စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ပယ်ဖျက်ပေးရန် CDM အခြေခံပညာကျောင်းသားများတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် စစ်ကောင်စီ၏ ပညာရေးမှ အောင်မြင်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများအား ပယ်ဖျက်ပေးရန် CDM အခြေခံပညာကျောင်းသားများက အခြေခံပညာရေးညီလာခံတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
အခြေခံပညာရေးညီလာခံကို ပြီးခဲ့သည့်မေလ၁၀ရက်နေ့မှ ၁၃ရက်နေရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံသို့ ကျောင်းသားအဖွဲ့စည်းများ၊ ဆရာများ၊ မိဘများ၊ ပြည်နယ် အလိုက်တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
အခြေခံပညာကျောင်းသားအဖွဲ့စည်းများ ၊ မိဘများ၊ ဆရာများ၊ သက်ဆိုင်ရာပြည်နယ်မှ တာဝန်ရှိသူများက စစ်ကောင်စီလက်ထက်တွင် ဖြေဆိုနေသည့် တက္ကသိုလ်ဝင်တန်း (၁၀တန်း) စာမေးပွဲရလဒ်မှန်သမျှကို NUG မှ ပယ်ဖျက်ပေးရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ညီလာခံ တက်ရောက်ခဲ့သည့် အခြေခံပညာ ကျောင်းသား ကိုယ်စားလှယ် ကိုဝေယံထံက သိရသည်။
“ဖြစ်နိုင်ရင်တော့ အကုန်လုံးကို ပယ်ဖျက်စေချင်တယ်။ အခုတော့ အထက်တန်းဆင့်ကိုပဲ ဦးတည်ချက်ထားပြီးလုပ်နေတယ်။ ကိုးတန်း ဆယ်တန်းကို ပဲလုပ်နေတယ်” ဟု အခြေခံပညာကျောင်းသား ကိုယ်စားလှယ် ကိုဝေယံက ပြောသည်။
အဆိုပါညီလာခံတွင် ကြားကာလပညာသင်ကြားရေး၊ ပညာရေးဝန်ထမ်းCDMများ၊ ကျောင်းသားကျောင်းသူ CDMများနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ညီလာခံတွင် အဆို ၁၁ ခုတင်သွင်းခဲ့ပြီး ညီလာခံရလဒ်များကို NUCCနှင့် NUG သက်ဆိုင်ရာအဖွဲ့စည်းများထံ ပေးပို့ထားကြောင်း သိရသည်။ ညီလာခံ ရလဒ်များနှင့် အဆိုတင်သွင်းချက်များအား ရက် ၆၀ အတွင်း အကောင်အထည် ဖော်ဆောင်ရန်ပြောကြားထားပြီး အကောင်အထည်ဖော်ခြင်းမပြုပါက ဖိအားပေး တောင်းဆို သွားမည်ဟု ညီလာခံတွင် ပါဝင်သူများကပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်၂၀၂၁ ဇွန်လကစတင်၍ ကိုဗစ် ကပ်ရောဂါများကြားကပင် ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုပါ ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံးတွင် နိုင်ငံခြား စာစစ်ဌာနများ အပါအဝင် စာစစ်ဌာန ၁,၂၅၆ ခု ရှိခဲ့ပြီး တက္က သိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/သူ ပေါင်း ၃၁၂,၂၉၉ ဦး နှင့် ပြင်ပဖြေဆိုသူ တစ်သိန်းကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနက သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အများဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဖြေဆိုသူ ၄၅,၅၉၂ ဦးရှိသည်။ ဒေသတစ်ခုလုံး တိုက်ပွဲများ ဖြစ်ပွားနေသည့် ကယား/ ကရင်နီပြည်နယ်၌ ဖြေဆို ၇၈၀ ဦးသာ ရှိခဲ့ပြီး ဖြေဆိုသူ အနည်းဆုံးဖြစ်ခဲ့သည်။mizzima