Monthly Archives: May 2022

စစ်ကောင်စီတပ် မော်တော်များဖြင့် စုန်ဆင်းလာမှုကြောင့် ချင်းတွင်းမြစ်ဘေးနေ ဒေသခံများ တိမ်းရှောင်

ချင်းတွင်းမြစ် အထက်ပိုင်းကနေ စစ်ကောင်စီ မော်တော် ၅ စီးဟာ ဒီနေ့ မေ ၂၅ ရက်‌ မနက်ခင်းပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အထက်ကင်း ကျေးရွာအနီး ရောက်ရှိလာတာကြောင့် ချင်းတွင်းမြစ်ဘေး ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေ သခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်ကနေ မင်းကင်း ပန်းဆက်-တောင်ဖြူရွာမှာ စခန်းချနေထိုင်ခဲ့ပြီး ဒီနေ့မှာ ကနီမြို့နယ်ဘက်ကို စုန်ဆင်းလာတာလို့ သိရပါတယ်။

ကင်းဒေသခံ ရွာသူတဦးက “သူတို့လာရင် ကမ်းနဖူးက ရွာတွေကို အလိုလိုနေရင်း ရမ်းသန်းပစ်တာတွေ လုပ်တာကြောင့် အခုလို ရှောင်နေရတယ်။ အရင်အခေါက်တွေကလည်း အဲလိုပစ်တာတွေ ရှိတယ်။ အစုန်ရော၊ အဆန်ရော အဲလိုလုပ်ရပ်တွေက စစ်ကောင်စီက လုပ်ခဲ့တာတွေရှိတော့ ကြိုရှောင်ရတာပေါ့။ အခုရှောင်နေရတာကတော့ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အစပ်က မီချောင်းတွင်းရွာ၊ ကင်း၊ ယင်း၊ ကျောက်လှေ ကားရွာတွေကတော့ လက်ရှိ စစ်ဘေးရှောင်နေရပြီရှင့်။ ကျမတို့ အောက်ဘက်ကရွာတွေလည်း စစ်‌ဘေး‌ရှောင် ထွက်ပြေးဖို့ရာ ပြင်ဆင်နေကြရတယ်။ ကျမတို့ ကင်းရွာကို အရင်တခေါက် စုန်ခဲ့တုန်းက လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်တာ ခံခဲ့ရတယ်။ အိမ်တွေပျက်စီးတာတွေ၊ ဘုရားတွေ ပျက်စီးတာတွေ ရှိခဲ့တယ်ရှင့်။ အဲလိုတွေ ထပ်လုပ်မှာကြောက်လို့ အခုလို ရှောင်ရတာပါ” လို့ ပြောပါတယ်။

အခု ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ ဖလပ်မော်တော်တွေဟာ အဆန်ခရီးစဉ်တုန်းက ကနီမြို့နယ်အတွင်းက မုဌေါရွာ၊ နတ်ကြီးရွာ၊ ငါးဖျတ်ရွာ၊ မဲဒင်ရွာနဲ့ မင်းကင်းမြို့နယ်အတွင်းက ဘင်၊ အနောက်တောရွာ စတဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေ ပြောပြ ချက်အရ သိရပါတယ်။ DVB

၈ တန်းအောင် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိတ်ခေါ်

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်ခုခံနေသည့် နိုင်ငံအနှံ့အပြားမှ ဒေသခံကာကွယ်ရေးအဖွဲ့များကို ရင်ဆိုင်နေရသည့် စစ်ကောင် စီသည် အခြေခံပညာအလယ်တန်းအောင် အမျိုးသမီးများကို စစ်သည်အဖြစ် ခေါ်ယူနေသည်။

၈ တန်းအောင် အမျိုးသမီးများကို အခြားအဆင့်စစ်မှုထမ်းအဖြစ် ခေါ်ယူနေခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ ကြေးမုံသတင်းစာတွင် မေ ၂၃ က ကြည်း/ရေ/လေ လက်ရုံးတပ်နှင့် ဝန်ထမ်းတပ်များတွင် တာဝန်ထမ်းဆောင်ရန် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား အမျိုးသမီးများကို ဖိတ်ခေါ်သည့် ကြော်ငြာထည့်သွင်းထားခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်တပ်အရာရှိများက ဆိုသည်။

