ရေမျက်နီတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
မကွေးတိုင်း၊ ထီးလင်းမြို့နှင့် ဂန့်ဂေါမြို့နယ်ကြားရှိ ရေမျက်နီ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ စစ်သား ငါးဦး သေဆုံးပြီး ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (YRPA) ရဲဘော်တစ်ဦး ပြင်းထန် ဒဏ်ရာ ရခဲ့ကြောင်း PDF-Saw ပြန်ကြားရေးအဖွဲ့ဝင် ကိုမင်းဝသုန်က မဇ္ဈိမကို ပြောသည်။
မေလ ၂ဝ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား ငါးဦးအနက် သုံးဦးသည် YRPA တပ်ပေါင်းစု၏ စနိုက်ပါ ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ကာ YRPA တပ်ပေါင်းစု ရဲဘော်တစ်ဦး ဒဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။
“ထိတွေ့တိုက်ပွဲ ဖော်ဆောင်တာမျိုး ကြတော့ လက်နက်ကြီး ပစ်ကူယူပြီးတော့ စနိုက်ပါကနေ ချောင်းပစ်တယ်။ ပြီးတော့ ရှိသမျှ အော်တိုဂန်းတွေ ပစ်ကူယူပြီးတော့ စနိုက်ပါနဲ့ ရန်သူပစ်မှတ်ကို ထိအောင်ကြိုးစားတယ်။ စကစ (စစ်ကောင်စီတပ်) ဘက်က ငါးယောက်မှာ သုံးယောက်က စနိုက်ပါကြောင့် ကျဆုံးသွားတယ်။ ကျန်တဲ့ နှစ်ယောက် ကတော့ ဘယ်လိုသေဆုံးလဲ သေချာ မသိရဘူး။ ငါးယောက် သေတာတော့ သေချာတယ်။ သူတို့ဘက်က ကျဆုံးတဲ့ သူတွေကို ဆွဲသွားတာကို လှမ်းမြင်ရတာပါ။ သူတို့ဘက်ကလည်း ရှိတဲ့ လက်နက်တွေနဲ့ ပစ်တယ်။ အဓိက လက်နက်ကြီး ပစ်ကူယူပြီးတော့ ပစ်လို့ ကျွန်တော်တို့ YRPA အဖွဲ့ က ရဲဘော်တစ်ဦး ထိသွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ဒါပေမဲ့ အခုအထိ ဆေးကုသမှု ခံယူနေရတုန်းပဲ” ဟု ကိုမင်းဝသုန်က ပြောသည်။
ယင်းတိုက်ပွဲကို လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပါဝင်သည့် ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (YRPA) ၏ ပူးပေါင်း စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရေမျက်နီ စစ်ကောင်စီတပ်စခန်းတွင် အင်အား ၁ဝဝ ဝန်းကျင်ရှိကြောင်း အဆိုပါ စခန်းကို မေလ အစောပိုင်းက YRPA တပ်ပေါင်းစုက တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။ mizzima