အမ်းမြို့တွင် တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ခြောက်လှန့်ပစ်ခတ်နေသဖြင့် ဒေသခံများ စိုးရိမ်နေ

အနောက်ပိုင်း စစ်ဌာနချုပ်ရုံးစိုက်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့မှာ မေလ ၂၂ ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
မနေ့ ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေနဲ့ လှုပ်ရှားမှုရှိတဲ့ နေရာတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ နာရီဝက်ကျော်ကြာပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမ်းမြို့ခံတဦးက ပြောပါတယ်။
“မနေ့က ည ၁၀ နာရီကစပြီးပစ်တာ၊ ၁၀ နာရီခွဲလောက်အထိ လက်နက်ကြီးရော လက်နက်ငယ်ရော စက်သေနတ်တွေနဲ့ပါပစ်တာ။ ပစ်တာက တော့ တိုက်ပွဲဖော်ဆောင်တဲ့ပုံစံမျိုးပေါ့။ နှစ်ဖက်တိုက်ခိုက်ကြတာတော့ မဟုတ်ဘူး။ နေရာ ၄ နေရာလောက်က ပစ်တာ။ အဲဒီနေရာတွေက စစ်ကောင်စီက တပ်စွဲထားတဲ့နေရာတွေနဲ့ သူတို့တွေ လုပ်ရှားနေကြတဲ့ နေရာတွေဖြစ်တယ်။”
ရွာသာယာနဲ့ ခလရ ၃၇၃ တပ်ရင်း၊ မြို့ဟောင်းရပ်ကွက်၊ လေယာဥ်ကွင်းနဲ့ အောက်ရွာ စတဲ့နေရာတွေကနေ ပစ်ခတ်နေတာလို့ အမ်းမြို့ခံတွေကဆိုပါတယ်။
အရင်က တပ်လှန့်ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အခု လက်နက်ကြီး၊ လက်နက်ငယ်ပါ ပစ်ခတ်ကြတာကြောင့် စိုးရိမ်နေကြတာလို့ မြို့ဟောင်းရပ် ကွက် ဒေသခံတဦးက ပြောပါတယ်။
“အရင်တုန်းက တိုက်ပွဲကာလတွေမှာ ပစ်ခဲ့တာတွေရှိတယ်၊ အဲဒါတွေက တပ်လှန့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာ။ အခု တိုက်ပွဲဖြစ်သလိုမျိုး လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ပါပစ်တော့ ကျနော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားတယ်။ အခုတော့ အေးဆေးတည်ငြိမ်နေပေမယ့် လမ်းတွေမှာ ထွက်ပြီးလူသွားလူလာတွေ သိပ်မရှိဘူး။”
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမေးမြန်းတာတွေရှိနေပြီး တောင်ကုတ်မြို့နယ်က ကင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုတွေရှိပြီး အချိန်မရွေးတိုက်ပွဲနိုင်တယ်လို့ ရက္ခိုင်တပ်တော်(အေအေ) က မေ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB