ငပုတောမြို့နယ် အဆင်းချိုင်ကျေးရွာရှိ လူနေအိမ်တွင် ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု အဆင်းချိုင်ကျေးရွာရှိ လူနေအိမ် တစ်လုံးတွင် ယနေ့ မေလ ၂၆ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးတစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့ပြီး စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
အဆင်းချိုင်ကျေးရွာ စာသင်ကျောင်း အနီးရှိ နေအိမ် အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကလေးငယ် တစ်ဦး မျက်နှာ ထိခိုက်ဒဏ်ရာရရှိ၍ ပြင်ခရိုင်ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။
“မခင်ဌေးဝင်းရဲ့ အိမ်မှာ ပေါက်တာ၊ ဘာပေါက်တာလဲ ဆိုတာ မသိဘူး၊ ကလေး တစ်ယောက်က နားစည် ထိသွားတယ်၊ မျက်နှာလည်း ထိသွားတယ်၊ စစ်တပ်က ရောက်လာပြီး မခင်ဌေးဝင်ရဲ့သား ကိုဇေယျကို ဖမ်းသွားတယ်၊ သူ့အမျိုးသား ကတော့ တိမ်းရှောင်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် နေအိမ် အနည်းငယ် ပျက်စီးသွားခဲ့ပြီး မည်သည့် အကြောင်းကြောင့် ပေါက်ကွဲခဲ့သည်ကိုမူ အတည်မပြုနိုင် သေးကြောင်း သိရသည်။ mizzima