ့က ခွင်ပြုချက်ပေးခဲ့တာလို့ ဆိုပါတယ်။

အင်္ဂလိပ်မေဂျာကျောင်းသားတဦးက “ခရီးသွားလာခွင့်လျှောက်တာ အချိန်ကြာတာကြောင့် ကျနော်တို့ တက္ကသိုလ်ကျောင်းသွင်းဖို့ နောက်ကျခဲ့ရတယ်။ ဒါပေမယ့် ကျောင်းသွင်းခွင့်ကို မေ ၁၇ ရက်ကနေ ၂၇ အထိ တိုးထားတယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့မှာတော့ တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသူကျောင်းသား ၅၀ ကျော် ရှိပေမယ့် ခရီးသွားလာခွင့်အား မနက်ဖြန်မှ စတင်လျှောက်ထားကြမယ်လို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

“ကျနော်တို့က မောင်တောက ခရီးသွားလာခွင်လျှောက်တဲ့ ကျောင်းသားတွေ ခွင့်ပြုချက်ရမလား မရဘူးလားဆိုတာ စောင့်ဆိုင်းနေတာပါ။ အခုလျှောက်ထားသူတွေထဲက ၂၂ ဦး ခွင့်ပြုချက်ရတယ်ဆိုတော့ ဘူးသီးတောင်က ကျောင်းသူကျောင်းသားတွေအားလုံး သွားလျှောက်ကြမှာပါ” လို့ ဘူးသီးတောင်မြို့မှ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျောင်းသူကျောင်းသားတေါကို ၂၀၁၂ ခုနှစ် လူမျိုးရေးဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တက္က သိုလ် တက်ရောက်ခွင့်အား ပိတ်ပင်ထားခဲ့တာပါ။

အခု ၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာတော့ စစ်တွေတက္ကသိုလ်မှာ မွတ်ဆလင်ကျောင်းသူကျောင်းတွေ ကျောင်းတက်ရောက်နေကြပြီးဖြစ်ပေမယ့် မောင်တောခရိုင်က မွတ်ဆလင်ကျောင်းသူကျောင်းသားတွေကတော့  ခရီးသွားလာခွင့်ခွင့်ပြုချက်ရဖို့ အချိန်ကြန့်ကြာနေတာကြောင့် တက္က သိုလ်မတက်ရောက်နိုင်ကြသေးတာလို့ သိရပါတယ်။ DVB

ထီးချိုင့်တွင် စစ်ကြောင်းထိုး၍ ပြန်လာသော စစ်တပ်ကို PDF ၅ ဖွဲ့ပေါင်း ပစ် ခတ်တိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံး၊ ဖယ်ခုံတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုး၍ ပြန်လာသော စစ်တပ်ကို ယနေ့ နံနက်ပိုင်း PDF များက ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း Eagle Army -HPDF က သတင်းထုတ်ပြန်သည်။

မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် Eagles Army၊ Tagung PDF ၊ MGZ PDF၊ Fox Army၊ KIA PDF များပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး၍ပြန်လာသော စစ်တပ်ကို စောင့်ကြို‌၍ အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်ကျဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်သည် အထိနာ၍တွေ့ရာပြည်သူနေအိမ်များ၊ထွန်စက်များနှင့်ဆိုင်ကယ်များအားမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း Eagles Armyက သတင်းထုတ်ပြန်သည်။

အလားတူ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်နှင့် KNDF-B03/B-11/KA နှင့် ဖယ်ခုံ PDF တပ်ရင်း၂ ရဲဘော်တို့ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းဒေသ၊ ဆီးမီးလော့ရွာအဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ထိတွေ့မှုမှာ မီတာ ၃၀၊၄၀ သာကွာဝေးသော အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ဦးမက ကျဆုံးနိုင်ကြောင်း ၊တိုက်ပွဲသည် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် အပစ်အခတ်ရပ်ဆိုင်းကြောင်း KNDF- B-03 က သတင်းထုတ်ပြန်ထားသည်။ khit thit

မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပစ်ခတ် ၂ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ၂၁ရက်နေ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်နက်ငယ်များအပြင် လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့သူတော့ ရွာခံကိုယ်တိုင်မြင်တာပါ ။ တစ်ယောက်ကတော့ ပွဲချင်းပြီးတာဗျ။ နောက်တစ်ယောက်ကတော့ ပြီးမှလက်နက်ကြီးထိပီးသေတာ” ဟု Natogyi People Defense Force တာဝန်ရှိသူက ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၅ ဦးခန့်တပ်စွဲထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

မေလ ၁၉ရက်နေ့ကလည်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြင်းခြံမြို့ အမှတ် ( ၂) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။ mizzima

« Older Entries