Monthly Archives: May 2022

စစ်ကိုင်းတိုင်း မြို့နယ်အများအပြားကို ဖုန်းဆက်သွယ်ရေး ဖြတ်တောက်ထား

စစ်ကောင်စီက အကြီးအကျယ်ထိုးစစ်ဆင်နေသည့် စစ်ကိုင်းတိုင်းအတွင်း တိုင်းမြို့တော် မုံရွာအပါအဝင် တော်လှန်ရေးအားကောင်းသည့် ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်း၊ ကနီ၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့ကို ယနေ့ နံနက် ၇ နာရီခန့်မှစ၍ ဖုန်းဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားကြောင်း သိရသည်။

မိုဘိုင်းဖုန်းဆက်သွယ်ရေးသာမက ကြိုးဖုန်းလိုင်းများကိုပါ ဖြတ်တောက်ထားခြင်းဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့် ဖြတ်တောက်ထား သည်ကို မသိရှိရကြောင်း ဒေသခံများ၊ ဒေသတွင်းဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းများက ပြောသည်။

စစ်ကိုင်းတိုင်းတစ်ခုလုံးကို ဖြတ်တောက်ခြင်းမဟုတ်ဟု ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဆက်သွယ်‌ရေးကုမ္ပဏီတွေကလည်း စကစက ခိုင်းတာလုပ်နေရတာပါပဲ၊  ဖြတ်ဆိုရင် ဖြတ်လိုက်ရတာပဲ၊ အခုထူးဆန်းတာက မုံရွာလိုမြို့ပါပေမဲ့ တန့်ဆည်ကျတော့ မဖြတ်တာက ထူးဆန်းတယ်၊ ဘာကြောင့်မှန်းလည်း မသိရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုး သားက ပြောသည်။

စစ်ကောင်စီက ထိုသို့ ဖြတ်တောက်ရေးအတွက် ကုမ္ပဏီများကို မည်သို့ ညွှန်ကြားထားကြောင်း မသိရသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လှုပ်ရှားမှုများရှိသည့် အထက်ပါ မြို့များတွင် ယနေ့ နံနက် ၇နာရီခန့်မှစ၍ ဖုန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

Myanmar Now က အဆိုပါမြို့နယ်များအတွင်းမှ ပုံမှန်ဆက်သွယ်နေကျ သတင်းရင်းမြစ်များကို ဖုန်းဆက်သွယ်ကြည့်ရာတွင်လည်း ဖုန်းပိတ်ထားသည်၊ ဆက်သွယ်မှုဧရိယာပြင်ပရောက်ရှိနေသည်၊ လတ်တလောဆက်သွယ်၍မရနိုင်သေးပါ စသည့် အလိုအလျောက်အကြောင်းပြန်ချက်များကိုသာ ရရှိခဲ့သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့ကို အင်တာနက်လိုင်းသာမက ဖုန်းဆက်သွယ်ရေးကိုပါ ဖြတ်တောက်ထားရာ စစ်တပ်အတွက် ကိုယ်ပိုင်ဆက်သွယ်ရေးလိုင်းတစ်ခုခုကို အသုံးပြုထားခြင်းဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးဝန်ထမ်းက သုံးသပ်သည်။

စစ်ကောင်စီက ဂြိုလ်တုဆက်သွယ်ရေးလိုင်းတစ်ခုခုဖြစ်စေ၊ တရုတ်နိုင်ငံက အကူအညီဖြင့် သီသန့် CDMA ဖုန်းလိုင်းတစ်ခုခု ရှိနိုင်သည်ဟု သူက ယူဆသည်။

အာဏာသိမ်းထားသည့် စစ်တပ်သည် ဒေသတစ်ခုကို အင်တာနက်အဆက်အသွယ်များ၊ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်လျှင် ယင်းဒေသကို စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိသည်ဟု ခင်ဦး – PDF ပြောဆိုခွင့်ရှိသူက ဆိုသည်။

“ခါတိုင်းလိုပဲ၊ အင်တာနက်ဖြတ်၊ ဖုန်းလိုင်းဖြတ်ပြီး မီးရှို့မယ်၊ လူသတ်မယ်၊ မီးရှို့မယ်၊ ဒီလိုလုပ်ဖို့ အခုဖုန်းလိုင်းကိုပါ ဖြတ်ပစ်လိုက်တယ်လို့ ထင်ပါတယ်” ဟု ဒေသအပြင်ဘက်ရောက်နေသည့် ထိုသူက ဆိုသည်။

