Monthly Archives: May 2022

ငပုတောမြို့နယ် အဆင်းချိုင်ကျေးရွာရှိ လူနေအိမ်တွင် ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု အဆင်းချိုင်ကျေးရွာရှိ လူနေအိမ် တစ်လုံးတွင် ယနေ့ မေလ ၂၆ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးတစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့ပြီး စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အဆင်းချိုင်ကျေးရွာ စာသင်ကျောင်း အနီးရှိ နေအိမ် အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ် တစ်ဦး မျက်နှာ ထိခိုက်ဒဏ်ရာရရှိ၍ ပြင်ခရိုင်ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

“မခင်ဌေးဝင်းရဲ့ အိမ်မှာ ပေါက်တာ၊ ဘာပေါက်တာလဲ ဆိုတာ မသိဘူး၊ ကလေး တစ်ယောက်က နားစည် ထိသွားတယ်၊ မျက်နှာလည်း ထိသွားတယ်၊ စစ်တပ်က ရောက်လာပြီး မခင်ဌေးဝင်ရဲ့သား ကိုဇေယျကို ဖမ်းသွားတယ်၊ သူ့အမျိုးသား ကတော့ တိမ်းရှောင်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် နေအိမ် အနည်းငယ် ပျက်စီးသွားခဲ့ပြီး မည်သည့် အကြောင်းကြောင့် ပေါက်ကွဲခဲ့သည်ကိုမူ အတည်မပြုနိုင် သေးကြောင်း သိရသည်။ mizzima

စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ချင်းကိုယ် စားပြု လက်ဝှေ့သမား အပါအဝင် ကျဆုံးပြည်သူ ၁၈၆၄ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၆၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၈၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၈၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၈၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအ ဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမားတယောက်ဖြစ်တဲ့ ဟာရှိန်းအွမ် (ခ) ဟိန်းထိုက်ဇော်ကို အကြမ်းဖက်စစ်အုပ်စုတပ်က မေ ၂၅ ရက်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပြေကျေးရွာမှာ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပါ တယ်။

ဒါ့အပြင် မေ ၂၅ ရက် တနေ့တည်းမှာပဲ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထင်းတန်းရပ်ကွက်မှာ နေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် သူ့ရဲ့ မောင်နှမ ၄ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဖမ်းဆီးချိန်အတွင်း ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၇၀ အရွယ် ကိုမျိုးဝင်းရဲ့ ဖခင်ဖြစ်သူမှာ သွေးလန့်ပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

အာဏာသိမ်းစဉ်တည်းက အဖမ်းခံထားရသည့် ဆန္ဒပြကျောင်းသားလေးဦး ထောင်ချခံရ

စစ်တပ်က အာဏာသိမ်းသည့် ယမန်နှစ် ဖေဖော်ဝါရီလကတည်းက အဖမ်းခံထားရသည့် မန္တလေးမြို့မှ ဆန္ဒပြကျောင်းသားလေးဦးကို ယ မန်နေ့ (မေ ၂၅) တွင် စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်နီးပါးစီ ချလိုက်သည်။

အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်သည့် ကျောင်းသားလေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ငြိမ်း ချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ တို့ဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် တစ်နှစ်နှင့် ကိုးလစီ ချလိုက်ခြင်း ဖြစ်သည်။ 

တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခံရသည့် ကျောင်းသားလူငယ်များမှာ နိုင်ငံခြားဘာ သာတက္ကသိုလ် (မန္တလေး) မှ အသက်၂၉ နှစ်အရွယ် ကိုစောဥက္ကာဦး၊ ရတနာပုံတက္ကသိုလ်မှ အသက် ၃၀ ကျော်အရွယ်များဖြစ်သော ကိုမင်းညီညီကွန်း၊ ကိုရဲဝင်းထွန်းနှင့် ကိုပြည့်စုံအောင်တို့ ဖြစ်သည်ဟု သိရသည်။

