မန္တလေး ခရိုင်တရားရုံးနှင့် ဈေးချိုအနီး ဗုံးပေါက်

မန္တလေးမြို့တွင် ခရိုင်တရားရုံးနှင့် ဈေးချိုတော်အနီး ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မစ္ဇျိမ၏ သတင်းရင်းမြစ်က ပြောသည်။
ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ၊ မန္တလေးခရိုင် တရားရုံး ဝန်းကျင်တွင် နံနက် ၉ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားပြီး၊ နံနက် ၁၁ နာရီခွဲခန့်တွင် ဈေးချိုတော် နာရီစင် အနောက်ဘက် ၂၆ လမ်း တောင်ဘက်၊ ဈေးချိုတော် ဈေးရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
“ခရိုင်တရားရုံးမှာ အရင်ပေါက်တာဗျ၊ တရားရုံး အဆောက်အဦနဲ့ ဝေးပါတယ်၊ မနက် ကိုး နာရီကျော်လောက် ဖြစ်မယ်ထင်တယ်၊ နောက်တော့ ဈေးချို စည်ပင်ဈေးရုံးနားမှာ တစ်ခါ ထပ်ပေါက်တယ်၊ ဘာအထိ အခိုက် အပျက်အစီးမှ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်း အတွင်း စစ်တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။ mizzima