Monthly Archives: May 2022

မင်းတပ် အရှေ့ပြင်မီးသတ်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက် ခိုက်ခံရ

ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်မီးသတ်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၂ ရက် ည ၁၀ နာရီလောက်မှာ CDF-မင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး CDF-မင်းတပ်က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်ကနေ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားတဲ့ အနေထားမျိုးတွေရှိတယ်။ ကျောင်းတွေပြန်ဖွင့်လာရင် ဒီထက်ပိုဆိုးသွားမယ်။ ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး။ စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်တာကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သတိပေးတဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်တယ်” လို့ ဆလိုင်းဟာအွမ်က ပြောပါတယ်။

Non CDM ဆရာ၊ဆရာမတွေကို အရင်ကတော့ ဖမ်းဆီးထိန်းသိမ်းတာတွေ မလုပ်ခဲ့ပေမဲ့ စစ်ကောင်စီအလိုကျ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အထိ လုပ်လာရင်တော့ ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ လူငယ်တွေရဲ့ ပညာသင်ကြားရေးအတွက်ကတော့  NUG အစိုးရရဲ့ အစီအမံနဲ့ မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်အောက်က ပြည်သူ့ပညာရေး အစီအစဥ်မှာ တက်ရောက်သင်ယူနေကြပြီး တောက်လျှောက်လည်ပတ်နေတယ်လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က တိုက်နယ် ၄ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတယောက် ခြေထောက် တဖက်ပြတ်သွားသလို အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်လည်း ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့ပြင်မီးသတ်ကုန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးပါဘူး။ DVB

ထန်တလန်မြို့ကို စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့

ချင်းပြည်နယ် ထန်တလန်မြို့အား စစ်ကောင်စီတပ်မှ မေလ ၂၃ ရက် ယနေ့ ထပ်မံမီးရှို့ခဲ့ကြောင်း သိရ သည်။

“မီးရှို့ခံရတာမှန်ပါတယ် ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်ပြုလို့မရသေးပါဘူး” ဟု Thantlang Placement Affairs Committee – IDP help က တာဝန်ရှိသူတစ်ဉီးမှ ပြောသည်။

မိုးတွင်းကာလဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေသည့်အပြင် အင်တာနက်လိုင်းများ လည်း ဆက်သွယ်မရရှိသော ကြောင့် မြေပြင်နှင့်အဆက်အသွယ်ရရန် ခက်ခဲနေကြောင်းဆိုသည်။

စစ်ကောင်စီက လက်နက်ကြီးများနှင့်ပစ်ခတ်ပြီး မြို့အစွန်ပိုင်းရှိ ကျောင်းရပ်ကွက်တွင် မီးလောင်ကျွမ်းခဲ့ ကြောင်းဒေသခံများထံမှ သိရသော် လည်း မဇ္စျိမအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ရှိ/မရှိနှင့် အပျက်အစီး အဆုံးအရှုံးအား မသိရှိရသေးပေ။

ထန်တလန်မြို့တွင် ဒေသခံများနေထိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်များနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များသာ နေထိုင်လျက်ရှိရာ ကြိုးကြားပစ်ခတ်မှုများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပစ်ခတ်ခံရပါက ကျည်လာရာလမ်းကြောင်းထင်ရသည့်ဘက်သို့ လက်နက် ကြီးငယ်များသာမက မီးလောင်ဗုံးများနှင့် ပစ်ခတ်သဖြင့် အိမ်များမီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ဧပြီလ ၂၂ ရက်နေ့ က စစ်ကောင်စီတပ်များမှ ၂၇ ကြိမ်မြောက်အဖြစ် ထန်တလန်မြို့ပေါ်ရှိအိမ်များကို မီးရှို့ခဲ့ရာ လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီးဖြစ်သည်။

ထန်တလန်မြို့တွင် အိမ်ခြေ ၁၈၀၀ ဝန်းကျင်ရှိပြီး ၁၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း အကူ အညီပေးရေးအဖွဲ့အစည်းများမှ ကောက် ယူထားသော စာရင်းများအရသိရသည်။ mizzima

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် MSRO ကြား ၁ နာရီခန့်တိုက်ပွဲဖြစ် ပွား၊ နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်တန်း ၄ ကြိမ် မိုင်းခွဲခံရပြီး ၈ ဦးခန့် သေ ဆုံးနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် မွန် ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ကြား ယနေ့ မေလ ၂၃ ရက်နံနက်တွင် ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားကြောင်း MSRO က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် အင်အား ၆၀ ခန့်ဖြင့် ထိုးစစ်ဆင်လာပြီး ရေးမြို့နယ် မဟာမိတ်တပ်ဦး တပ်စိတ် ၈ ၏ ကင်းပုန်းကို စတင်ပစ်ခတ်ရာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ၁ နာရီခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ရေးမြို့နယ် မဟာမိတ်တပ်ဦးက တပ်စိပ် ၁၀ ခုဖြင့် ခုခံပိတ်ဆို့ တိုက်ခိုက်လျှက်ရှိကြောင်း MSRO ကသ တင်းထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့နှင့် ယာဉ်တန်းများကို နွားထိုးကြီး PDF က မေလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ၄ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း နွားထိုးကြီး PDF ထံမှ သိရှိရသည်။