ထိုကျောင်းသားလူငယ် လေးဦးမှာ မန္တလေးမြို့မှ ထင်ရှားသည့် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာတေဇာစန်း ဦးဆောင်၍ စစ် တပ်က အာဏာသိမ်းပြီး သုံးရက်အကြာ၌ ပြုလုပ်သော ဆန္ဒပြပွဲမှ လူစုခွဲပြီးအပြန်တွင် အဖမ်းခံရခြင်းဖြစ်သည်။

“နှစ်မှုပေါင်းပြီး ချလိုက်တာ။ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်  ၉ လဆိုပြီး ချလိုက်တာလို့ ပြောတယ်။ ဘယ်ပုဒ်မအတွက် ဘယ်နှစ်နှစ်ဆိုတာမျိုး ခွဲမသိရဘူး။ သူတို့ ကျန်းမာရေးလည်း ကောင်းကြပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုကျောင်းသားလူငယ် လေးဦးကို လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါရှိရန် စစ်ကောင်စီက ထောင်အတွင်း ညွှန်ကြားစာထုတ်ထားကြောင်း မန္တလေးမြို့မှ ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

“သူတို့နောက်မှာ ဖမ်းခံရတဲ့လူတွေ ၅၀၅ သမားတွေတောင် လွတ်လာကြပေမဲ့ သူတို့ ဘယ်လွတ်ငြိမ်းထဲမှ မပါခဲ့ဘူး။ ထောင်ထဲမှာ သူတို့လေးဦးအပါအဝင် လူ ၁၀၀ ကျော်ကို လွတ်ငြိမ်းမပေးဖို့ စာထုတ်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

“သူတို့အမိန့်မချခင် တိုက်လည်းပိတ်ခံရတယ်။ သူတို့ကို အဆောင်ပြောင်းခိုင်းတာ မပြောင်းလို့ဆိုပြီး ပိတ်တာလို့ သိရတယ်။ ထောင်အတွင်းကနေ ထွက်လာတဲ့သတင်းပေါ့” 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ ) မှ တာဝန်ရှိသူတစ်ဦးကလည်း ဖမ်းဆီး အကျဉ်းချခံထားရသည့် ယင်းလူငယ်လေးဦးအတွက် ဂုဏ်ယူကြောင်း ပြောသည်။

“အာဏာသိမ်းခံရစဉ်က လူထုက ဝေဝေဝါးဝါးဖြစ်နေတဲ့အချိန် ဒီလိုလုပ်မှရမယ်ဆိုတာမျိုး ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး ပြသသွားခဲ့တဲ့ ရဲဘော်တွေပါ။ သူတို့ကို တကယ်ကို လေးစားဂုဏ်ယူတယ်။ သူတို့ရဲ့ ဂုဏ်ယူဖွယ် သမိုင်းမှတ်ကျောက်တစ်ခုလည်းဖြစ်တယ်” myanmar now

အရာတော်မြို့နယ်နှင့် တမူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အိုင်ယားကျေးရွာမှာ ယာယီစခန်းချနေတဲ့ စစ်ကောင်စီအင်အား ၂၀၀ လောက်ကို   မေ ၂၅ ရက် ည ၁၂ နာရီလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်ဒုံးပျံPDF ခေါင်းဆောင်က ပြောပါတယ်။

“သူတို့ဘက်က အင်အား ၂၀၀ ကျော်ရှိမယ်။ ဒီပဲယင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ်ဘက်က ထွက်လာတဲ့စစ်ကြောင်း နှစ်ကြောင်း၊ အဲ့ရွာမှာ ယာယီတပ်စွဲနေတဲ့အချိန် ကျနော်တို့ သွားတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ လက်လုပ် လက်နက်ကြီး ၆ လုံးနဲ့ စပစ်ခတ်တယ်။ ပစ်ပြီး မကြာဘူး၊ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေ စာသင်ကျောင်းထဲ ဆွဲသွင်း ဆွဲသွင်းဆိုတဲ့ အော်တဲ့အသံ‌တွေ အတိုင်းသား ကြား‌ခဲ့ရတယ်။”

