Monthly Archives: May 2022

ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း ၏ နေအိမ် တွင် မေလ ၂၂ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိ ရသည်။

ပေါက်ကွဲမှုကြောင့် နေအိမ် အရှေ့ခြမ်း ပြိုကျ ပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း တိုက်ခိုက်ခဲ့သည့် ဘိုကလေး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူး ကြည်ဝင်း သတင်းပေးလို့ ဖမ်းဆီးခံရသူ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ဖောက် ခွဲခဲ့တာပါ။ အခု ဖောက်ခွဲမှုဟာ ကြည်ဝင်းရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည် သူလူထုကို ဖိနှိပ် ဒုက္ခပေးနေတဲ့ ထောက်တိုင်တွေကို လုံးဝ ငဲ့ညှာမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆို သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲများက ယင်းအိမ်အနီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မတရား စွပ်စွဲ ဖမ်းဆီးမှုများ ရှိလာနိုင်သဖြင့် ဒေသခံများ သတိထား နေထိုင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ mizzima

ဒီးမော့ဆိုနှင့် ဖရူဆိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနဲ့ ကျွန်းပင်ကုန်းအကြားမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ကား ၃ စီး  ပျက်စီးသွားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-04) နဲ့ ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မေလ ၂၂ ရက် ညနေ ၃ နာရီကစပြီး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီမောင်းနှင်လာတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ KNDF B-04 က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲ ၂ နာရီခွဲ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် ​ဒီး​မော့ဆိုမြို့မတံတားရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကင်းပုန်းတစ်ခုကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  မေလ ၂၁ ရက်က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသွားပါတယ်။

ဒီး​မော့ဆိုမြို့နယ်၊ ​မြို့မအားကစားကွင်းအနီးက  မနာပ​လော့ရပ်ကွက်ရှိ ရဲစခန်းသို့ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို ထပ်မံပြီး ကြား ဖြတ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

​ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄ ဦးကဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုက ထုတ်ပြန်ထားပါတယ်။ DVB

တန့်ဆည်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး ၂၀ ကျော်ဒဏ်ရာပြင်းထန် ဟုတန့်ဆည် PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး ဦးရေ ၂၀ကျော် ဒဏ်ရာပြင်းထန်စွာရရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မဟာ(တန့်ဆည်)က မေလ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မေလ ၂၂ ရက် နံနက် ၈ နာရီတွင် တန့်ဆည်မြို့ တောင်ဘက် လေးမိုင်အကွာရှိ ခပေါင်းကြိုင် ကျေးရွာမှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ခန့်ပါ ခြေလျင်စစ်ကြောင်းကို စိမ်းစားကျေးရွာအနီးတွင် ရှေ့ထွက်မိုင်းဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား သုံးဦးသေဆုံးခဲ့သည်။

ထို့နောက် ညနေ ၃ နာရီကျော်တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို တန့်ဆည်မြို့နယ် ချောင်းရိုးကျေးရွာနှင့် ရေဦးမြို့နယ် လှည်းသွင်းကျေး ရွာအကြားတွင် PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မ နည်းသေဆုံးပြီး ဦးရေ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မဟာ(တန့်ဆည်)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

” ပထမအကြိမ် ရှေ့ထွက်မိုင်းပဲ ဆွဲလိုက်တာ၊ ပဒေသာမိုင်း ပါရင်တော့ ပိုထိမှာပေါ့။ ဒုတိယအကြိမ်ကတော့ အဲ့ဒီစစ်ကြောင်းက ရေဦးဘက်အသွားမှာ အတိုက်ခံရတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စောင့်တိုက်တာ၊ တိုက်ပွဲက မိနစ် ၄၀ လောက်ကြာတယ်။ အပြန်အလှန်ပစ်ကြတာ” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်

အဆိုပါ တိုက်ခိုက်မှုကို တန့်ဆည်PDF ၊ ရွှေဘိုခရိုင်တပ်ရင်း (၆)၊ တပ်ရင်း (၇)၊ ဖီးနစ်တန့်ဆည်၊ Dragon Warrior ၊TY Local အဖွဲ့များအပြင် နီး စပ်ရာကျေးရွာမြေပြင်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် တန့်ဆည်မြို့နယ်တောင်ပိုင်းရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းဖြစ် ပြီး တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းသည် ရေဦးမြို့နယ် ပုဏ္ဏကားရွာတွင် ရောက်ရှိနေကြောင်း သိရသည်။ mizzima

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦးသေ၊ ၄၀ ခန့် ထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်

မေ ၂၂ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၈၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာစစ်အာဏာရှင်စနစ်မြန်မာ့မြေပေါ်မှအပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကြိမ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ၁ ကြိမ်စီ၊ မန္တလေးတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည် ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ် ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ DVB

တောင်ကြီး အထက (၁) ရှေ့၌ လူငယ်တစ်စု တော်လှန်ရေးစာတန်း ချိတ်ဆွဲပြီး ဗုံးထောင်သွား

တောင်ကြီးမြို့ အထက (၁) ကျောင်းရှေ့၌ “မအလကျွန် စစ်ခွေး ရဲခွေးတွေကို သုတ်သင် ရှင်းလင်းမည်” ဆိုသည့် စာတန်းကို ယနေ့ မေလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ချိတ်ဆွဲ ထားသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အရှေ့ဘက် အုတ်တံတိုင်း နံရံ၌ အဆိုပါ စာတန်းကို လူငယ်တစ်စုက လာရောက် ချိတ်ဆွဲသွားခြင်း ဖြစ်ပြီး ဗုံးတစ်လုံးလည်း ထောင်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့မနက် အစောကြီး ကျောင်းအရှေ့ဘက် အုတ်နံရံမှာ စာတန်း ချိတ်ပြီးတော့ ဗုံးထောင် သွားခဲ့တာ တွေ့တယ်။ အခုတော့ မရှိတော့ဘူး။ လာဖြုတ်သိမ်း သွားပါပြီ။ စာတန်းမှာ ရေးထားသလို ရဲနဲ့ စစ်တပ်ကို သတိပေးတဲ့ အနေနဲ့ လုပ်တာ ထင်တယ်။ ဗုံးက ပြည်သူတွေ လမ်းသွား လမ်းလာတွေ ထိခိုက်အောင် လုပ်တာတော့ မဟုတ်ဘူး ထင်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကလည်း တောင်ကြီးမြို့၊ အရှေ့ မြို့ပတ်လမ်း၊ ရှုခင်းသာ ပန်းခြံ၌ ချိတ်ဆွဲ ထားသည့် စစ်ခေါင်းဆောင် ရုပ်ပုံနှင့် စစ်ခေါင်းဆောင်အား ဆဲဆိုထားသည့် ဗွီနိုင်းကို စစ်ကောင်စီတပ်က လာရောက်ဖြုတ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။mizzima

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့ ဆွေးနွေးပွဲပြီးဆုံး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီလက် အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်ကို ပြန်လည်ထွက်ခွာသွားပါတယ်။

မေလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်တွေကိစ္စ၊ အစိတ်အပိုင်း (၃)မှ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတဲ့ ဇယား-၂ ပါ ဆွေးနွေးဖို့အချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး RCSS အဖွဲ့က သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်တွေအရ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တွေ့ဆုံဆွေးနွေးပွဲသို့  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး စိုင်းငင်းနဲ့ စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်တို့ တက်ရောက်ကြပါတယ်။

RCSS (SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ဟာ နေပြည်တော်မှာ မေလ ၂၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မေလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားတာဖြစ်ပြီး  ဗိုလ်ချုပ်ကြီး ယွက်စစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ပထမဆုံးလာရောက်တာ ဖြစ်ပါတယ်။ DVB

မင်းကင်းမြို့နယ် တဲကြီးကျေးရွာအနီး မိုင်းမိပြီး စစ်ကောင်စီတပ်သား ၄ ဦး ခြေထောက်ပြတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အရှေ့မြောက်ဘက် တဲကြီးကျေးရွာအနီး၌ မေလ ၂၂ ရက် နံနက် ၉ နာရီခန့်က မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သားလေးဦး ခြေထောက်များပြတ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း(၄)မှ PDF ရဲဘော်တစ်ဦးက မဇ္ဇျိမကိုပြော သည်။