ယမန်နေ့ မေလ ၂၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် နွားထိုးကြီး-မြင်းခြံလမ်းပေါ်ရှိ ကန်နှောင်းရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယနေ့ နံနက် ၈ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၃၁၅ နှင့် ၃၁၆ ကြားတွင် စစ်ကား အကြီး ၁ စီးကို မိုင်းခွဲတိုက်ခိုက်ရာ ထိခိုက်ပျက်စီးသွားပြီး အများအပြားသေဆုံးနိုင်ကြောင်း နွားထိုးကြီး PDF က ဆိုသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာအနီး မိုင်းရှင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲရာ စစ်သားများ သေ ဆုံးထိခိုက်ခဲ့ပြီး အလောင်းလာကောက်သော စစ်သားများကို ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF ထံမှ သိရှိရသည်။

အဆိုပါ မိုင်းခွဲ တိုက်ခိုက်မှု ၄ ကြိမ်တွင် စစ်သား ၈ ဦးထက်မနည်းသေဆုံးနိုင်သည်ဟု မျက်မြင်တွေ့ရှိခဲ့ရကြောင်း နွားထိုးကြီး PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

မန္တလေးမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဆန္ဒပြမှုဖြင့် ထောင် ၃ နှစ်ချခံရ

မန္တလေးတိုင်း တောင်သူလယ်သမားအရေးကိစ္စများ လိုက်ပါကူညီဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတစ်ဦးကို ချမ်းမြသာစည်မြို့နယ်တရားရုံးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ဟု ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ဦးအေးသိန်းကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် မေ ၁၇ တွင် ထောင်ချခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

“တိုင်စာမှာ ဖော်ပြထားတာက ကိုအေးသိန်းက ၂၀၂၁ ဖေဖော်ဝါရီကနေ ဩဂုတ်လအထိ မန္တလေးမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ဆန္ဒပြခဲ့လို့ဆိုပြီး အမှုဖွင့်ခဲ့တာ။ ဒီအမှုအတွက် ၃ နှစ် ချမှတ်လိုက်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးရှေ့နေတစ်ဦးက ဆိုသည်။

အသက် ၅၁ နှစ်အရွယ် ဦးအေးသိန်းသည် ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ မိတ်ဆွေတစ်ဦး၏ နေ အိမ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

ပြည်သူ့ဘက် ရပ်တည်ခဲ့ခြင်းကြောင့် ထောင်ချခံရခြင်းဖြစ်ကြောင်း ဦးအေးသိန်းက ထိုသို့ အမိန့်ချခံရအပြီး ပြောခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောသည်။

“အမိန့်ချအပြီး သူပြောတာက သူက ဆန္ဒပြတယ်။ ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိဘူး။ ပြည်သူတွေအတွက် အလုပ်သ မား၊ လယ်သမားတွေအတွက် ဘယ်အစိုးရတက်တက် သူကတော့ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့သူတစ်ယောက်လို့ ပြောတာပေါ့။ သူ့အတွက် တောင်းဆိုတာမရှိဘူး” ဟု ထိုသူက ဆိုသည်။

ပြည်သူများအား နွားတစ်ကောင်ကဲ့သို့ ရုန်းကာ အလုပ်အကျွေးပြုမည့် “ပြည်သူ့နွား” ဟု မိမိကိုယ်ကိုယ် ခိုင်းနှိုင်း ကြွေးကြော်မဲဆွယ်ခဲ့ဖူးသော ဦးအေးသိန်းသည် သပိတ်ကျင်းမြို့နယ် လယ်ယာမြေပြဿနာများနှင့် မန္တလေးတိုင်း တပ်သိမ်းမြေယာများ၊ အစိုးရနှင့် တောင်သူ မြေယာပြဿနာများကို လိုက်ပါကူညီလေ့ရှိသူဖြစ်သည်ဟု သိရသည်။

ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်ရန် ပြင်ဆင်ထားသည့် ပုဒ်မဖြစ်သည်။ 

စစ်ကောင်စီက သူ့ကို ယခုနှစ် ဇန်နဝါရီ ၂၇ တွင် အကြမ်းဖက်ပုဒ်မ ၅၀ (ည) နှင့် ၅၁ (ဂ) တို့နှင့်လည်း ချမ်းမြသာစည်တရားရုံး၌ အမှုထပ်ဖွင့်ထားသည်ဟု သူ့အမှုများကို လိုက်ပါ ကူညီပေးနေသည့် ရှေ့နေနောက်တစ်ဦးက ပြောသည်။

ကျန်အမှုများကို ဇွန် ၃ တွင် ထောင်တွင်းအထူးတရားရုံး၌ ဆက်လက် စစ်ဆေးမည်ဟု ဆိုသည်။  

ပြီးခဲ့သည့် မေ ၁၆ က မန္တလေးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၅၆ နှစ်အရွယ် ဦးစိုးမိုးနိုင် ခေါ် ဦးဒိန်းဒေါင်ကို စစ်ကောင်စီက အကြမ်း ဖက်ပုဒ်မဖြင့် ထောင် ၁၀ နှစ် ချမှတ်ခဲ့ပြီး ပုဒ်မ ၂ ခုအတွက် စုစုပေါင်း ထောင် ၁၃ နှစ် ချမှတ် ခံထားရသည်။ 

၎င်းသည်လည်း စစ်တပ်နှင့် တောင်သူမြေယာအငြင်းပွားမှုများ၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ ALPHA ဘိလပ်မြေကုမ္ပဏီအမှုတို့တွင် တောင်သူများဘက်မှ ကူညီပေးခဲ့သူလည်း ဖြစ်သည်။

ဆက်လက် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၀၇၁၆ ဦးရှိပြီး ၎င်းတို့အနက်မှ ၁၀၇၇ ဦး မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေ ၂၀ ထုတ်ပြန်ချက်အရ သိရသည်။ myanmar now

ကန့်ဘလူမြို့နယ် ဇီးပင်သာကျေးရွာက ပျူဒလန်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးပင်သာ ကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများမှ လူငယ်များကို ပျူသင်တန်း တတ်ရန် လိုက်လံ စည်းရုံးနေသည့် ပျူစောထီးအဖွဲ့ဝင် ဒလန်ဆိုသူ ဦးထွန်းလှိုင်

သေနတ်ဖြင့် ပစ်ခတ်ခဲ့ရ၍ သေဆုံးသွားကြောင်း သိရသည်။

၎င်းအား ဇီးပင်သာ ကျေးရွာအနီးတွင် မေလ ၂၁ ရက် ညနေ ၅ နာရီခန့်က 9mm ကျည်အမျိုးအစားဖြင့် ပစ်ခတ်ခဲ့ကြောင်း KBU-UG အဖွဲ့မှ ဗိုလ်ရသက ပြောသည်။

“ထွန်းလှိုင်က နီးစပ်ရာ ကျေးရွာက လူငယ်တွေကို ပျူသင်တန်း တတ်ဖို့ စည်းရုံးရေး ဆင်းနေတဲ့သူပါ ။ ကျွန်တော်တို့ UG အဖွဲ့ အနေနဲ့ မရှင်းခင် တစ်ပတ်ကြိုပြီး သတိပေးစာ ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆက်လုပ်တယ် ။ တော်လှန်ရေးအင်အားစု က ရဲဘော်တွေကို နောက်ယောင်ခံတယ်။ ပြီးတော့ စစ်တပ်ကို သတင်းပေးတယ် ။ ဒါကြောင့် မေလ ၂၁ ရက် ညနေပိုင်း ၅ နာရီ မှာ ပျူသင်တန်း က အပြန် ဇီးပင်သာ တောထဲမှာ 9mm ကျည် နှစ်တောင်နဲ့ ပစ်သတ်ခဲ့တာ”ဟု KBU-UG အဖွဲ့ မှ ဗိုလ်ရသက ဆိုသည်။

ကန့်ဘလူမြို့နယ်သည် စစ်တပ်ထောက်ခံသူများ ပြီး CDM ဝန်ထမ်းများ ကို နောက်ယောင်ခံခြင်း ၊ ဖိအားပေး ခြိမ်းခြောက်ခြင်းများလည်း ရှိနေသည်ဟု ဗိုလ်ရသက ဆိုသည်။ mizzima

မွန်ပြည်သစ်ပါတီ (NMSP)နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ့ဆုံ၊ စစ်အာဏာသိမ်းရသည့် သမိုင်းရှင်းပြ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၃ ရက်က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့နဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီ  ပြောခွင့်ရ နိုင်အောင်မငေးက “ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့မှာ  အခြေမူချမှတ်ထားဖို့ ဒါကျနော်တို့ မြန်မြန်ဆန်ဆန်လုပ်ဖြစ်တယ်၊  နောက်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့အတွက်လည်း ဒါကို  မြန်မြန်ဆန်ဆန်လုပ်ပေးပါတယ်လို့ ကျနော်တို့ တင်ပြထားပါတယ်ခင်ဗျ။ နောက်တခုက ကျနော်တို့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ အခါကျရင် ကျနော်တို့ မွန်ပြည် နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး မြန်မာအပါအဝင်ပေါ့နော် တိုင်းရင်းသားအားလုံးကိုလည်း ကျနော်တို့ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ပြုဖို့ ဒါကိုလည်း ကျနော်တို့ တင်ပြထားပါတယ်၊ ဒီအပေါ်မှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောတူလက်ခံတယ်။”လို့ ပြောပါတယ်။ 

ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်မယ့်အကြောင်းနဲ့ စစ်တပ်အာဏာသိမ်းရတဲ့ အခြေအနေတွေကို သမိုင်းကြောင်းနဲ့ချီပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက ဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေကို လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့၊ လက်ရှိနိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး တွေ့ဆုံဆွေး နွေး အဖြေရှာဖို့ အကြုံပြုတင်ပြခဲ့ပါတယ်။

