မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပစ်ခတ် ၂ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ၂၁ရက်နေ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်နက်ငယ်များအပြင် လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“သေဆုံးတဲ့သူတော့ ရွာခံကိုယ်တိုင်မြင်တာပါ ။ တစ်ယောက်ကတော့ ပွဲချင်းပြီးတာဗျ။ နောက်တစ်ယောက်ကတော့ ပြီးမှလက်နက်ကြီးထိပီးသေတာ” ဟု Natogyi People Defense Force တာဝန်ရှိသူက ပြောသည်။
အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၅ ဦးခန့်တပ်စွဲထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
မေလ ၁၉ရက်နေ့ကလည်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြင်းခြံမြို့ အမှတ် ( ၂) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။ mizzima