စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ချင်းကိုယ် စားပြု လက်ဝှေ့သမား အပါအဝင် ကျဆုံးပြည်သူ ၁၈၆၄ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၆၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၈၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၈၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၈၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအ ဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမားတယောက်ဖြစ်တဲ့ ဟာရှိန်းအွမ် (ခ) ဟိန်းထိုက်ဇော်ကို အကြမ်းဖက်စစ်အုပ်စုတပ်က မေ ၂၅ ရက်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပြေကျေးရွာမှာ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပါ တယ်။

ဒါ့အပြင် မေ ၂၅ ရက် တနေ့တည်းမှာပဲ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထင်းတန်းရပ်ကွက်မှာ နေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် သူ့ရဲ့ မောင်နှမ ၄ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဖမ်းဆီးချိန်အတွင်း ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၇၀ အရွယ် ကိုမျိုးဝင်းရဲ့ ဖခင်ဖြစ်သူမှာ သွေးလန့်ပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s