ခေါ်ယူသည့် အပတ်စဉ်တစ်ခုလျင် အင်အား ၂၀၀ ခန့်ရှိတတ်ကြောင်း၊ အပတ်စဉ် ၇ အထိ ခေါ်ယူပြီးဖြစ်ကြောင်း CDM စစ်ဘက်ဆိုင်ရာ အရာ ရှိများက ပြောသည်။

၈ တန်းအောင် အမျိုးသမီးများကို စစ်တပ်က ခေါ်ယူနေသည်မှာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးညီသုတက ပြော သည်။

“ပုံမှန်ဆိုရင်တော့ လက်ရုံးတပ်တွေမှာ သုံးတာများတာပေါ့လေ၊ အုပ်ချုပ်မှုလုပ်ငန်းတွေမှာ သုံးတယ်။ အခုအခြေအနေက ရှေ့တန်းစစ်သည်အင်အား ဆုံးရှုံးမှုက များနေတော့ ဘယ်လိုသုံးမလဲကတော့ မသေချာဘူးပေါ့လေ၊ အရန်အင်အားအနေနဲ့ သုံးတာတော့ များပါတယ်” ဟု ဗိုလ်ကြီးညီသုတက မှတ်ချက်ပြုသည်။

“ကြည့်ရတာတော့ ခြေလျင်/ခြေမြန်မှာပါ သုံးချင်တဲ့သ‌ဘောရှိပါတယ်”

စစ်သည်အရေအတွက် နည်းပါးလာသည့် စစ်တပ်က အုပ်ချုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေး/ထောက်လုပ်ငန်းများ၊ ခြေလျင်ခြေမြန်တပ်ရင်းတပ်ဖွဲ့များ၏ နောက်တန်း အထိုင်တပ်များတွင် အုပ်ချုပ်မှုလုပ်ငန်းများ၊ ဆေးတပ်ဖွဲ့အကူများအဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်သားများကို ပြောင်းရွှေ့ပြီး လစ်လပ်သွားမည့် ထိုနေရာတွင်လည်း အမျိုးသမီးစစ်သည်များနှင့် အစားထိုးနိုင်ခြေရှိသည်ဟု သူက သုံးသပ်သည်။

တပ်ထဲတွင် စစ်သားတို့၏ဇနီးများကို အရန်အင်အားအဖြစ် အသုံးပြုနိုင်ရန်အတွက် တပ်ဝင်းအတွင်း နေထိုင်သူများကို စစ်ပညာသင်တန်းများတက်ရောက်စေကာ ယခင်ကတည်းက အသုံးပြုနေသည်။ ၎င်းတို့ကို ရဲမေဟုလည်း ခေါ်ကြသည်။

စစ်သားများ၏ ဇနီးများသည် စစ်တန်းလျားတွင် လိုက်ပါနေထိုင်ပါက အခြေခံစစ်ပညာမှအစပြုပြီး လက်နက်ငယ်၊ လက်နက်ကြီး အသုံးပြုခြင်းသင်တန်းများ သင်ကြားကြရသည်ဟု CDM  ဗိုလ်ကြီး ရဲမင်းဦးက ပြောသည်။

“သင်တန်းတွေကများတယ်၊ လေးလပတ်တစ်ခါကို သင်တန်း ၂ ခု၊ ၃ ခုလောက် ဖွင့်တယ်။ လက်နက်ကြီးငယ်၊ အကုန်ပဲ” ဟု  ဗိုလ်ကြီးရဲမင်းဦးက ပြောသည်။

“အရင်တုန်းကတော့ စာရွက်ပေါ်မှာပဲ သင်တန်းတွေပေးတာပဲ၊ ပြီးရင် စစ်တပ်ရဲ့ အရန်အင်အားစာရင်းထဲမှာ ထည့်ထားတယ်၊ လိုအပ်ရင် တပ်ဖွဲ့လုံခြုံရေးယူတာမျိုး လုပ်ပေးရတယ်၊ ခြေလျင်ခြေမြန်မှာ ပိုဆိုးတယ်၊ လူမရှိတော့ သူတို့ ကင်းဝင်ရတာပဲ”

ဇနီးသည်တို့မှာ စစ်ပညာသင်ကြား၊ စစ်ရေးတာဝန်များ ထမ်းဆောင်ကြရသော်လည်း စစ်သည်စာရင်းမဝင်သည့်အတွက် လစာခံစားခွင့်မရှိကြကြောင်း သိရသည်။

ယမန်နှစ် အောက်တိုဘာ ၂၂ ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ-၃၃၆ (ခြေမြန်တပ်ရင်း) ၏ အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတစ်ခုကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၅ ဦးအနက် လက်နက်ကိုင် ရဲမေ ၃ ဦး ပါဝင်နေသည်။

၂၀၁၈  မတ် ၁၈ တွင် စစ်တပ်ခေါင်းဆောင်က KIA ကို တိုက်ခိုက်ခဲ့သည့် တနိုင်းမြို့နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများကို တွေ့ဆုံခဲ့ပြီး တရားသောစစ် ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ မှီခိုသူတို့ကို စစ်ပညာသင်ကြားပေးထားသဖြင့် အရေးကြုံပါက ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ 

ထို့နောက် ၎င်း၏ ဇနီးက စစ်သည်များ၊ ရဲမေများကို ဂုဏ်ပြုငွေနှင့် ပစ္စည်းများ ပေးခဲ့သည်။ 

စစ်ကိုင်းတိုင်းသို့ စစ်ကြောင်းထိုးသော စစ်တပ်တွင်လည်း အမျိုးသမီးစစ်သည်အချို့ လိုက်ပါလာသည်ကို တွေ့ ရကြောင်း ဒေသခံများက မေလအစောပိုင်းက Myanmar Now ကို ပြောထားသည်။

နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သေဆုံးထိခိုက်မှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသူ အရာရှိ၊ အခြားအဆင့်၊ အောက်ခြေတပ်သားများ များပြားလာခြင်း၊ စသည့် အကြောင်းပြချက်များကြောင့် စစ်သည်အင်အား လျော့နည်းလာနေသည့် စစ်ကောင်စီတပ်က စစ်သားစုဆောင်းရေးကို နည်းမျိုးစုံသုံးနေသည်။

တပ်သားစုဆောင်းရေးကို နည်းမျိုးစုံလုပ်နေသော်လည်း ယခင်က နှစ်စဉ် လူ ၃၀၀၀၊ ၄၀၀၀ ခန့် တက်ရောက်လေ့ရှိသည့် တက္ကသိုလ်အဆင့် အရာရှိသင်တန်းကျောင်းဖြစ်သည့် စစ်တက္ကသိုလ်မှာပင် လူ ၁၀၀ ခန့်သာ လျှောက်ထားကြောင်း  စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

အလယ်တန်းအောင်မြင်ပြီးသည့် အမျိုးသမီးများကို စစ်မှုထမ်းရန် ဖိတ်ခေါ်ချက်သည် ပြည်သူအများအပြား စစ်တပ်ကို အထင်သေး ရွံရှာလာချိန်နှင့်လည်း တိုက်ဆိုင်နေပြီး လျှောက်လွှာတင်သူ မည်မျှရှိကြောင်း မသိရသေးပေ။ 

နိုင်ငံအနှံ့အပြား စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးများ စတင်ခဲ့ချိန် ၂၀၂၁၊ ဇွန်လမှ ၂၀၂၂ ခုနှစ် မေလလယ်ခန့်အထိ သေဆုံးစစ်သည် ၁၅၀၀၀ နီးပါး ရှိနေပြီး ဒဏ်ရာရရှိသူ ၅၀၀၀ နီးပါးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်တပ်က အရပ်သားတချို့ကို လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့ပေးပြီး အသုံးပြုသည့်နည်းနှင့် အင်အားအခက်အခဲကို ဖြေရှင်းနေသည်ဟု စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် PDF ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

“စကစအနေနဲ့က သူတို့အင်အားတွေကို ရတဲ့နည်းမှန်သမျှနဲ့ စည်းရုံးနေတာမျိုး တွေ့နေရတာပါပဲ၊ ပျူတွေဖွဲ့ပေးတာ၊ အဘိုးကြီးတွေ ပြန်ခေါ်ပြီး ကင်းစောင့်ခိုင်းတာမျိုးတွေ လုပ်နေတာလေ၊ သူတို့ သေသွားတဲ့ကောင်တွေနေရာမှာ ပြန်ထည့်နိုင်ဖို့ လုပ်တာပါ” ဟု သူက ပြောသည်။myanmar now