မွန်ကျောင်းသားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က ကန့်ကွက်နေတဲ့ကြားက မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့ဟာ  စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ မေလ ၂၂ ရက်က  မော်လမြိုင်မြို့မှ နေပြည်တော်သို့ မော်တော်ယာဉ်တွေနဲ့ သွားရောက်တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ NMSP ဟာ အန်အယ်ဒီအစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လားဟူဒီမိုကရက်တစ် အစည်းအရုံးနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက အခုလို စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်တဲ့အပေါ် မွန်နိုင်ငံရေးသမားတွေနဲ့ မွန်လူထုအကြား အမြင်မတူ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ 

မွန်တိုင်းရင်းသူ တယောက်ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာဟာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်သလို မွန်ပြည်သစ်ပါတီအနေနဲ့ တခြားရွေးချယ်စရာ နည်းလမ်းတွေ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ PDF တွေအပြင် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဝင်တာကြောင့် အောင်မြင်နိုင်စရာ ရှိဘူးလို့ ဆိုပါတယ်။

တခြားမွန်လူငယ် တစ်ဦးကလည်း စစ်ကောင်စီရဲ့ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အယုံအကြည် မရှိတဲ့အတွက်ကြောင့် မွန်ပြည်သစ်ပါတီကို မတက်ရောက်စေချင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

တခြားမွန်လူငယ်တစ်ဦးကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ အခုလို အခွင့်ကောင်း အခါကောင်းနဲ့ ကြုံနေရတဲ့အချိန်မှာ တော်လှန်ရေး မလုပ်ရင် နောင်အနာဂတ်မှာ စစ်အာဏာရှင်ကို ဖြိုဖျက်နိုင်မှာ မဟုတ်ကြောင်းနဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ NUG ဒါမဟုတ် တိုင်းရင်းသားမဟာမိတ် လက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တွန်လှန်းတိုက်ထုတ်သွားဖို့ လိုတယ်လို့တိုက်တွန်း ပြောပါတယ်။

ဒါပေမဲ့ ဒီဆွေးနွေးပွဲဟာ မွန်ပြည်နယ်တည်ငြိမ်းအေးချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းစတခုအဖြစ် ရှုမြင်ကြသူတွေလည်းရှိပါတယ်။

မွန်တိုင်းရင်းသားတယောက်ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးအပေါ် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ရှိတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားအရေးလေ့သာသုံးသပ်သူ ဒေါက်တာပညာမွန်ကတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေသွားရောက် တွေ့ဆုံတာဟာ လေ့လာတဲ့ အဆင့်လောက်သာ ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ အန်စီအေမူအတိုင်း လျှောက်လမ်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရတာလို့ ဒီဗွီဘီကို ပြောထားပါတယ်။

ဒါ့အပြင် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်တဲ့  နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာအောင် ဖန်တီးပေးဖို့နဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေ တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ အသံတိတ်နေတာ မဟုတ်ဘဲ လုပ်သင့် လုပ်ထိုက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မွန်အမျိုးသားစည်းလုံး ညီညွတ်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားတာဖြစ်ပြီး  မွန်ပြည်သစ်ပါတီ (NMSP)   အဖွဲ့ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ပြီးနောက် စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတဲ့ ဒုတိယမြောက်အဖွဲ့ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ်အဖွဲ့တွေ ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ – KNU/KNLA/PC)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့ တက်ရောက်ဖို့ စာရင်းပေးထားပါတယ်။

ဒ့ါအပြင် အပစ်ရပ်အဖွဲ့တွေ မဟုတ်တဲ့ ၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SAA) တို့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားတာပါ။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမည်စာရင်းပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ၃ ရက်ခြား တစ်ဖွဲ့စီ တွေ့ဆုံသွားဖို့ စီစဉ်ထားသလို မေလ ၂၀ ရက်နေ့ကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ DVB

ဖားကန့်မြို့နယ် နေရာ ၃ ခုတွင် KIA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်၊ မင်းတပ်တွင် စစ်သား ၂ သေဆုံးပြီး စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ခြေထောက်ပြတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် KIA အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကြောင်းများစွာဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ ဖားကန့် ကရင်ချောင် မှော်ဘက်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲခြင်း ပစ်ခတ်တိုက် ခိုက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ကရင်ချောင်တံတားတွင် စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်လိုက်ပြီး စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူတစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“စစ်တပ်က စစ်ကြောင်းတွေ ဖားကန့်ဘက်ကို ချီလာတာ။ တိုက်ပွဲက အဲဒါကြောင့်ဖြစ်နေတာ ။ ကရင်ချောင်ဘက်မှာလည်း ဖြစ်နေတယ်။ ဆန်းကြွယ်နဲ့ ကျောက်သွေးတောင်အကြားမှာလည်း အခု နေ့လယ် လောက်ကစပြီး တိုက်ပွဲဖြစ်နေကြတယ်။ လက်နက်ကြီးသံ ၂ချက် ၊ဗုံးလိုအသံ ၃ချက် တောက်လျှောက် အပြန်အလှန်ပစ်သံတွေကြားရတယ်။ ဖားကန့်ကနေ စစ်ကြောင်းတစ်ခု ထက်တိုးလာတယ်။ ယူမာ ဘက်မှာလည်း ဖြစ်နေတယ်။ စစ်ကြောင်းကို မိုင်းဆွဲလိုက်တာ။ အခု တိုက်ပွဲတွေမှာ စစ်တပ်က အတော်ကို အထိနာနေတယ်” ဟု KIA သတင်းရင်းမြစ်လည်းဖြစ်၊ ဒေသခံလည်းဖြစ်သူ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဖားကန့်မြို့ထဲကို ဝင်ရောက်စီးနင်းထားပြီး တွေ့ရှိသမျှ လူမှန်သမျှကို ရိုက်နှက်စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ယမန်နေ့ မေလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် မင်းတပ်မြို့အရှေ့ပြင်မီးသတ်ကုန်းတွင် တပ်စွဲထားရှိနေသည့် စစ်တပ်ကို CDF-Mindat က သွားရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း၊ CDF- Mindat က အထိအခိုက်မရှိ ပြန်လည် ထွက်ခွာလာနိုင်ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။

မေလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မင်းတပ်မြို့အတွင်းရှိ စစ်ကောင်စီတပ်များက တိုက်နယ် ၄ ဘက်သို့ လက်နက်ကြီးများရမ်း သန်းပစ်ခတ်ရာ လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၁ နှစ်အရွယ်ကလေး တစ်ဦးခြေထောက်တစ်ဘက်ပြတ်ကြောင်း၊ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိကြောင်း၊ ပြည်သူပိုင်နေအိမ်နှစ်လုံးပျက်စီးသွားကြောင်း သိရှိရသည်။ khit thit

တော်လှန်ရေးအားကောင်းလာသည့် ရွာငံဒေသ

မေလလယ်ပိုင်းက ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်အတွင်း လက်နက်သယ်ယူရေးလမ်းကြောင်းအတွက် အခြေအနေကြည့်ရန် ရှေ့ပြေးအဖြစ် သွား ရောက်သည့် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီတပ်က ဖမ်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် လက်နက်ပေါင်း ၄၀၀ ကျော်ကို ခွဲပြီး သယ် ဆောင်လာကြသည် မော်တော်ယာဉ်များမှာ ရွာငံမြို့နယ်တွင် ၃ စီး၊  ရပ်စောက်မြို့နယ်တွင် ၄ စီး  အဖမ်းခံလိုက်ရသည်။

ထောက်ပို့တာဝန်ယူထားသူများ၊ လက်နက်များ အဖမ်းခံရခြင်းမှာ စစ်ကောင်စီတပ်က ကြိုတင်သတင်းရမှုကြောင့်သာ ဖြစ်နိုင်ကြောင်း ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) အဖွဲ့မှ ကိုကျော်ဟန်က သုံးသပ်သည်။

“ထောက်ပို့တွေဆိုတာက အရမ်းအရေးကြီးတယ်လေ။ အဖွဲ့အစည်းတစ်ခုမှာ၊ သိုသိုသိပ်သိပ် လုပ်ရတာဆို‌တော့။  အဲဒီလိုလူတွေ ဆုံးရှုံးသွားရတယ်၊ လုံးဝကို တန်ဖိုးဖြတ်မရတဲ့လူတွေပေါ့” ဟု ၎င်းက ပြောသည်။

ရွာငံသည် ရှမ်းပြည်နယ်မှ မန္တလေးသို့ နာရီအနည်းငယ်အတွင်း ရောက်နိုင်သည့်  လမ်းပေါ်မှမြို့ဖြစ်သော၊ စစ်တပ်ဒေသဖြစ်သည့် ဗထူးတပ်မြို့နှင့် နီးကပ်စွာ တည်ရှိသော ဒေသဖြစ်ရာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို တွေ့ရတတ်သည့် ဒေသတစ်ခုဖြစ်သည်။

ဤသို့သော အနေအထားတွင် စစ်ကောင်စီတပ်က ဓနုဒေသ ရွာငံမြိုနယ်အတွင်း အားကောင်းစပြုလာသည့် လက်နက်ကိုင်တော်လှန်မှုကို ပြင်း ပြင်းထန်ထန် ကိုင်တွယ်နေသလို ဖမ်းဆီး၊ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်ဟု ဒေသခံများ၊ တော်လှန်ရေးအင်အားစုများက ပြော သည်။

နေအိမ်မီးရှို့ခံရခြင်း

စစ်တပ်က သိမ်းသွားသည့်အထဲတွင် လက်နက် ၅၀၊  ကျည်ဆန် ၁၉၉၀၀ ကျော်နှင့် အသုံးအဆောင် အချို့မှာ YUG အဖွဲ့ပိုင် ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော်သည်ဟု ဆိုသည်။  

ဧပြီ ၂၀ တွင်လည်း ၎င်းတို့၏ စခန်းတစ်ခု တိုက်ခိုက်ခံရစဉ် ရဲဘော်တစ်ဦးကျဆုံးပြီး လက်နက်ခဲယမ်းနှင့် စက်ပစ္စည်းများ ဆုံးရှုံးမှုမှာ သိန်း ၄၀၀ ကျော်ခန့်တန်ကြေးရှိသည်ဟု  YUG မှ ကိုကျော်ဟန်က ပြောသည်။