“ဒီကောင်တွေက သူတို့သွားလာတဲ့ လမ်းကြောင်းတွေကို ဆက်သွယ်သတင်းပေးလို့မရအောင် လုပ်တာဖြစ်နိုင်ပါတယ်”

ဖြတ်တောက်မည့်အချိန်မှာ တစ်ရက်တာအတွင်း နာရီပိုင်းသာ ကြာမည်ဟု ကြားသိရသည့်အတွက် စစ်ဆင်ရေးလုပ်ရန် ဖြတ်တောက်ခြင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ လမ်းကြောင်းလုံခြုံရေးအတွက်လည်းဖြစ်နိုင်ကြောင်း အထက်ပါ ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းက သုံးသပ်သည်။

“တပ်အရွှေ့အပြောင်းကြောင့် ဖြစ်နိုင်တယ်၊ တပ်ရွှေ့တဲ့အချိန် သူတို့လမ်းကြောင်း လုံခြုံရေးကြောင့်ပါ၊ ဘာလို့ဆို တော်လှန်ရေးတပ်ဖွဲ့တွေက ဂြိုလ်တုဖုန်းတွေ၊ ထိုင်းဖုန်းတွေ သုံးကောင်းသုံးနိုင်ပေမဲ့ အောက်ခြေက ဘယ်လမ်းကြောင်းက ဘယ်နှစီး ဘယ်ကိုသွားပြီဆိုတာမျိုး သတင်းပေးမဲ့ လူတန်းစားတွေက မသုံးနိုင်ဘူးလေ၊ အဲဒီတော့ သတင်းမရောက်တော့ဘူး” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားကောင်းသည့် ဒေသများတွင် အပါအဝင်ဖြစ်သည့် စစ်ကိုင်းတိုင်းကို မတ်လအတွင်းမှစ၍ တစ်တိုင်းလုံးနီးပါးကို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားပြီး ဖြစ်သည်။

ရေဦးမြို့နယ်တွင်လည်း ယနေ့မနက် ၇ နာရီခွဲအချိန်မှစတင်ကာ ဖုန်းလိုင်းများပြတ်တောက်သွားပြီး ဆက်သွယ်ရခက်ခဲနေကြောင်း၊ အချို့နေရာများတွင် ဖုန်းဆက်၍ရနေသေးကြောင်း ရေဦးမြို့နယ်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။ 

“စစ်ကြောင်းအကြီးအကျယ်ထိုးတော့မယ် ထင်တယ်၊ ကျွန်တော်တို့ဘက်ကတော့ ပြင်ဆင်သင့်သလောက် ပြင်ဆင်နေတယ်” ဟု ဖုန်းဖြင့် ဖြေကြားသည်။

ချင်းတွင်းမြစ်အထက်ပိုင်းမှ ဆင်းလာသည့် စစ်ကောင်စီရေယာဉ်တန်း၏ လုံခြုံရေးအတွက် နယ်မြေရှင်းလင်းနေသည်ဟု ယူဆရသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများဖြစ်နေသည့် ကနီမြို့နယ်မှ သတင်းရင်းမြစ်ငါးဦးကို ယနေ့ နံနက်ပိုင်းတွင် တယ်လီဖုန်းပြောဆိုရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆက်သွယ်ရေးဖြတ်တောက်ခံရသည့် ဒေသများသည် အန္တရာယ်စက်ကွင်းကျသည့်သဘော ဖြစ်သောကြောင့် ဒေသခံတို့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်သင့်သည်ဟု Myanmar Now ကို ပြောသည်။

“စစ်တပ်ရောက်ခြင်းက ကံဆိုးမိုးမှောင်မှုဖြစ်တယ်။ အင်တာနက်ပါထပ်ပြီး ပြတ်တောက်ပြီဆိုရင်တော့ အဲဒီဒေသကလူတွေအတွက် ကံဆိုးမိုးမှောင်ရုံတင်မကဘူး။ လေကြီးမိုးကြီးပါကျမဲ့ အခြေအနေရောက်နေတယ်ဆိုတာ ကြိုတင်သိဖို့ လိုအပ်ပါမယ်” ဟု ဦးအောင်မျိုးမင်းက ပြော သည်။ myanmar now

