ခင်ဦးတွင် နေအိမ်ပေါ် လက်နက်ကြီးကျ၊ အသက် ၇၀ ကျော်အရွယ်တစ်ဦး သေဆုံ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စီးနင်းနေရာ ယမန်နေ့ (မေ ၂၅) ညနေပိုင်းက နေအိမ်ပေါ် လက်နက်ကြီးကျကာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ 

ရွှေဘိုမှ ရေဦးဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ရေဦး – ခင်ဦးကားလမ်းတလျှောက် ကျေးရွာ များကို ပစ်ခတ်စီးနင်းနေခြင်းဖြစ်ကာ ယမန်နေ့ညနေပိုင်း ၇ နာရီခန့်တွင် ခင်ဦးမြို့နယ် ကန်သစ်ရွာမှ ဦးကွမ်းသီးဆိုသူ သေဆုံးခဲ့သည်။ 

ဦးကွမ်းသီးသည် ထွက်မပြေးနိုင်၍ နေအိမ်၌ ပုန်းနေချိန် အိမ်ပေါ်သို့ လက်နက်ကြီးကျကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တစ်ရွာတည်းသား အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“လက်နက်ကြီးက အိမ်ပေါ်ကျတာပေါ့။ ကန်သစ်ရွာကတော့ ဘာမှမဖြစ်ဘူး။ လူတွေအားလုံးက ရှောင်တိမ်းသွားကြတယ်။ အဲဒီဘိုးတော်ကြီးကတော့ မတိမ်းနိုင်ဘူး။ အရင်တုန်းကလည်း အဖမ်းခံရသေးတယ်။ ခုက သူ့သားကလည်း ထောင်ထဲမှာ သူတို့ ဖမ်းသွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကား ၇ စီးပါ စစ်ကောင်စီစစ်ကြောင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးအသစ်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်ကာ ကန်သစ်ရွာအနီး အင်းပတ်ကွေ့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုခံရသည်ဟု သိရသည်။​

စစ်ကြောင်းကြောင့် လက်ရှိတွင် ရွာပေါင်း ၁၂ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ကန်သစ်ရွာသားက ဆိုသည်။ 

“မိုင်းဆွဲခံရတာက အပြန်မှာ ဆွဲခံရတယ်။ စစ်ဘေးရှောင်က ရွာတွေများတော့များတာပေါ့ဗျာ။ ခင်ဦး- ရေဦး လမ်းတလျှောက်က ရွာတွေအကုန်လုံး တိမ်းကုန်ကြတာ။ ရွာပေါင်း ၁၂ ရွာလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကြောင်းသတင်းနှင့် ပတ်သက်၍ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KUPDF) က ယမန်နေ့ည၌ သတင်းထုတ်ပြန်ထားသည်။

ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က မြေပြင်တွင် ထိုးစစ် ဆင်လာနိုင်၍ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များရှိ ဒေသခံများ ဂရုစိုက်ကြရန် ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ယခုလဆန်းပိုင်းက စတင်ပြီး စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေရာ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး အရပ်သားများ မကြာခဏ သေဆုံးလေ့ရှိသည်။ 

ပြီးခဲ့သည့် မေ ၁၉ က မူးမြစ်အနောက်ဘက်ကမ်း ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ရွာအနီး ဖြစ်ပွားသော တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသော ဒေသခံများရှိရာ မူးမြစ်အရှေ့ဘက်ကမ်း တာတိုင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်ဖြင့် လှမ်းပစ်သဖြင့် လူအုပ်အတွင်းကျကာ အရပ်သား ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရှိခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက် လေ့လာရေးအဖွဲ့ Data For Myanmar က မေ ၁ တွင် ထုတ်ပြန်ကြေညာထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ လူနေအိမ်ပေါင်း ၉၇၂ လုံးပါဝင်သည်။ 

အာဏာသိမ်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူပ အယောက် ၁၇၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှု ကျူးလွန်သူများ ကြီးမားသည့် ပြစ်ဒဏ်ကို ကျခံရမည်ဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s