နေပြည်တော်ရှိ ပုဂ္ဂလိက ကျောင်းအချို့ အ ပိတ်ခံရ

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်း ကျောင်းဖွင့်ခွင့် အပိတ်ခံရတယ်လို့ စုံစမ်းသိရပါတယ်။

ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက “နိုင်ငံရေးနဲ့ ငြိစွန်းတာရယ်၊ နောက်တချို့ကျောင်းတွေကတော့ လိုအပ်ချက်တွေရှိတာရယ် အဓိကကတော့ နိုင်ငံရေးပဲ။ ဒါပေမဲ့ ပြန်လည်စိစစ်မယ်လို့လည်း ကြားတယ်။ ၁၆ ကျောင်းမှာ တကယ်မဟုတ်ဘဲနဲ့ နာမည်ပါလာတဲ့ ကျောင်းတွေ၊ နိုင်ငံရေးနဲ့ မငြိတဲ့ ကျောင်းတွေကို ပြန်ဖွင့်ခိုင်းမှာပေါ့။ ငြိတဲ့ကျောင်းတွေတော့ အပြီးပိတ်သိမ်းမယ်လို့လည်း ကြားတယ် “ လို့ ပြောပါတယ်။

အပိတ်ခံရတဲ့ကျောင်းတွေရဲ့ အမည်စာရင်း အတိအကျမသိရသေးပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဥတ္တရသီရိမြို့နယ်က CAE ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်က ထူးချွန်၊ တပ်ကုန်းမြို့နယ်က တော်၀င်စတဲ့ နာမည်ကြီးကျောင်းတွေ ပါ၀င်တယ်လို့ သိရပါတယ်။

အပိတ်ခံရတဲ့တာနဲ့ ပတ်သက်ပြီး အဆိုပါ ကျောင်းတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မနက်ဖြန် မေလ ၂၆ ရက်နေ့ကစပြီး ဇွန် ၁ ရက်နေ့ကို တနိုင်ငံလုံး ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ် စစ်ကောင်စီက သတ်မှတ် ကြေညာထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ ပြန်ဖွင့်လှစ်မယ့်ကျောင်းတွေမှာ ပညာမသင်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြဖို့ ကျောင်းသားသမဂ္ဂတွေက တိုက်တွန်းနေသလို ဆရာ၊ ဆရာမတွေ အများအပြားကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ DVB

နေအိမ်များကို မွှေနှောက်ခိုးယူပြီးပြန်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူး ပေါင်းအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ၃၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မယ်သဲကြိုးကျေးရွာမှ နေအိမ်များကို မွှေနှောက်ခိုးယူပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူး ပေါင်းအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ ၃၆ ဦးသေဆုံးခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦး ပြည်သူ့ ကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကင်မွန်းတော်ပျူစခန်းက စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၅ဝ ခန့်လောက်က မယ်သဲကြိုး ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မွှေနှောက်ခိုးယူပြီးပြန်အလာမှာ မိုင်းပွိုင့် ၁ဝ ခုကနေ တိုက် ခဲ့တာဗျ။ မိုင်းပွိုင့်(၁)မှာ သုံးဦး ၊ မိုင်းပွိုင့်(၂)မှာ လေးဦး၊ မိုင်းပွိုင့်(၃) မှာ ထိ ခိုက်မှုမရှိဘူး။ မိုင်းပွိုင့်(၄)မှာ နှစ် ဦး၊ မိုင်းပွိုင့်(၅)မှာ တစ်ဦး၊ မိုင်းပွိုင့်(၆)မှာ ၁၅ ဦး၊ မိုင်းပွိုင့်(၇)မှာ ထိခိုက်မှုမရှိဘူး၊ မိုင်းပွိုင့်(၈)မှာ လေးဦး၊ မိုင်းပွိုင့်(၉)မှာ နှစ်ဦးနဲ့ မိုင်းပွိုင့်(၁၀)မှာ နှစ်ဦး၊ စုစုပေါင်း စစ်ကောင်စီတပ်သားနဲ့ ပျူ ၃၆ ဦးသေဆုံးခဲ့ပါ တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုကို ချောင်းဦးပကဖ၏အနီးကပ်ဦးဆောင်မှုဖြင့် CHU PDF ၊ CDF နှင့် CMWA အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဖုန်းလိုင်းများဖြတ်တောက်၍ ချောင်းဦးမြို့နယ်ကို အင်အားအများအပြားဖြင့် စစ် ကြောင်းထိုးနေကြောင်း သိရသည်။ mizzima

