KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ဝင်းတာပန်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာတွင် အခြေစိုက် တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ် People’s Force ပြည်သူ့အင်အားစု၏ ဒရုန်းတပ်ဖွဲ့မှက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဒရုန်းဖြင့် ဗုံးကျဲသည့် ဗီဒီယိုကို မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ ၁ က ယနေ့ မေလ ၂၅ ရက်တွင် ထုတ် ပြန်ခြင်းဖြစ်ပြီး မည်သည့်နေ့ရက်တွင် တိုက်ခိုက်ခဲ့သည်ကို ဖော်ပြထားခြင်း မရှိပေ။
ဘီးလင်းမြို့နယ်၊ လေးကေနှင့် ဝင်းတာပန်ကျေးရွာများရှိ စခန်းများမှ အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ BGF များ အမြန်ဆုံး ဆုတ်ခွာသွားရန် KNLAနှင့် KNDO တို့မှ စာထုတ်အသိပေးထားသော်လည်း ဆုတ်ခွာသွားခြင်းမရှိသည့်အပြင် အင်အားဖြည့်တင်းမှုများ ရှိနေသည့်အတွက် အဆိုပါ စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ ပစ်ခတ်တိုက်ခိုက်လျှက်ရှိသည်။
လေးကေနှင့် ဝင်းတာပန်စခန်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF ၁၀၀ ဦး ဝန်းကျင်စီ တပ်စွဲထားကြောင်း KNLA တပ်ဖွဲ့များက ခန့်မှန်းထားကြသည်။ khit thit