မြို့နယ်အတွင်း  ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊  ရှမ်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (SNDF)၊ တောင်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တို့လည်း လှုပ်ရှားနေကြသည်။

လူငယ်အများစု ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့တို့၏ လက်ချက်ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်၍ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့ရသည်။ 

အခြားဒေသများကဲ့သို့ပင် စစ်ကောင်စီက ရွာငံတွင်လည်း မကြာသေးခင်လများအတွင်း ဒေသခံတချို့ကို ပြည်သူ့စစ်အဖွဲ့အဖြစ် လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည်၊ ဒေသခံအရပ်သားများ ပါဝင်သော ထိုအဖွဲ့ကို အများက ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုကြသည်။ 

ရွာငံမြို့၏ အရှေ့တောင်ဘက်တွင်လည်း စစ်ကောင်စီတပ်က ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ် သင်တန်းများပေးနေသည်ဟု ဒေသခံများ ပြောသည်။ သင်တန်းဆင်းလာသူတို့ကို နွားဘန်းကြီးရွာအနောက်ဘက်ရှိ တောအုပ်အတွင်းသို့   နေ့စဉ်နီးပါး ပစ်ခတ်ခိုင်းသည်ဟု ဆိုသည်။

မတ်လလယ်ခန့်မှ စတင်ကာ စစ်တပ်က ရွာအချို့ကို ဝင်စီးကာ ဒေသခံ ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ပြီး ၁၅၀ ကျော်ကို ဖမ်းဆီးရာတွင် နယ်မြေအကြောင်း သိနားလည်သော ပျူစောထီးတို့ကို အသုံးပြုခဲ့သည်ဟု  PDF များထံမှ သိရသည်။

ဤသို့ဖြင့်  PDF များ ပစ်မှတ်ထားသည့်ထဲတွင် ဒေသတွင်း ပျူစောထီးများလည်း ပါဝင်သည်။

မင်းပလောင်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးကျော်သိန်း နှင့် ဦးခင်မောင်သိန်း တို့ကို မေ ၁၅ တွင် လက်နက်ကိုင်တချို့က လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံ စစ်ရှောင်များကို ကူညီနေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားက ပြောသည်။

မည်သည့်အဖွဲ့က သတ်ဖြတ်သွားမှန်း မသိရသေးသည့် ထိုခေါင်းဆောင်နှစ်ဦး၏ လက်အောက်တွင် အင်အား ၄၀ ခန့်ရှိပြီး ၎င်းတို့်က မင်းပလောင်ရွာ၏ အနောက်ဘက် မိုင်အနည်းငယ်ခန့်အကွာတွင် စခန်းချထားသည်။

ထိုနေ့ ညနေပိုင်းတွင်မူ စစ်တပ်က ထိုရွာကို ရောက်လာပြီး စစ်ဆေးမေးမြန်းပြီး နယ်မြေ ရှင်းလင်းရေး လုပ်သွားသည်ဟု ဆိုသည်။

တစ်နေ့တည်းတွင်ပင် မြို့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် နွားဘန်းကြီးရွာကို စစ်ကောင်စီတပ်က စစ်ကား ၃ စီးဖြင့် ရောက် လာပြီး နေအိမ် ၃ လုံးကို   မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က  PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲထားသည့် ဦးရဲမင်းပိုင်၏ နေအိမ်သို့ သွားရောက်ကာ   အသက် ၆၀ ကျော်အရွယ် မိဘများကို မျက်လုံးကိုအဝတ်စည်းကာ အိမ်ပေါ်မှ ဆွဲချခဲ့ကြောင်း၊  ထိုအိမ်နှင့် ကိုဝင်းခိုင် ဆိုသူ၏ နေအိမ်မှာ   မီးရှို့ခံရသည့်အထဲ​ပါဝင်ကြောင်း သိရသည်။

အိမ်မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။ အခြားဒေသ အိမ်မီးရှို့မှာများကိုမူ စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု တုံ့ပြန်ထားသည်။

ဒေသခံတို့ PDF ဟု စွပ်စွဲခံရပြီး အစုလိုက် အပြုံလိုက် ဖမ်းဆီးခံနေရမှုမှာ ဒလန်များနှင့် အုပ်ချုပ်ရေးမှူး တချို့၏ သတင်းပေးမှုကြောင့်ဖြစ် သည်ဟု ထိုဒေသအကြောင်း အကျွမ်းတဝင် သိထားသော သတင်းသမားတစ်ဦးက ပြောသည်။

“ဒလန်တွေကို လိုက်လံရှင်းလင်းမယ် ဆိုပြီးတော့ ဒေသခံတွေက အစကတော့ ဒလန် မလုပ်နဲ့၊ ပျူစောထီး မလုပ်နဲ့တော့ ဆိုပြီး သွားပြောဆိုကြတယ်၊ လက်မခံဘဲ ဆက်လက် လုပ်နေတဲ့အခါကျတော့ ဒေသခံတွေက အဲဒါကို နှိမ်နင်းမယ်လို့ ဆုံးဖြတ်တဲ့ အခါကျတော့ ရရာလက်နက်စွဲကိုင်လာကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသတင်းသမားက ပြောသည်။ 