မုံရွာ အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်များတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်

စစ်ကိုင်းတိုင်း၊ မြို့နယ်တော်တော်များများမှာ  မေလ ၂၄ ရက် ဒီကနေ့ မနက် ၇ နာရီလောက်ကစပြီး နေ့လယ် ၁ နာရီ ဝန်းကျင်အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ကန့်ဘလူ၊ ယင်းမာပင်၊ ရွှေဘိုအပါအဝင် မြို့နယ်တော်တော်များများမှာ ဒီကနေ့ မေလ ၂၄ ရက် မနက် ၇ နာရီဝန်းကျင်ကစပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းထဲ နဂိုကတည်းက အင်တာနက်လိုင်းရနေတဲ့ မုံရွာမြို့မှာပါ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ယာယီပြတ်တောက်သွားခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာတော့ နေ့လယ် ၁ နာရီ ဝန်းကျင်လောက်မှာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အင်တာနက် ဖြတ်တောက်ခံထားရတာ လနဲ့ချီ ကြာနေတဲ့ ယင်းမာပင်၊ ကန့်ဘလူနဲ့ ရွှေဘိုခရိုင်တွေထဲက မြို့နယ်တွေပါ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

အခုလို ဖြစ်တာဟာ  စစ်ကောင်စီက ရွာစဉ်လှည့်မီးရှို့တဲ့သတင်းတွေကို အမှောင်ချချင်တဲ့အတွက် ဖြတ်တောက်တာဖြစ်နိုင်တယ်လို့ မုံရွာမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်က ခန့်မှန်းပြောဆိုပါတယ်။

စစ်ကောင်စီက မေလဆန်းပိုင်းကစပြီး ရွာတွေကို အကြမ်းဖက်ဝင်ရောက်ရာမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ကန့်သတ်ဖို့ Jumper စက်တွေကို ရွာတွေအနီးမှာ ဖွင့်ပြီးမှ ဝင်ရောက်လေ့ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မုံရွာဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးဝင်းဆွေက “ဒီမှာကတော့ ရွာစဉ်လှည့်ပြီး မီးရှို့တဲ့ပြဿနာပေါ့ဗျာ။ နောက်တခုက အရင်ကထက်ပိုပြီးတော့ စစ်ကြောင်းတွေဖိလာတဲ့ ပြဿနာတော့ရှိတယ်ဗျ။ ဒါကတော့ ထင်ရှားတဲ့ပြဿနာတွေပေါ့။ မနေ့ကတည်းက ကျနော်တို့လူတွေနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်ဗျ။ မနေ့ ညနေပိုင်းလောက်ကစပြီး မရတာဖြစ်မယ် ထင်တယ်။ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တယ်ဆိုရင်တော့ သူတို့ တစ်ခုခု ဖြတ်လေးဖြတ်ပိုပြီး ဖြတ်တဲ့အနေအထား ရှိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရွာစဉ်လှည့်မီးရှို့တဲ့ပြဿနာက နေ့စဉ် စစ်ဘေးရှောင်တွေ တိုးလာတယ်။ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တဲ့ အသံကလည်း ကမ္ဘာမှာက နိုင်ငံတကာမီဒီယာတွေက အသားပေး ဖော်ပြလာတယ်။ ကျန်တဲ့နိုင်ငံရေးကိစ္စတွေ အသာထားဦး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ကြည့်မယ်ဆိုရင်တောင် နိုင်ငံတကာအသိုင်းအ ဝိုင်းက လက်မခံနိုင်တဲ့ အနေအထားကြီး ဖြစ်တယ်။ သူတို့အနေနဲ့ သတင်းအမှောင်ချချင်တဲ့သဘော ပါမယ်လို့လည်း ယူဆတယ်ဗျ။”လို့ပြောပါတယ်။