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သေဒဏ်ချမှတ်ခံရသူအရေအတွက် စိုးရိမ်ဖွယ်ရာ မြင့်တက်နေဟု AI ထုတ်ပြန်

တရုတ်နိုင်ငံက လျှို့ဝှက်ကွပ်မျက်မှုတွေ လုပ်ဆောင်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း ဟစ်ဟော့ပ်အဆိုတော် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ ရာနဲ့ချီရှိနေပြီး ကမ္ဘာ့နိုင်ငံတွေမှာ သေဒဏ်ပေးခံရသူအရေအတွက် စိုးရိမ်ဖွယ်ရာ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ လူပေါင်း ထောင်နဲ့ချီ ကွပ်မျက်ခဲ့တယ်လို့ ယုံကြည်ထားပေမယ့် တရားဝင်အရေအတွက်အတိအကျကိုတော့  မသိရဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က မေလ ၂၄ ရက်က ကမ္ဘာတဝန်းနိုင်ငံတွေရဲ့ သေဒဏ်ပေးမှုအခြေအနေနဲ့ ပတ်သက်လို့ အစီအရင်ခံစာထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။

သေဒဏ်ချမှတ်မှု သိသိသာသာတိုးများလာတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး  ၂၀၂၀ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင်  သေဒဏ်ချမှတ်ခံထားရသူ ၁ ယောက်ပဲ ရှိခဲ့ရာက အခုဆိုရင် အနည်းဆုံး ၈၆ ယောက် အထိတိုးလာတယ်လို့ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးအောက်မှာ  စစ်တပ်က အရပ်ဘက်တရားစီရင် ရေးကနေ စစ်ခုံရုံးအဖြစ် ပြောင်းလဲခဲ့ပြီး ဆန္ဒပြသူတွေ။ သတင်းသမားတွေကို ပစ်မှတ်ထားကာ ယောက် ၉၀ လောက်ကို တရားဥပဒေနဲ့ မညီဘဲ တရားလက်လွတ် သေဒဏ်ချမှတ်ခဲ့သလို တရားစွဲခံရသူတွေဟာ အယူခံဝင်ခွင့်မရဘဲ အကျဉ်းချုံးနဲ့ အမိန့်ချမှတ်ခဲ့တာလို့လည်း AI အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။  

မြန်မာနိုင်ငံမှာတော့ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ်သေဒဏ်ချမှတ် ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ကျခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စာရင်းအရ သိရပါတယ်။

အဲဒီထဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ်လည်းဖြစ် ဟစ်ပ်ဟော့ပ်အဆိုတော်တယောက်လည်းဖြစ်တဲ့ ဖြိုးဇေယျာသော်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ နှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နဲ့ ၅၀(ည)တို့အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

ကိုဂျင်မီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်ကတော့ နိုဝင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ကွပ်မျက်မှုပေါင်း ၅၇၉ ခုကို မှတ် တမ်းတင်နိုင်ခဲ့ပြီး အဲဒီအရင် ၂၀၂၀ ပြည့်နှစ်မှာတော့ ကွပ်မျက်မှုပေါင်း ၄၈၃ ခုသာ ရှိခဲ့တာ မို့ ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အထင်ရှားဆုံး ကွပ်မျက်မှုတွေထဲမှာတော့ တရုတ်၊ အီရန်၊ အီဂျစ်၊ ဆော်ဒီအာရေးဗျနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့ထိပ်တန်း ကွပ်မျက်မှုအမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပေမဲ့ ကွပ်မျက်တဲ့အရေအတွက် ကိန်းဂဏန်းအ ချက် အလက်တွေကိုတော့ နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတာကြောင့် သေဒဏ်အသုံးပြုမှုအတိုင်းအတာအမှန်ကို မသိရကြောင်းလည်း AI အဖွဲ့က ဖော်ပြထားပါတယ်။

ဒါ့အပြင် ကွပ်မျက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ကိန်းဂဏန်းအချက် အလက်တွေကိုတော့ လျှို့ဝှက်မှုနဲ့ သီးခြားလွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရယူခွင့် မရှိတာကြောင့် လတ်တလော အကဲဖြတ်ဖို့အ တွက် မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကွပ်မျက်သတ်ဖြတ်ခံရသူ ၅၇၉ ယောက်ထဲမှာတော့ အမျိုးသမီး ၂၄ ယောက်နဲ့ ၄ ရာခိုင်နှုန်းပါဝင်နေတာဖြစ်ကာ အီဂျစ်နိုင်ငံမှာ ၈ ယောက်၊ အီရန်နိုင်ငံမှာ ၁၄ ယောက်၊ ဆော်ဒီအာရေးဗျနိုင်ငံမှာ ၁ ယောက်နဲ့ အမေရိကန်နိုင်ငံမှာ ၁ ယောက်စီ ပါဝင်နေတယ်လို့ ဆိုပါတယ်။

AI အဖွဲ့ဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ကွပ်မျက်သတ်ဖြတ်ခံရမှုတွေကို မှတ်တမ်းတင်ထားတာဖြစ်ပြီး မြန်မာအပါအဝင် အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကင်မရွန်း၊ အီဂျစ်၊ အီရန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆိုမာလီယာ၊ စင်္ကာပူနဲ့ ယီမင်စတဲ့ နိုင်ငံတွေမှာ ကွပ်မျက်သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာက တရားမျှတတဲ့ တရားစီရင်မှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တရားစွဲမှုတွေအပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။ DVB

မြင်းခြံမြို့နယ်၌ စစ်ကောင်စီယာဥ် မိုင်းထိ၊ ရေတပ်ဗိုလ်အပါဝင် ၄ ဦး သေဆုံးဟု ဒေသကာကွယ်ရေး အဖွဲ့ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ စစ်ကောင်စီတပ်သားများစီးနင်းလာသည့် Honda Fit အနီရောင်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရေတပ်ဗိုလ်တစ်ဦးအပါဝင်လေးဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့CDSOM က ဆိုသည်။

မြို့သာစက်မှုဇုန်နှင့် ဆီမီးခုံမြို့ကို အသွားအပြန်လုပ်နေသော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားကို မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ကထုတ်လုပ်သော အထူးမိုင်းငါးလုံးဖြင့် မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အသွားတုန်းက ကျွန်တော်တို့ရဲဘော်တွေ အသင့်အနေထားမဖြစ်နေသေးတော့ စစ်ဆင်ရေးကို မလုပ် သေးဘဲ ညနေအပြန်မှ အသင့်ဖြစ်နေတဲ့အချိန် အကောင်အထည်ဖော်ခဲ့လိုက်တာပါ” ဟု CDSOM အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်ခြမ်းပျက်စီးသွားပြီး သေဆုံးသူများကို နောက်ကားတစ်စီးဖြင့်လာ ရောက်သယ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။

ယခုတိုက်ခိုက်မှုကို မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ – CDSOM၊ နောင်ရိုး အထူး ပြောက်ကျားတပ် မြင်းခြံခရိုင် တပ်ရင်း (၆)၊ တပ်ခွဲ (၁)၊ အမျိုးသမီး စစ်သည်တော်တပ်ရင်း(မြောင်) -M2W အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၅၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

မေ ၂၄ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၄၆ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၂၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ မန္တလေးတိုင်းမှာ ၁ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၈ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည် ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ DVB

