တရုတ်-မြန်မာ တိုက်ရိုက်ဆက်သွယ်သော မီးရထားလမ်း မရှိပါ

တရုတ်သံရုံးက မေလ ၂၄ ရက်နေ့တွင် ချုံချင့်-လင်ချန်း-မြန်မာ နိုင်ငံတကာရထားလမ်းဆိုသော အသုံး အနှုန်းက တရုတ်နှင့် မြန်မာအကြား တိုက်ရိုက်မီးရထားလမ်းရှိလေဟန် နားလည်မှု မှားယွင်းစေသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် “ တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ် ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွာလာခဲ့ရာ တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်ခြင်းကို ကိုယ်စားပြုနေသည်။ ရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာရာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ပါဝင်သည်။ ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့်ပြည်ထွက်၍ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ခန့်မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှု ကြာ ချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% လျှော့ချနိုင်မည်ဖြစ်သည်” ဟု ပါရှိသည်။

အလားတူပင် တရုတ်အစိုးရထိန်းချုပ်မှုအောက်တွင်ရှိနေသည့် China Radio International-CRI တရုတ် နိုင်ငံတကာအသံလွှင့်အစီအစဉ်၏ မြန်မာပိုင်းသတင်းတွင်လည်း “တရုတ်-မြန်မာ လမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် တရုတ်-မြန်မာစီးပွားကုန်သွယ်ရေးအား တိုးမြှင့်ပေး” ဟု ရေးသားကာ မေလ ၂၅ ရက်နေ့က သတင်းတင်ဆက်ထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းမီဒီယာများရေးသားမှုတွင်လည်း တရုတ်မှမြန်မာသို့ တိုက်ရိုက်ရထားလမ်းဖွင့်လှစ်သည့်သဖွယ် ရေးသားကြသည်ကို တွေ့ရသည်။

မြန်မာနှင့် တရုတ်နိုင်ငံအကြား ရထားလမ်းဆက်သွယ်မှု ယခုထိ မရှိပါ။ မြန်မာနိုင်ငံဘက်သုံး ရထားလမ်း မှာ သံလမ်းကျဉ်းစနစ်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင် လားရှိုးတွင် ဂိတ်ဆုံးသည်။ တရုတ်နိုင်ငံ ဘက်ခြမ်းတွင် ရထားလမ်းမှာ သံလမ်းကျယ်စနစ်ဖြစ်ပြီး ယူနန်ပြည်နယ် အနောက်တောင်ဘက်ရှိ စီရင်စု အဆင့်ရှိမြို့ဖြစ်သော လင်ချန်းတွင် ဂိတ်ဆုံးသည်။

သို့သော်တရုတ်နိုင်ငံမှ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုမှာ မြန်မာဘက်တွင် မူဆယ်-မန္တလေး မီးရထားလမ်းဖောက်လုပ်ရန်ဖြစ်ပြီး ရထားလမ်းသစ်သည် ရှိပြီးသား လမ်းဟောင်းပေါ်တွင် ဆောက်လုပ်ခြင်းမျိုးမဟုတ်ဘဲ လမ်းအူကြောင်းအသစ် ဖောက်လုပ်ရမည် ဖြစ် သည်။

ပင်လယ်ထွက်ပေါက်မရှိသော တရုတ်နိုင်ငံကုန်းတွင်းပိုင်းရှိ တောင်ပိုင်းပြည်နယ်များအား မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက်ရရှိစေမည့် ဘေဂျင်း-ကူမင်း-ရွှေလီ-မူဆယ်-မန္တလေး-ကျောက်ဖြူ အမြန် ရထားလမ်း စီမံကိန်းကြီးဖြစ်သည်။

သို့သော် ၄၁၄ ကီလိုမီတာရှည်လျားမည့် မူဆယ်-မန္တလေးမီးရထားလမ်းပိုင်း နည်းပညာပိုင်းဆိုင်ရာ ဖြစ်တန်ချေဆန်းစစ်ချက်အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းကလာရောက်ခဲ့သော တရုတ် သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့မီးရထားအကြီးအကဲနှင့် တရုတ်ကုမ္ပဏီဥက္ကဋ္ဌတို့ လွှဲပြောင်းပေးခြင်းသာလျှင် နောက်ဆုံးအ​ခြေအ​နေ ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံဘက်မှ မီးရထားဖြင့်သယ်ဆောင်လာသောပစ္စည်းများကို လင်ချန်းနယ်စပ်ဂိတ်မှ သည် မန္တလေးအထိကားနှင့်ပြန်လည်ကဲ့သယ်ရမည်သာ ဖြစ်သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s