“ စစ်ကောင်စီတပ်သား ၈ဝ ခန့်ပါတဲ့ စစ်ကြောင်းတက်လာတဲ့လမ်းကို တိုက်မိုင်းတွေခင်းထားတာပါ။ မိုင်းကွင်းကြီးထဲကို တည့်တည့်မတ်မတ်ဖြတ်သွားတာ မဟုတ်တဲ့အတွက် စစ်ကောင်စီတပ်သား အသေ တော့ မရှိလိုက်ဘူး။ စစ်သားလေးဦးကတော့ ခြေထောက်တွေ ပြတ်နေခဲ့တယ် ” ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)မှ တပ်စိတ်မှူး ကို အင်ဒရူး (Andrew) က ပြောသည်။

အဆိုပါ မိုင်းကွင်းကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)နှင့် ဒေသခံ ပကဖအဖွဲ့ များ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။mizzima

ပေါက်တောမြို့နယ်တွင် လေပြင်းကြောင့် ငါးဖမ်းစက်လှေ တိမ်းမှောက်၊ ၂ ဦး သေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စက်လှေတိမ်းမှောက်ပြီး ငါးဖမ်းသမားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မေ ၂၁ ရက်နေ့လယ်ပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံမြို့နယ်က ငါးဖမ်းစက်လှေ ၁၈ စီးနဲ့ ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်ခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပေါက်တော ကျောက်မောင်းရွာသားတဦးက “ဟုတ်တယ်။ မြေပုံနဲ့ ကျောက်ဖြူက ငါးဖမ်းဘုတ်တွေ နစ်မြုပ်ခဲ့ပေမယ့် အသေအပျောက်မရှိခဲ့ကြလို့ ဝမ်းသာနေကြတာ။ ပေါက်တောမှာ အဲဒီနေ့ကပဲ ငါးဖမ်းစက်လှေနစ်မြုပ်ပြီး သူတို့ ၂ ယောက်ပျောက်နေတာ မနေ့က မှ အလောင်းရှာတွေ့လို့ ရွာမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်” လို့  ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာက ကိုငယ်မောင်ချေ (၂၈ နှစ်) နဲ့ ကိုနုစိန်အောင် (၂၅ နှစ်) တို့ ဖြစ်ကြပြီး ကိုငယ်မောင်ချေမှာ ဇနီးနဲ့ သားသမီး ၅ ဦး၊ ကိုနုစိန်အောင်မှာတော့ ဇနီးနဲ့ သမီး ၂ ဦးကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ မေ ၂၁ ရက် ညနေပိုင်းက ပေါက်တောမြို့နယ် နဲ့ မြေပုံမြို့နယ်ကြားရှိ မြစ်ပြင်မှာ ငါးဖမ်းစက်လှေငယ်တစီးနဲ့ ပိုက်ချနေကြစဉ် ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စက်လှေတိမ်းမှောက် ပျောက်ဆုံးသွားပြီး မေ ၂၂ နေ့မှာ ငါးဖမ်းသမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့တာပါ။ DVB

ဘောလခဲမြို့နယ်၌ စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား ၃ စီးပျက်စီး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ထားလဲကျေးရွာနှင့် ကျွန်းပင်ကုန်းကြားတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-04 တို့ မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နှစ်နာရီခွဲနီးပါးကြာမြင့်သည့် ယင်းတိုက်ပွဲတွင် စစ်ကောင်တပ်ကားသုံးစီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ထိခိုက် ကျဆုံးမှုများ ရှိနိုင်သော်လည်း အရေအ တွက်ကို အတည်မပြုနိုင်သေးကြောင်း KNDF B- 04 က ယနေ့ ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကလည်း ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကားနှစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီတပ်ဘက်မှ သာလွန် အင်အား၊ စစ်ကူ တိုက်လေယာဉ်များအသုံးပြုပြီး မြေပြင်ထိုးစစ်ဆင်မှုများ ဆက်လက် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

« Older Entries Recent Entries »