မင်္ဂလာဒုံမြို့နယ်တွင် သွေးသောက်အဖွဲ့ဝင်ဆိုသူကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်က သွေးသောက်အဖွဲ့ဝင်ဆိုသူ ဦးချစ်တီးကို မြို့ပြပြောက်ကျားအဖွဲ့များက မေလ၂၄ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပေါက်ကုန်း အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ၎င်းပိုင်ဆိုင်သည့် ထွန်း ဆိုင်ကယ်အရောင်းဆိုင်အတွင်း ၎င်း၏တပည့်များရှိနေစဉ် ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ခဲ့သည့်ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီကို သတင်းပေး ဒလန်လုပ်နေတာတော့ကြာပြီ။ခုနောက်ပိုင်းသွေးသောက်အဖွဲ့ ဖွဲ့စည်းတော့ သူကအဓိကလူပါ ၌ ပိုက်ဆံလည်တတ်နိုင်တော့ သူ့ကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြတာ သူသတင်းပေးတာကြာင့် ဒုက္ခရောက်ကြသူတွေများပါတယ်။အဲ့ဒါကြောင့်တိုက် ခိုက်ခဲ့တာ ဟု ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူကဆိုသည်။

ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ ဒလန်ချစ်တီးဆိုသူသည် စစ်ကောင်စီထောက်ခံသူများက ဖွဲ့စည်းထားသည့် သွေးသောက်အဖွဲ့၏ အမာခံလူဖြစ်ပြီး ၎င်းတွင်လည်း ပစ္စတိုတစ်လက်ကိုင်ဆောင်ထားသူတစ်ဦးဖြစ်သည်ဟုသိရသည်။

ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်းအတွင်း ၎င်းနှင့် သူ့တပည့်များရှိနေစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတစ်ယောက်သေဆုံးသည်ဟုပြန်ကြားရသော် လည်း သေဆုံးခဲ့သူကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဟုဆိုသည်။ mizzima

ဖယ်ခုံစစ်ရှောင်ကလေးအများစု ရာသီတုပ်ကွေးဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရကြသေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ အုပ်စုအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့နယ်က ကျေးရွာတွေဘက်ကို စစ်ဘေးတိမ်းရှောင်နေရတဲ့ မိသားစု၀င်တွေထဲက ကလေးသူငယ်အများစုဟာ တုပ်ကွေးဖျားနာတာတွေဖြစ်နေပေမယ့် ကျန်း မာရေးစောင့်ရှောက်မှု မရကြသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

“ရာသီဥတုက မိုးရွာလိုက် နေပူလိုက်ဆိုတော့ ကလေးတွေအများစုက တုတ်ကွေးမိပြီး ဖျားနေကြတယ်။ ကုပေးမယ့် ဆရာ၀န်မရှိဘူး။ ပရဟိ တဆေးအဖွဲ့တွေလောက်ပဲ လာကြည့်တာ ရှိတယ်။ ဆေးဝါးလုံလောက်မှုမရှိတော့ အခက်အခဲတွေ အများကြီးရှိတယ်” လို့ လွိုင်လင်လေးမြို့၊ သာယုရွာဘက်ကို စစ်ဘေးရှောင်လာသူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် စစ်ရေးနယ်မြေတွေအတွင်းက ကျေးရွာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေမှာ ကာကွယ်ဆေးတွေ မထိုးကြရလို့ ကိုယ်ဝန်ဆောင်နေစဥ်နဲ့ မွေးကင်းစကလေး သေဆုံးတာတွေလည်း ရှိနေပါတယ်။

လွိုင်ကော် ကုန်းသာစစ်ရှောင်စခန်းတာဝန်ခံတဦးက “ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ မွေးပြီးပြီးချင်း အသက်ပါမလာတဲ့ ကလေးမွေးလာတာ ရှိတယ်။ မွေးကင်းစအရွယ် လပိုင်း၊ ရက်ပိုင်းနဲ့ သေဆုံးသွားကြတဲ့ ကလေးတွေလည်း ရှိတယ်။ ကျနော်တို့ စစ်ရှောင်စခန်းတခုတည်း ၅ ဦးရှိတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ အုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာပေါ င်း ၃၀ ၀န်းကျင်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အဲဒီမိသားစုတွေထဲမှာ ကလေးသူငယ် ၁၀၀၀ ၀န်းကျင်ပါ၀င်ပါတယ်။

အခုလက်ရှိ သူတို့တွေဟာ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ အနောက် ပဒေါင်ဒေသဘက်က ကျေးရွာတွေကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ DVB

မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လိုက်လံမီးရှို့သည့် စစ်ကောင်စီတပ်အား စစ်ဆင်ရေး ၂ ခုဖြင့် တိုက်ခိုက်၊ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ရွာစဉ်အလိုက် လိုက်လံမီးရှို့နေသည့် အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကောင်စီ စစ် ကြောင်းအား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDF ဦးဆောင်သည့် ဒေသခံကာကွယ်ရေးတပ်များက မေလ ၂၄ ရက်တွင် စစ်ဆင်ရေးနှစ်ခုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဖွားစောကျေးရွာကို မီးရှို့၍ အပြန် လှေတင်ဦးနှင့် ကူးတို့ကုန်းကျေးရွာကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းအသုံးပြုပြီး အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း- MSPDF အဖွဲ့ကထုတ်ပြန်သည်။

“သူတို့က ရွာကို မီးရှို့ပြီးထွက်လာတာပါ။ မနက် ၁၀ နာရီလောက်မှာ ရွာနှစ်ရွာကြားက ယာခင်းတွေထဲ ဖြတ်လျှောက်ကြတာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ဒရုန်းနဲ့ အီနာဂါဗုံးသီး နှစ်လုံးချလိုက်တယ်ဗျာ။ အဲ့ဒါကတော့ သေနိုင် မသေနိုင်နဲ့ ဒဏ်ရာရမရကို ခန့်မှန်းလို့ မရသေးဘူးဗျ။ စုံစမ်းနေ တုန်းပဲရှိသေးတယ်” ဟုMSPDF အဖွဲ့ဝင် ကိုမုန်တိုင်းကပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကောင်စီတပ်သည် လှေတင်ဦး ကျေးရွာသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူးပါဝင်သည့် အယောက် ၆၀ တစ်ဖွဲ့ ၊ အယောက် ၄၀ ခန့်ဝန်းကျင်ရှိသည့်တစ်ဖွဲ့ အဖွဲ့နှစ်ဖွဲ့ခွဲကာ ကူးတို့ကုန်းကျေးရွာသို့ထပ်မံဝင်ရောက်၍ နေအိမ် တစ်အိမ်ကို မီးရှို့ခဲ့ကြောင်း ကိုမုန်တိုင်းထံက သိရသည်။

အဖွဲ့နှစ်ဖွဲ့ခွဲ ထွက်လာသည့် စစ်ကောင်စီတပ်ကို ကူးတို့ကုန်းရွာမှတစ်ဆင့် မြောင်မြို့ပေါ်သို့အသွား လမ်းခုလတ် အရောက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“ကူးတို့ကုန်းကနေ မြောင်မြို့ပေါ်ကို ပြန်တဲ့အချိန်မှာ ကျွန်တော်တို့ မိုင်းဆွဲလိုက်တာဗျ။ အဲ့အချိန် ရှေ့ဆုံးက တက်လာတဲ့နှစ်ကောင်က တန်း လျှောသွားတာတွေ့တယ်။ စုစုပေါင်း ခြောက်ယောက်သေတာကတော့ မျက်မြင်ပဲ။ ဒါကို မြေပြင်က ကျွန်တော်တို့ ကင်းတွေလည်း တွေ့တယ်။ နောက်နှစ်ယောက်ကတော့ တော်တော်တော့ အပြင်းအထန်ဒဏ်ရာရတာရှိတယ်။ လိုက်ပွဲဖြစ်မဖြစ်ကတော့ ပြောလို့မရသေးဘူး”ဟု ကိုမုန် တိုင်းက ပြောသည်။

ဒေသခံကာကွယ်ရေးတပ်များသည် စစ်ကောင်စီစစ်ကြောင်းကို ပွိုင့်သုံးပွိုင့်ခွဲ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း နှစ်ပွိုင့်မှာ မိုင်းခွဲမရဘဲ အယောက် ၄၀ ဝန်းကျင်အဖွဲ့ကိုသာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုစစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီး မြို့ပေါ်တွင် မူလတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပေါင်းသွားပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- MSPDF၊ Burmese Guerrilla Force- BGF၊ Natogyi Regional Defense Force၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း- 27 Revolution Force နှင့် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆင်ရေးနှစ်ခုဖြင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် မေလ ၈ ရက်နေ့မှစ၍ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်အလိုက် လိုက်လံမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖြစ်သည်။ mizzima

« Older Entries