စစ်ကောင်စီ တပ်ယာယီတပ်စွဲနေတဲ့ အိုင်ယားကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာ‌တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို မိုးရွာထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာလည်း  မေ ၂၄ ရက် မနက်က တမူးမြို့အထွက် သုံးမိုင်လောက်မှာ စစ်ကောင်စီတပ်နဲ့  တမူး-PDF တပ်ရင်း (၄)၊ ကျောင်းသားတပ်ဖွဲ့ (BSO)၊ Freedom Rangers – TAMU နဲ့ တမူး (ပ.ကဖ) မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တမူး-PDFကပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ အာရှလမ်းမကြီးတလျှောက် တမူးမြို့အဝင်ဆိုင်းဘုတ်အနီးကစပြီး လေးမိုင်အတွင်း တပ်စွဲထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နိုင်ကာ  စစ်ကောင်စီဘက်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာပါက ရင်ဆိုင်ခုခံဖို့ အသင့်ပဲလို့ တမူး PDF ကထုတ်ပြန်ပါတယ်။ DVB

ပုလောမြို့နယ်တွင် ဒေသခံ ၂၀ ဦးထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်တွင် ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ်က ဒေသခံ ၂၀ ဦး ထက် မနည်းကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဖမ်းခံရတဲ့ လူတွေကတော့ စ.ရ.ဖ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) က စောင့်ကြည့်နေတဲ့ လူတွေများတယ် ဖမ်းခံရတာ၊ နောက်ပြီး NLD ပါတီဝင်တွေလည်း များတယ်”ဟု ပုလောဒေသခံ တစ်ဦးက ပြောသည်။

NLD ပါတီဝင်နှင့် ဆက်စပ်သူများ၊ လုပ်ငန်းရှင်များ၏ နေအိမ် အတွင်း ဝင်ရောက် ဖမ်းဆီးခြင်းလည်း ရှိကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ယခင် ဖမ်းဆီးပြီး ပြန်လည် လွတ်မြောက်လာသူ အချို့ ထပ်မံ ဖမ်းဆီးခံရမှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အကြောင်းပြချက် မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။ mizzima

ခင်ဦးတွင် နေအိမ်ပေါ် လက်နက်ကြီးကျ၊ အသက် ၇၀ ကျော်အရွယ်တစ်ဦး သေဆုံ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စီးနင်းနေရာ ယမန်နေ့ (မေ ၂၅) ညနေပိုင်းက နေအိမ်ပေါ် လက်နက်ကြီးကျကာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ 

ရွှေဘိုမှ ရေဦးဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ရေဦး – ခင်ဦးကားလမ်းတလျှောက် ကျေးရွာ များကို ပစ်ခတ်စီးနင်းနေခြင်းဖြစ်ကာ ယမန်နေ့ညနေပိုင်း ၇ နာရီခန့်တွင် ခင်ဦးမြို့နယ် ကန်သစ်ရွာမှ ဦးကွမ်းသီးဆိုသူ သေဆုံးခဲ့သည်။ 

ဦးကွမ်းသီးသည် ထွက်မပြေးနိုင်၍ နေအိမ်၌ ပုန်းနေချိန် အိမ်ပေါ်သို့ လက်နက်ကြီးကျကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တစ်ရွာတည်းသား အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“လက်နက်ကြီးက အိမ်ပေါ်ကျတာပေါ့။ ကန်သစ်ရွာကတော့ ဘာမှမဖြစ်ဘူး။ လူတွေအားလုံးက ရှောင်တိမ်းသွားကြတယ်။ အဲဒီဘိုးတော်ကြီးကတော့ မတိမ်းနိုင်ဘူး။ အရင်တုန်းကလည်း အဖမ်းခံရသေးတယ်။ ခုက သူ့သားကလည်း ထောင်ထဲမှာ သူတို့ ဖမ်းသွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကား ၇ စီးပါ စစ်ကောင်စီစစ်ကြောင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးအသစ်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်ကာ ကန်သစ်ရွာအနီး အင်းပတ်ကွေ့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုခံရသည်ဟု သိရသည်။​

