ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခမရ ၇၀၄ မှ ဗိုလ်ကြီး မျိုးကိုကို ဆေးကြောင်ပြီး အ ငြိမ်းစား ဗိုလ်ကြီး သော်တာလင်းကို ပစ်သတ်၊ ၁ ဦးဒဏ်ရာရရှိပြီး ၁ ဦးပျောက်ဆုံးနေ


ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဗိုလ်ကြီး မျိုးကိုကိုက ဆေးကြောင်ပြီး အငြိမ်းစားဗိုလ်ကြီး သော်တာလင်းကို ပစ်သတ်ခဲ့ပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရဲဘက်မှ ပေါက်ကြားလာသော ကြေးနန်းအရ သိရှိရသည်။
မေလ ၂၀ ရက်နေ့ ၇ နာရီအချိန် နေပြည်တော်- ရန်ကုန်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၄၆ ခမရ ၇၀၄ မှ ဗိုလ်ကြီး မျိုးကိုကိုနှင့် ဗိုလ်ကြီး(ငြိမ်း) သော်တာလင်း လိုက်ပါသော NPW-3Q/6523 တိုယိုတာ ကရောင်း အဖြူရောင်ယာဉ် စက်ချို့ယွင်းသဖြင့် ဦးအောင်ဇော်လင်း မောင်းနှင်လာသော 6E-3100 လိုက်ထရပ်ယာဉ်ကို တားဆီးခဲ့ပြီး အကူအညီတောင်းခဲ့ကြောင်း၊ ဦးအောင်ဇော်လင်းက ကားစက်ချို့ယွင်းမှုကို ကြည့်ရှုပေးနေစဉ် ဗိုလ်ကြီးမျိုးကိုကိုသည် မူးယစ်ဆေးဝါး အလွန်အကျွံ့သုံးစွဲထားသဖြင့် စိတ်မထိန်းနိုင်တော့ဘဲ သေနတ်ဖြင့် ပစ်ခတ်ရာ ၎င်းနှင့်အတူ လိုက် ပါသူ ဗိုလ်ကြီး(ငြိမ်း) သော်တာလင်း သေဆုံးသွားကြောင်း သိရှိရသည်။
ဗိုလ်ကြီးမျိုးကိုကိုသည် ကားတွင် အတူလိုက်ပါသော ဗိုလ်ကြီးအငြိမ်းစား သော်တာလင်းကို ပစ်သတ်လိုက်ပြီးနောက် အခြားလမ်းတစ်ဘက်မှ ဆိုင်ကယ်မောင်းလာသော ဦးသန်းဇော်လင်းကိုလည်း ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားကြောင်း၊ လိုက်ထရပ်ကားဆရာ ဦးအောင်ဇော်လင်း ခေါ်ဆောင်လာသော ဝပ်ရှော့ဆရာမှာလည်း ထွက်ပြေးသွားပြီး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
ဗိုလ်ကြီးမျိုးကိုကိုထံမှ WY မူးယစ်ဆေးဝါး ၁၆၀ ပြား၊ လက်နက် ၂ လက်နှင့် ကျည်များ သိမ်းဆည်းရမိကြောင်း၊ ဗိုလ်ကြီးမျိုးကိုကို အမှုဖွင့်ထား သော်လည်း အမှတ် ၃၆၃ တပ်မတော် တပ်ထိန်း ဗိုလ်ကြီးအောင်သူရကျော်ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရှိရသည်။ khit thit