“ဒလန်တွေကို လိုက်ရှင်းတဲ့အခါမှာ စကစ (စစ်ကောင်စီ) က ဒလန်ဘက်ကို လုံခြုံရေး ယူပေးတာမျိုး၊ ကာကွယ်ပေးတာမျိုး လုပ်တဲ့အခါကျတော့ ဒေသခံနဲ့ စကစ ပဋိပက္ခ ဖြစ်တာပေါ့။ တိုက်ပွဲ ကြီးကြီးမားမား မရှိဘူး၊ ဒေသခံကလည်း လက်နက် ကောင်းကောင်း မရှိသေးဘူး” 

နေရပ်စွန့်ခွာရမှု

ရွာငံမြို့နယ်အတွင်း ဖေဖော်ဝါရီလမှ မေလလယ်အတွင်း စစ်တပ်နှင့် ပျူစောထီးတို့ ဖမ်းသွားသူများထဲမှ ပြန်လွတ်လာသူတို့မှာ ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် အခြားမြို့နယ်များသို့ တိမ်းရှောင်သွားကြသည်ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် နီးစပ်ရာကျေးရွာများနှင့် တောထဲ ထွက်ပြေးနေရသည့်၊ ရာနှင့်ချီသည့် စစ်ရှောင်များမှာ နေရပ် မပြန်ရဲသေးဟု ၎င်းက ဆိုသည်။

“စစ်ရှောင်တွေက တကယ်ပြောရရင် အကူအညီ လုံးဝမရတဲ့အခြေအနေမှာ ရှိပါတယ်၊ စစ်ရှောင် ကူညီတဲ့သူတွေကိုလည်း နာမည်နဲ့တကွ လိုက်ဖမ်းနေလို့ ထွက်ပြေးနေကြရတယ်” ဟု ၎င်းက ပြောသည်။

အချက်အလက်များအရ နီးစပ်ရာကျေးရွာများတွင်ခိုလှုံနေသူများရှိသလို တောထဲတွင်တိမ်းရှောင်နေရသူ အရေအတွက် ၂၀၀ ကျော်ရှိနေပြီး ၎င်းတို့ထဲတွင် ကိုယ်ဝန်ဆောင်နှင့် မီးနေသည် ၁၀ ဦး ရှိသည်ဟု ဆိုသည်။

ဓနုတိုင်းရင်းသားများ နေထိုင်ရာ ဤဒေသတွင် နေရပ်စွန့်ခွာလာသူများသည် အထောက်အပံ့ အကူအညီ မရကြကြောင်း၊ ၎င်းတို့ရောက်နေသည့် နေရာများသည်လည်း စစ်ဘေးရှောင်စခန်းကဲ့သို့ မဟုတ်ကြောင်း  ဒေသတွင်း သတင်းထောက်တစ်ဦးက ပြောသည်။

“ရွာငံဘက်မှာက တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်နေရတာမျိုး မဟုတ်ဘူး၊ ပျူစောထီးအဖွဲ့ရယ် ဒလန်ရယ် များလို့ ဒေသခံ ဓနုတွေက တောထဲမှာရှိတဲ့ခြံမှာ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် သွားနေကြတာ   အများစုပါ” ဟု ထိုသတင်းသမားက ပြောသည်။

တရားလက်လွတ် သတ်ဖြတ်မှုများ

ရွာငံမြို့၏တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိပြီး ရွာသား ၉ ဦး သတ်ဖြတ်ခံထားရသည့် ပဲရင်းတောင်ရွာ မှာလည်း ရွာလုံးကျွတ်ထွက်ပြေးနေရဆဲဖြစ်သည်ဟု ပဲရင်းတောင်ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ သတင်းပေးများက ရွာခံအမျိုးသားအားလုံးနီးပါးကို PDF စာရင်းသွင်းပြီး စစ်ကောင်စီထံ အမည်စာရင်းပို့ထားသည်ဟူသော သတင်းကြောင့် အိမ်မပြန်ရဲသေးဟု ၎င်းက ဆိုသည်။

နေအိမ်ပြန်ကြည့်ရန် အမျိုးသမီးအချို့ပြန်သည်မှလွဲ၍ ကျန်သည့်ရွာသားအားလုံး ဆက်လက် တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က  ရွာငံမြို့နယ်မှ ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု   ရှမ်းပြည်နယ်အတွင်းရှိ လူအခွင့်ရေးကိစ္စများကို စောင့်ကြည့်နေသည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က  မေ ၁၁ တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ရွာငံတွင် နေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံရကာ ထွက်ပြေး တိမ်းရှောင်နေရသူ ၈၀၀ ကျော် ရှိနေသည်ဟု  ထိုထုတ်ပြန်ချက်ကဆိုသည်။ 

ထိုသူတို့မှာ ဧပြီ ၁၉ ရက်က သတ်ဖြတ်ခံရသည့် ပဲရင်းတောင်ရွာမှ ရွာသား ၉ ဦးနှင့် ဖေဖော်ဝါရီ ၁၅ ရက် က ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် နွားဘန်းကြီးရွာသား အသက် ၂၁ နှစ်အရွယ် မောင်ဇင်မင်းခိုင်တို့ဖြစ်သည်။