ဒီနက်အစောပိုင်းကစပြီး ကန့်ဘလူ၊ ကောလင်း၊ ကနီ၊ ခင်ဦး၊ ကျွန်းလှ၊ မုံရွာ၊ ပုလဲ၊ ပလက်ဝ၊ ရေဦး၊ ယင်းမာပင်မြို့နယ်တွေမှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေခဲ့တာပါ။ စစ်ကိုင်းတိုင်းမှာ နဂိုကတည်းက အော်ရီဒူးတစ်လိုင်းတည်းကို ဒေသခံတွေက အဓိကအသုံးပြုနေရပြီး MPT နဲ့ တယ်လီနောလိုင်းတွေက အသုံးပြုလို့မရတာ ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးဒေသခံတစ်ဦးက “ညီမက မနေ့ကညကတည်းက တရေးနိုးအွန်လိုင်းကို ရတဲ့အချိန်မှာ ခင်ဦးဘက်က တော်လှန်ရေး Page တစ်ခုကိုင်နေတဲ့မောင်လေးက လှမ်းပြောတယ်။ အရင်တုန်းက ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကျွန်းလှ အဲ့ဘက်တွေ မြို့နယ် ၉ မြို့နယ်ကို လိုင်းဖြတ်မယ်ပြောထားတယ်လို့လှမ်းပြောတယ်။ ညီမက ညတွင်းချင်းပဲ ကိုယ်နဲ့ အဆက်အသွယ်ရှိတဲ့ ရေဦး၊ ခင်ဦးက လူတွေကို အကုန်ပြောထားတယ်။ ဒီအခြေ အ နေအတွက် ပြင်ဆင်ထားဖို့ပေါ့နော်။ မနက် ၇ နာရီတုန်းက အဆက်အသွယ်ရသေးတယ်။ ၁၀ နာရီလောက်မှာလည်း ဖုန်းတကော ဝင်လာသေးတယ်။ စစ်ကြောင်းထိုး အခြေအနေတော့ မထူးသေးဘူးပေါ့နော်။ လိုင်းတွေကတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတယ်ဆိုပြီးတော့ ကျသွားတယ်။ ပြန်ခေါ်လို့မရတော့ဘူးရှင့်။”

စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့်ပြည်သူတွေကို အင်တာနက်ကို အဓိကထားအသုံးပြုပြီး အကူအညီပေးနေရတာ ဖြစ်တဲ့အတွက် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မရတော့ဘူးဆိုရင် ပြည်သူတွေပိုပြီး အခက်အခဲကြုံလာရမှာ ဖြစ်ပါတယ်။

ခုရက်ပိုင်း မိုးတွေ ဆက်တိုက်ရွာနေတာကြောင့် တောတောင်ထဲမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေရဲ့အသံနဲ့ သတင်းတွေကို ရယူနိုင်ဖို့လည်း ပိုပြီးခက်ခဲသွားမယ်လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ 

ခင်ဦးဒေသခံပရဟိတသမားတစ်ဦးက “ခင်ဦးဘက်က မနက် ၇ နာရီလောက်က ဖုန်းရသေးတယ်။ အခုက ဖုန်းလိုင်းရော အင်တာနက်ရော မရတော့ဘူး။ ခင်ဦးမြို့ပေါ်ရော ရွာတွေရော မရတော့ဘူး။ ရေဦးနားတဝိုက်လည်း အဲဒီလိုပါပဲ။ အမျိုးတွေကို လိုက်ဆက်ကြည့်နေတာ မရတော့ဘူး။ မနက်ခင်းတုန်းက ရသေးတယ်။ ဖုန်းတွေ အင်တာနက်တွေ ရနေတာတောင် သူတို့က လုပ်ချင်ရာလုပ်နေတာ။ Local PDF Page တွေကလည်း တခြားနယ်ကနေ သူတို့အတွက် ကိုင်ပေးတာရှိတယ်။ သူတို့ တင်ထားတာ ဆိုရင်လည်း ဖုန်းလိုင်းတွေကို မရတော့တာပေါ့နော်။ ဖြစ်နေတဲ့သတင်းတွေကို ရနိုင်ဖို့က မလွယ်တော့ဘူးပေါ့။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်တို့အပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်မှာ မတ်လ ၃ ရက် ည ၁၁ နာရီကစပြီး အင်တာနက်ဖြတ်တောက်ခဲ့ပါသေးတယ်။ အဲဒီထက်အရင် ကနီ၊ ဘုတလင်၊ ယင်းမာပင် စတဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့တွေနဲ့ပါဆို စုစုပေါင်း စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် ဖြတ်တောက်ထားပါတယ်။ 

အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်တာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ 

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ တိုးလုပ်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ အရေအတွက်ဟာလည်း တရက်ထက်တရက် တိုးလာနေပါတယ်။ DVB

ရေလယ်ကျွန်းဒေသ မြေတော်ရဲစခန်းအား စစ်ကောင်စီတပ်သားနှင့်ရဲများ စွန့်ခွာ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသ မြေတော်ရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့် ရဲများ ယနေ့ မေလ ၂၄ ရက်နေ့လယ်ပိုင်းတွင် ၎င်းတို့၏စခန်းကို စွန့်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်သည့်ရဲတပ်သား ခုနစ်ဦးအား ဒေသခံပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် အဖွဲ့များမှ ယမန်နေ့ မေလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံး၍ သေနတ်နှစ်လက် သိမ်းဆည်း နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ စခန်းကိုစွန့်ခွာသွားကြခြင်းဖြစ်သည်။

“မနေ့ကတိုက်ပွဲအတွင်းမှာ သူတို့ဘက်က အသေအပျောက်ရှိတယ်။ အလောင်းတောင် မကောက်နိုင် ဘူးလို့ သတင်းကြားရတယ်။ အဲ့ဒီနောက်ပိုင်း မြစ်အရှေ့ဘက်မှာရှိတဲ့ တပ်မ(၇၇)က စစ်ကောင်စီ တပ်သားတွေက မြစ်ကို စက်လှေနဲ့ကူးပြီးတော့ အလောင်းလာကောက်တယ်။ အပြန်ကျတော့ စခန်းက ဟာတွေကိုပါ ထုတ်ပိုးပြင်ဆင်ခိုင်းပြီးတော့ ခေါ်သွားတာဗျ” ဟုရေစကြိုမြို့နယ်မှ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးကပြောသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ရေလယ်ကျွန်းဒေသသည် အနောက်ဘက်တွင် ချင်းတွင်းမြစ် အရှေ့ဘက်တွင် ဧရာဝတီမြစ်တို့ စီးဆင်းနေပြီး တောင်ဘက်တွင် မြစ်နှစ်ခုပေါင်းဆုံထားသည်။ ရေလယ် ကျွန်းဒေသတွင် ရွာပေါင်း ၄၃ ရွာရှိပြီး စစ်ကောင်စီ၏ ခြေကုပ် မြေတော်ရဲစခန်း တစ်ခုသာရှိရာမှ ယခု အဆိုပါရဲစခန်းအား စွန့်ခွာသွားကြခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်ဘက်က အခုနောက်ပိုင်း ရဲစခန်းတွေဆိုရင် အင်အားများတဲ့ဆီကို ပေါင်းခိုင်းလိုက် တယ်။ ဂန့်ဂေါဘက်မှာဆိုလည်း အချို့စခန်းတွေကို စွန့်ခွာသွားတာ တွေ့ရတယ်။ တိုက်စရာ သိမ်းစရာ မလိုဘဲကို စစ်ကောင်စီတပ်က စခန်းတွေကိုစွန့်ခွာနေကြတယ်။ အခုလည်း ဒီမြေတော်စခန်းက စစ်ရေးမှာ သူတို့အတွက် ကြီးကြီးကျယ်ကျယ်ခွန်အားမဖြစ်ဘဲ ဒီစခန်းကိုပဲပြန်ပြန်ကယ်နေရတယ်။ ဝန်ထုတ်ဝန်ပိုး ဖြစ်နေလို့လား၊ စခန်းကိုတော်လှန်ရေးတပ်တွေသိမ်းလိုက်ရင် ဆုံးရှုံးမယ့် လက်နက် အင်အားတွေကြောင့် လား။ တခုခုဖြစ်မယ်ထင်တယ်” ဟု ရေစကြိုမြို့နယ်တော်လှန်ရေး ခေါင်းဆောင်က ဆိုသည်။

ယမန်နေ့ မေလ ၂၃ ရက်နေ့က မြေတော်ရဲစခန်းမှ ရဲတပ်သားများအားတိုက်ခိုက်ခဲ့ရာတွင် G3 သေနတ် နှစ်လက်၊ G3 ကျည်ဆံ ၃၅ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့် ဖုန်း နှစ်လုံးအပြင် ငွေသုံးသောင်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။mizzima

ယင်းမာပင် တရော်ကျင်းရွာကို စစ်တပ်က ဒု တိယ အကြိမ် မီးရှို့မှု နေအိမ် ၁၅ လုံးပြာကျ၊ ကနီရှိ ကျေးရွာ ၃ ရွာကိုလည်း စစ်တပ်က မီးဝင်ရှို့မှု နေအိမ် ၁၀၀ ကျော် ပျက်စီး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဒုတိယ အကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် အလောင်းတော် ကဿပ နယ်မြေသတင်း အဖွဲ့ထံမှ သိရသည်။

တရော်ကျင်းရွာသည် မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းတွင် တည်ရှိပြီး ကနီတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တရော်ကျင်းရွာကို ပထမ အကြိမ် မီးရှို့ ဖျက်ဆီးစဥ်က နေအိမ် ၂၅ လုံး မီးလောင်ပြာကျခဲ့ပြီး ယခု ဒုတိယ အကြိမ် ဝင်ရောက် စီးနင်း မီးရှို့စဥ်တွင် ပြည်သူပိုင် နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တရော်ကျင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးပြီးနောက် လက်ရှိအချိန်တွင် ဘန့်ဘွေးရွာသို့ ရောက်ရှိနေကာ အဆိုပါရွာသည် ပျူစောထီးများ နေထိုင်သော ကျေးရွာဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်က မေလ ၂၁ ရက်နေ့ကလည်း ကနီမြို့နယ် အတွင်းရှိ ကျွန်းဖျားရွာ၊ ကနဲရွာနှင့် စိန်ကုန်းရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို ဝင်ရောက် မီးရှို့မှု မပြုလုပ်မှီ မေလ ၂၀ ရက်နေ့၌ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို လုယက် ယူဆောင်ကာ မေလ ၂၁ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” နတ်ကြီး၊ ရွာသာရွာနဲ့ ဝက်ချောင်းရွာတွေကို စစ်ခွေးတွေ မီးရှို့ပြီး နောက်နေ့ ကျွန်းဖျားရွာက အိမ်ခြေ ၈၀ လောက် ကနဲရွာက အိမ်ခြေ ၃၀ လောက်နဲ့ စိန်ကုန်းရွာက ၁ တို့ကို မီးထပ် ရှို့သွားတာ ပြည်သူတွေက ကြိုရှောင်နိုင်လိုက်လို့ ထိခိုက်မှုတော့ မရှိဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။mizzima

ပြင်ဦးလွင်တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးမှာ မေ ၂၄ ရက် မနက် ၉ နာရီခွဲလောက်က  အမျိုးသားတယောက်  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရသွားပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ နောင်လှိုင်ကျေးရွာအုပ်စု၊ ပါအယ်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးမဲ ဖြစ်ပြီး ထွန်စက်ငှားဖို့ ဖုန်းဆက်ချိန်းတဲ့နေရာကိုအသွားမှာ ပစ်ခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတဲအတွက် ဦးမဲမှာ လက်မောင်းကျည် ဖောက်ဝင်ဒဏ်ရာရရှိပြီး ပြင်ဦးလွင်ခရိုင်ဆေးရုံကြီးမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။

မေလ ၂၃ ရက်ကလည်း ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။DVB

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် အင်အား ၃ ရာခိုင်နှုန်းကျော် လျော့ကျ

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီတပ်အနေဖြင့် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ အင်အားလျော့ကျသွားကြောင်း CDM ဗိုလ်ကြီးညီသုတက မဇ္ဈိမသို့ပြောသည်။

“သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိ လျော့ကျသွားတယ်။ တစ်ရာခိုင်နှုန်းတောင် ပြန်ဖြည့်ဖို့မလွယ် ဘူး။ ဒါပေမယ့် စစ်တပ်က သူတို့ရဲ့အင်အားကို ပြန်ဖြည့်နိုင်ဖို့ အမျိုးသမီးရဲမေတွေကို ပြန်သုံးလာတာမျိုး တွေ့ရတယ်” ဟု CDM ဗိုလ်ကြီးညီသုတကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏အင်အားနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်း စစ်တပ်များကို သုတေသနပြုနေသည့် Globalfire Power မှဖော်ပြချက်အရ ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်သည် ကမ္ဘာ့ အဆင့်သတ်မှတ်ချက် ၃၉ တွင်ရှိပြီး စစ်သည်အင်အား ၄၀၀,၀၀၀ နှင့် အခြားအင်အား ၅၀,၀၀၀ ရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်အာဏာသိမ်းထားပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ခုခံတော်လှန်စစ်များကြောင့် ၂၀၂၁ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ မေလ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ်မှ စစ်သား ၁၄၈၉၀ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ရက်စက်မှုများကို ပြန်လည်ခုခံရန် အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မေလတွင် အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီကိုတိုက်ခိုက်ရန်အတွက် အခြားလက်နက်ကိုင် အဖွဲ့များကိုလည်း အစုအဖွဲ့အလိုက် အသီးသီးဖွဲ့စည်းခဲ့ကြသည်။ ထိုသို့ဖွဲ့စည်းပြီးနောက်တွင် နေ့စဉ်နှင့်အမျှ စစ်ကောင်စီကို နိုင်ငံနှင့်အဝှမ်း ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက်နေပြီး စစ်သားများသေဆုံးမှုလည်း နေ့စဉ်ရှိလာသည်။

တော်လှန်ရေးအဖွဲ့များသည် စစ်ကောင်စီတပ်ကို ပြောက်ကျားပုံစံတိုက်ခိုက်ခြင်းနှင့် တိုက်ပွဲအသွင်တိုက် ခိုက်ခြင်းများကို ပြည်နယ်နှင့်တိုင်းအသီးသီးတွင်ပြုလုပ်နေပြီး စစ်တပ်အနေဖြင့် လက်ရှိအချိန်တွင် စစ်မျက်နှာအားလုံး ဖွင့်ထားရသည်ကိုတွေ့ရသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီး စစ်မျက်နှာပြင်လျော့ကျသွားအောင်လုပ်နေတယ်။ ဒီနည်းနဲ့ သူတို့အင်အား ကို ထိန်းနေတယ်။ အဓိကက သူတို့ရဲ့ ၁၅ ရာခိုင်နှုန်း နဲ့ ၃၀ ရာခိုင်နှုန်း ပြိုဆင်းသွားမယ်ဆိုရင် သူတို့ တောင့်ခံနိုင်ဖို့ခက်တယ်” ဟု ဗိုလ်ကြီးညီသုတပြောသည်။

စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီတပ်အတွင်းမှ တပ်သားများအနေဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းမှုများဖြစ်လာပြီး လက် နက်ချအညံ့ခံခြင်းများ၊ CDM တွင်ပါဝင်လာခြင်းများကို ပိုမိုတွေ့လာရ ကြောင်း ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် CDM စစ်သားများ၏ပြောပြချက်အရ သိရသည်။

စစ်အင်အားပြုန်တီးမှုများရှိလာခြင်းနှင့် စစ်ကောင်စီတပ်သို့ ဝင်ရောက်သူနည်းပါးသွားခြင်းများအပြင် အနည်းငယ်သာရှိသည့် ဝန်ထမ်းများကိုထိန်းချုပ်ရန်အတွက် စစ်ကောင်စီက အာဏာသိမ်းစစ်ခေါင်း ဆောင်၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ(၇၆)၊ ပုဒ်မခွဲ(က)တွင် အပ် နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ ပင်စင်သက်တမ်းကို နှစ်နှစ်တိုးမြှင့်ကြောင်း မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

“ DSA လို ဗိုလ်တန်းဖြစ်တဲ့နေရာကနေ လူသစ်ရနေသေးရင်တောင် အောက်ခြေရဲဘော်မရတော့ရင် တပ် ကပျက်ပြီ။ ဒါတွေကိုသိလို့ ချက်ချင်းရုပ်ပျက်မသွားအောင် ၆၂ နှစ်လုပ်ထားတာ။ ဆေးမြီးတိုပေါ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာခဲ့သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ရက်ရက်စက်စက် နှိမ်နင်းမှုများပြုလုပ်ခဲ့သည်။ တစ်နှစ်ကျော်ကာလအတွင်း၌ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုကြောင့် ပြည်သူပေါင်း ၁၈၅၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။mizzima

ဧည့်စာရင်း၊ ထောက်ခံစာနှင့်မီတာခအတွက် ငွေအတင်း တောင်းသည့် ဒဂုံမြောက်ပိုင်း ၄၅ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး ခင်မောင်သန်းကို သေ နတ်ဖြင့် ဝင်ပစ်ရောက် ပစ်သတ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၅ ရပ်ကွက်တွင် ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာ ရေးပေးခြင်း၊ မီတာခ မဆောင်သူများကို ငွေကြေးတောင်းခံခြင်း၊ မီးဖြတ်ခြင်းများ လုပ်ဆောင်နေသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းနေအိမ်သို့ လူငယ်များက ဝင်ရောက် သေ နတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီခန့် ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးခင်မောင်သန်းနေအိမ်သို့ လူငယ်များက ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ခင်မောင်သန်းသည် ကြံ့ခိုင်ရေးပါတီဝင် ပါတီရပ် ကွက်စည်းရုံးရေးမှူးတစ်ဦးလည်းဖြစ်ကာ ရပ်ကွက်ကျူးကျော်မြေတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက် ၁၁နာရီ၀န်းကျင်မှာ ‌မြောက်ဒဂုံ ၄၅ ရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ကြီးခင်မောင်သန်း ကိုလူငယ်လေးဦးက အိမ်ထဲထိ ၀င်ပစ်သွားလို့ သေဆုံးသွားပါတယ်။ အရင်ရက်က အုပ်ကြီးက ဧည့်စာရင်းတိုင်တာထောက် ခံစာရေးပေးတာတို့ကို အတင်းအကျပ်ငွေးကြေးတောင်းခံတယ်။ မနေ့ မေလ ၂၃ ရက်နေ့မှာ ၄၅ရပ်ကွက်အတွင်းက မီတာမဆောင်တဲ့နေအိမ်များကို မီးလိုက်ဖြတ်တာမှာလည်း အုပ်ကြီးပါတယ် ။ ဒီမနက်ပိုင်းမှာတော့ လူငယ် ၄ ဦး က ပိုက်ဆံလာပေးတာပါလို့ပြောပြီး အိမ်ထဲဝင်ပစ်သွားခဲ့ပါတယ်။ လူငယ် ၄ ဦးက ပြောသွားပါသေးတယ်။ နောက်ထပ်ပိုက်ဆံလိုချင်တဲ့ အုပ်ကြီးတွေရှိသေးရင်ပြောပါ။ ထပ်လာပေးပါမယ် ဆိုပြီး ပြောသွားတယ်” ဟု ဒေသသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။ khit thit

ထန်တလန်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၊ ၈ ဦးထက် မနည်းဒဏ်ရာရ

ချင်းပြည်နယ် ထန်တလန်မြို့မှာ  မေ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ထန်တလန်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနက်ပိုင်း ၆ နာရီလောက်ကစပြီး ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်ထဲ ထိုးစစ်ဆင်လာတာကြောင့် CDF-ထန်တလန်နဲ့ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကာ ၈ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့ပြီး CDF-ထန်တလန် တပ်ဖွဲ့မက ရဲ ဘော် ၄ ယောက် ဒဏ်ရာရရှိခဲ့ကာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အတော် များများ မီး လောင်ပြာကျသွားခဲ့တယ်လို့ CDF-ထန်တလန်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ မနေ့က မေ ၂၃ ရက်နေ့အထိ  ထန်တလန်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေကို ၂၈ ကြိမ်လောက် မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဘုရား ကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ ၁ ထောင်ကျော် မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေ ၁ သောင်းလောက် နေထိုင်ကြကာ စစ်ကောင်စီတပ်​တွေ ထိုးစစ်ဆင်တိုက်ခိုက် မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ နယ်စပ်ဘက်တွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေက ပြုလုပ်တာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတယ်လို့ CDF-ထန်တလန်ရဲ့ တာဝန် ခံက ပြောဆိုထားပေမဲ့ ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

« Older Entries