စစ်ကြောင်းကြောင့် လက်ရှိတွင် ရွာပေါင်း ၁၂ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ကန်သစ်ရွာသားက ဆိုသည်။ 

“မိုင်းဆွဲခံရတာက အပြန်မှာ ဆွဲခံရတယ်။ စစ်ဘေးရှောင်က ရွာတွေများတော့များတာပေါ့ဗျာ။ ခင်ဦး- ရေဦး လမ်းတလျှောက်က ရွာတွေအကုန်လုံး တိမ်းကုန်ကြတာ။ ရွာပေါင်း ၁၂ ရွာလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကြောင်းသတင်းနှင့် ပတ်သက်၍ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KUPDF) က ယမန်နေ့ည၌ သတင်းထုတ်ပြန်ထားသည်။

ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က မြေပြင်တွင် ထိုးစစ် ဆင်လာနိုင်၍ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များရှိ ဒေသခံများ ဂရုစိုက်ကြရန် ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ယခုလဆန်းပိုင်းက စတင်ပြီး စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေရာ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး အရပ်သားများ မကြာခဏ သေဆုံးလေ့ရှိသည်။ 

ပြီးခဲ့သည့် မေ ၁၉ က မူးမြစ်အနောက်ဘက်ကမ်း ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ရွာအနီး ဖြစ်ပွားသော တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသော ဒေသခံများရှိရာ မူးမြစ်အရှေ့ဘက်ကမ်း တာတိုင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်ဖြင့် လှမ်းပစ်သဖြင့် လူအုပ်အတွင်းကျကာ အရပ်သား ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရှိခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက် လေ့လာရေးအဖွဲ့ Data For Myanmar က မေ ၁ တွင် ထုတ်ပြန်ကြေညာထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ လူနေအိမ်ပေါင်း ၉၇၂ လုံးပါဝင်သည်။ 

အာဏာသိမ်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူပ အယောက် ၁၇၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှု ကျူးလွန်သူများ ကြီးမားသည့် ပြစ်ဒဏ်ကို ကျခံရမည်ဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။  myanmar now

မန္တလေး ဓာတ်ဆီဆိုင်များတွင် ဆီဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရ

မန္တလေးမြို့ပေါ်က ဆီဆိုင်ကြီးတွေမှာ  မေ ၂၆ ရက်က ကားနဲ့ ဆိုင်ကယ်မောင်းနှင်သူတွေ ဆီဖြည့်ရာမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရပြီး အပြင်ဆိုင်တွေမှာလည်း လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

DENKO၊ ဘီအိုစီ၊ ငွေဗျိုင်းဖြူ စတဲ့ ကုမ္ပဏီဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီဈေး ဈေးသက်သာပြီး တလီတာ ၂,၂၅၀ ကျပ်နဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတဦးက “ဒါပေမဲ့ ခုရက်ထဲမှာ အဲဒီဆီဆိုင်တွေမှာ ဆီဖြည့်ရင် နာရီဝက်လောက် တန်းစီစောင့်ရတယ်၊ ပုံးနဲ့ဝယ်လို့မရဘူး၊ ကား ဆိုင် ကယ်တော့ လိုသလောက် အပြည့်ရောင်းပေးတယ်၊ အပိုဝယ်ထားလို့မရဘူး” လို့ ဆိုပါတယ်။

ဆိုင်ကယ်ဆီဖြည့်ဖို့ တန်းစီနေသူတဦးကလည်း “နေကပူပူ လူကထူထူမို့ မစောင့်ချင်ဘူး၊ တန်းမစီချင်ဘူးဆိုရင် အပြင်မှာထည့်လို့ရတယ်၊ အပြင်မှာထည့်ရင် တလီတာကို ၇၀၀၊ ၈၀၀ ကျပ်လောက် ပိုပေးရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လောင်စာဆီပြတ်လပ်ခြင်း မရှိဘူးလို့ စစ်ကောင်စီက ပြောပေမဲ့ ဒီနေ့အချိန်အထိ လောင်စာဆီဈေးနှုန်း မြင့်တက်နေပြီး ဝယ်ယူရာမှာ ခက်ခဲနေဆဲပဲလို့  ဆီဝယ်ယူသူတွေထံက သိရပါတယ်။

နယ်ကနေ မန္တလေးကိုရောက်လာတဲ့ တိုင်းရင်းသူတဦးက “ဒီနေ့မနက် ဆိုင်ကယ်ဆီဖြည့်ဖို့ လမ်းဘေးထော်လာဂျီပေါ် ပန့်တင်ရောင်းနေတဲ့သူကို ဈေးမေးကြည့်တယ်၊ 92 တလီတာကို ၂,၈၅၀ ကျပ်တဲ့၊ မန္တလေးဈေးက ကျမတို့ နယ်မြို့လေးထက်တောင် ဈေးပိုကြီးနေပါလားလို့ အံသြမိတယ်”လို့ ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ လောင်စာဆီ မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေပြီး ပေါက်ဈေးထက် ဈေးပိုပေးကာ ဝယ်ယူသုံးနေကြရပါတယ်။ DVB

သန်လျင်တွင် ဆိုင်ကယ်စီးနင်းသူများကို ပစ် ခတ်ဖမ်းဆီးမှုများရှိနေပြီး ဘထ္ထရီတပ်ဆင်ထားသည့် စက်ဘီးများကိုပါ စီးနင်းခွင့်မပြုတော့ဟုဆို

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုများရှိနေပြီး ဘထ္ထရီတပ်ဆင်ထားသည့် စက်ဘီးများကိုပါ စီးနင်းခြင်းခွင့် မပြုတော့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

“မနေ့က ထမလုံမှာ ဆိုင်ကယ်စီးနင်းတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။ သီဟဒီပ အားကစားကွင်းနားမှာလည်း ပစ်ခတ်တယ်လို့ ကြားသိရတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောစကားအရဆိုရင် သူတို့ ဖမ်းဆီးတာတွေကို တွေ့လို့ ကြောက်လန့်ပြီး မောင်းပြေးကြတာ။ ဒါကို သူတို့က သေနတ်တွေနဲ့ ပစ်တာ။ ပြီးခဲ့တဲ့ နှစ်လလောက်ကလည်း ဆိုင်ကယ်တွေကို တားစစ်တဲ့အချိန် မရပ်ပေးလို့ ပစ်တာ လူငယ်လေးတစ်ယောက် သေသွားဖူးတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က သန်လျင်မြို့တွင်း ဆ်ိုင်ကယ်စီးနင်းခွင့်ကို မေလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၂၂ ရက်နေ့အထိ ပိတ်ပင်ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆိုင်ကယ်စီးနင်းခွင့်အပေါ် တစ်စုံတစ်ရာပြန်လည်ထုတ်ပြန်ခြင်း မရှိသေးသလို ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထို့အပြင် သန်လျင်မြို့တွင် ဘေးတွဲဆိုင်ကယ်များဖြင့် ဈေးရောင်းချမှုများကိုလည်း ခွင့်မပြုတော့သည့်အတွက် ဘေးတွဲဆိုင်ကယ်များကို ဖြုတ်ယူသိမ်းဆည်းခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ ဆိုင်ကယ်ကယ်ရီသမားတွေကိုတော့ ငွေ တစ်သောင်း ကောက်သွားတယ်။ ဆ်ိုင်ကယ် မောင်းနှင်ခွင့်ပြုဖို့ လူစိစစ်ပြီးသားလည်း ဖြစ်သလို သူတို့လည်း ဆက်ကြေးရအောင်ပေါ့။ ပိုက်ဆံတော့ ယူသွားကြပြီ။ အခုက သန်လျင်မှာ စက်ဘီးတောင် ဘထ္ထရီပါရင် စီးလို့ မရတော့ဘူး။ ဖိနှိပ်နေတာက ပိုဆိုးလာနေတယ်။ ဒီထက်ပိုကျပ်တည်းလာမယ့် သဘောရှိတယ်” ဟု သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် စီးနင်းခွင့်ကတ်ပြားများ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ကြေညာထားသလို ဆိုင်ကယ်ကယ်ရီဝတ်စုံများကိုလည်း ဝယ်ယူခိုင်းမှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်အထိ ဆိုင်ကယ်ကယ်ရီများ ပြေးဆွဲမှု မြင်တွေ့ခြင်းမရှိသေးသလို ပိုက်ဆံပေးဆောင်ထားသူများကိုလည်း မောင်းနှင်ခွင့်ပြုခြင်းမျိုး မကြားသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ယခင်က ဆိုင်ကယ်တရားဝင်စီးနင်းခွင့် ပြုထားသည့် သန်လျင်မြို့နယ်တွင် စစ်ကောင်စီက စီးနင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ပြည်သူများ ကျန်းမာရေးကိစ္စနှင့် သွားလာရေးကိစ္စများတွင် အခက်အခဲများ ရှိနေပြီး မြို့နယ်အတွင်းရှိ ကားရှိသူများက ကားမှတ်တိုင်အရောက် ကူညီပို့ဆောင်ပေးမှုများလည်း ရှိနေကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ဆိုင်ကယ်အသုံးပြုကာ တိုက်ခိုက်မှုများကြောင့် ထိခိုက် သေဆုံးမှုများ ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ပြည်သူများကို ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခြင်း အပါအဝင် မြို့နယ်အတွင်း လုံခြုံရေးအင်အားတိုးမြင့်ကာ စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် သန်လျင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူအချို့ စစ်ကောင်စီတပ်၏ လူမသိ သူမသိ ဖမ်းဆီးခံထားရခြင်းများရှိနေကာ သတင်းအတိအကျ စုံစမ်းမရနိုင်သည့် အခြေအနေများ ရှိနေကြောင်းလည်း သန်လျင်ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။ mizzima

စစ်တပ်ဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေး အဖွဲ့တွင် ပါဝင်သူများကို အရပ်သားဟု မသတ်မှတ်ဘဲ စစ်ရေး နည်းလမ်းအရ အရေးယူမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန သတိပေး

အကြမ်းဖက် စစ်တပ်က နိုင်ငံတဝှမ်းရှိ မြို့နယ်များနှင့် ရပ်ကွက် ကျေးရွာ များတွင် ဖွဲ့စည်းရန် ဆောင်ရွက်လာနေသည့် ပြည်သူ့လုံခြုံရေး အဖွဲ့များတွင် ပါဝင်သူများကို အကြမ်းဖက် ထောက်တိုင် စစ်ရေးပစ်မှတ်များ အဖြစ် သတ်မှတ်ပြီး စစ်ရေး နည်းလမ်းအရ အရေးယူသွားမည်ဖြစ် ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သတိပေးသည်။

NUG ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၎င်းပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် ပါဝင်သည့် အသင်းအဖွဲ့များ လူပုဂ္ဂိုလ်များနှင့် ပက်သက်သော သက်သေအထောက်အထားများကိုလည်း ရရှိထားပြီးဖြစ်ကာ စစ်ကောင်စီ၏ ဖွဲ့စည်းသော “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” များနှင့် အဖွဲ့ဝင်များကို အရပ်သား အဖြစ် မှတ် ယူ၍ မရတော့သည့်အတွက် “ အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ” အဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်၌ အင်အား လျော့နည်းလာပြီး ၎င်းတို့ စစ်တပ် အင်အား ဖာထေးရန် နိုင်ငံတဝန်းရှိ မြို့နယ်များတွင် အ ကြမ်းဖက် အဖွဲ့များ တိုးချဲ့ဖွဲ့စည်းကာ “ပြည်သူ့လုံခြုံရေးအဖွဲ့” ဟု အမည်ပေးကာ ဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း စစ်တပ်သည် ယခင် ဖွဲ့စည်းခဲ့သော ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာနှင့် စွန်ရဲ အမည်ဖြင့် အကြမ်းဖက် အဖွဲ့များ ဖွဲ့စည်းထားခဲ့ရာမှ ယခုအခါ စစ်ကောင်စီသည် ပြည်သူချင်း အကြမ်းဖက် ရန်ပြုစေလျက် ၎င်းအတွက် ထွက်ပေါက် ရှာဖွေရန် ရည်ရွယ်သည့် မူဝါဒတစ်ခု ချမှတ်ကာ ၎င်းကိုယ်တိုင် တိုက်ရိုက်စီမံ ကွပ်ကဲမည့် ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ရသော အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုကျ နိုင်ငံရေး ပါတီ နှင့် အသင်းအဖွဲ့များ၏ ပါဝင်မှုဖြင့် ဖွဲ့စည်းရန် ကြိုးစား နေခြင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ ကလည်းကောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကလည်း သတ်မှတ်ကြေညာထားပြီး ဖြစ်သောကြောင့် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှု လုပ်ငန်းများတွင် ထောက်ကူပေးသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းလျက်ရှိပြီး ဥပဒေ နည်းလမ်း အရဖြစ်စေ၊ စစ်ရေး နည်းလမ်း အရဖြစ်စေ အရေးယူခံရမည်ဖြစ်ကာ စစ်ကောင်စီ ပြန်ကြားရေး၏ ထုတ်ဖော်ပြောဆိုချက်များအရ စစ်ကောင်စီသည် “ပြည်သူ့လုံခြုံရေးအဖွဲ့” အပါအဝင် အရပ်သားများပါဝင်သော ကာကွယ်ရေးစနစ် တနည်း ပြည်သူကို ပြည်သူနှင့် ပြန်ရန်တိုက်ပေးသည့် အ ကြမ်းဖက် စနစ်ကို ဖော်ဆောင် သွားမည် ဖြစ်ပြီး အဆိုပါ အဖွဲ့တွင် ပါဝင်သူများကို စစ်ပညာ သင်ကြားပေးခြင်း၊ အကြမ်းဖက် နည်းလမ်းများ ပို့ချခြင်း၊ လက်နက် တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ ပြည်သူ့လုံခြုံရေးအဖွဲ့” တွင် ပါဝင်ရန် အတင်းအကျပ်ဖိအားပေး ခိုင်းစေခံရသော ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့ကို အမြန်ဆုံးစွန့်ခွာပြီး သက် ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံ ပူး ပေါင်းဆောင်ရွက်နိုင်ကြောင်း NUG ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီက “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” ဟုဆိုကာ အင်အား စုဆောင်းလာမှုကို လုံးဝလက်မခံ၊ ဆန့်ကျင်ကြပါရန်နှင့် မိမိတို့ရပ်ရွာအတွင်း အကြမ်းဖက်အဖွဲ့ဝင် ထောက်တိုင် များအဖြစ် ပါဝင်ဆောင်ရွက်နေမှုများကို သိရှိရပါက တယ်လီဂရမ်(telegram) အမည် ” info2mod ” သို့လည်းကောင်း၊ အီးမေးလ်(email) လိပ်စာ ” info2mod@protonmail.com ” သို့လည်းကောင်း၊ အထောက်အ ထားများနှင့်တကွ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားသည်။ khit thit

« Older Entries