အဆိုပါအဖွဲ့၏ အချက်အလက်များအရ ရွာငံမြို့နယ်အတွင်းရှိ PDF များကို တိုက်ခိုက်ရန်  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ က လောအခြေစိုက် ခြေမြန်တပ်ရင်း(၁၁၂)၊ (၁၁၅) နှင့် ရပ်စောက် အခြေစိုက် ခြေမြန်တပ်ရင်း(၅၀၈)၊ (၅၀၉) တို့ ဝင်ရောက်လာသည်ဟု သိရသည်။ 

စစ်ကောင်စီက ထိုအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း အင်အား ၆၀၀ ခန့်အထိရှိနေသည်ဟု PDF တို့က ခန့်မှန်းသည်။ ထိုအထဲတွင်  ဟဲဟိုးမြို့နှင့် ဗထူးတပ်မြို့မှ တပ်အင်အားများလည်း ပါဝင်ဖွယ်ရှိသည်ဟု ဆိုသည်။

မေ ၁၇ ရက်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ရွာငံမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည့်  မင်းပလောင်ရွာတွင် စစ် ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်အဖွဲ့စုံရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံလူငယ်များက စစ်ကောင်စီတပ်ကို ပြန်ခုခံရာ၌ အဟန့်အတားများစွာကြုံနေရသည်။

သို့သော် ရွာငံတော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို  အထိနာအောင်တိုက်ခိုက်နိုင်နေသည့် ကရင်နီ ဒေသမှ တော်လှန်ရေးအဖွဲ့အချို့နှင့် ချိတ်ဆက် လုပ်ကိုင်လျက်ရှိသည်။ အနာဂတ်တွင် ပိုမို ပူးပေါင်း ဆောင်ရွက်မည့် အလားအလာ ရှိသည်ဟု လေ့လာသူများက ယူဆကြနေ သည်။

မေ ၁၃ တွင်လည်း YUG အပါအဝင် ရှမ်းတောင်ဒေသရှိ PDF ၇ ဖွဲ့  ပူးပေါင်းကြောင်း သတင်းထုတ်ပြန်ထားသည်။  myanmar now

အမ်းမြို့တွင် တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ခြောက်လှန့်ပစ်ခတ်နေသဖြင့် ဒေသခံများ စိုးရိမ်နေ

အနောက်ပိုင်း စစ်ဌာနချုပ်ရုံးစိုက်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့မှာ မေလ ၂၂ ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မနေ့ ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေနဲ့ လှုပ်ရှားမှုရှိတဲ့ နေရာတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ နာရီဝက်ကျော်ကြာပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမ်းမြို့ခံတဦးက ပြောပါတယ်။

“မနေ့က ည ၁၀ နာရီကစပြီးပစ်တာ၊ ၁၀ နာရီခွဲလောက်အထိ လက်နက်ကြီးရော လက်နက်ငယ်ရော စက်သေနတ်တွေနဲ့ပါပစ်တာ။ ပစ်တာက တော့ တိုက်ပွဲဖော်ဆောင်တဲ့ပုံစံမျိုးပေါ့။ နှစ်ဖက်တိုက်ခိုက်ကြတာတော့ မဟုတ်ဘူး။  နေရာ ၄ နေရာလောက်က ပစ်တာ။ အဲဒီနေရာတွေက စစ်ကောင်စီက တပ်စွဲထားတဲ့နေရာတွေနဲ့ သူတို့တွေ လုပ်ရှားနေကြတဲ့ နေရာတွေဖြစ်တယ်။”

ရွာသာယာနဲ့ ခလရ ၃၇၃ တပ်ရင်း၊ မြို့ဟောင်းရပ်ကွက်၊ လေယာဥ်ကွင်းနဲ့ အောက်ရွာ စတဲ့နေရာတွေကနေ ပစ်ခတ်နေတာလို့ အမ်းမြို့ခံတွေကဆိုပါတယ်။

အရင်က တပ်လှန့်ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အခု လက်နက်ကြီး၊ လက်နက်ငယ်ပါ ပစ်ခတ်ကြတာကြောင့် စိုးရိမ်နေကြတာလို့ မြို့ဟောင်းရပ် ကွက် ဒေသခံတဦးက ပြောပါတယ်။

“အရင်တုန်းက တိုက်ပွဲကာလတွေမှာ ပစ်ခဲ့တာတွေရှိတယ်၊ အဲဒါတွေက တပ်လှန့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာ။ အခု တိုက်ပွဲဖြစ်သလိုမျိုး လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ပါပစ်တော့ ကျနော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားတယ်။ အခုတော့ အေးဆေးတည်ငြိမ်နေပေမယ့် လမ်းတွေမှာ ထွက်ပြီးလူသွားလူလာတွေ သိပ်မရှိဘူး။” 

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမေးမြန်းတာတွေရှိနေပြီး တောင်ကုတ်မြို့နယ်က ကင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုတွေရှိပြီး အချိန်မရွေးတိုက်ပွဲနိုင်တယ်လို့ ရက္ခိုင်တပ်တော်(အေအေ) က မေ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries