သန်လျင်တွင် ဆိုင်ကယ်စီးနင်းသူများကို ပစ် ခတ်ဖမ်းဆီးမှုများရှိနေပြီး ဘထ္ထရီတပ်ဆင်ထားသည့် စက်ဘီးများကိုပါ စီးနင်းခွင့်မပြုတော့ဟုဆို

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုများရှိနေပြီး ဘထ္ထရီတပ်ဆင်ထားသည့် စက်ဘီးများကိုပါ စီးနင်းခြင်းခွင့် မပြုတော့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။
“မနေ့က ထမလုံမှာ ဆိုင်ကယ်စီးနင်းတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။ သီဟဒီပ အားကစားကွင်းနားမှာလည်း ပစ်ခတ်တယ်လို့ ကြားသိရတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောစကားအရဆိုရင် သူတို့ ဖမ်းဆီးတာတွေကို တွေ့လို့ ကြောက်လန့်ပြီး မောင်းပြေးကြတာ။ ဒါကို သူတို့က သေနတ်တွေနဲ့ ပစ်တာ။ ပြီးခဲ့တဲ့ နှစ်လလောက်ကလည်း ဆိုင်ကယ်တွေကို တားစစ်တဲ့အချိန် မရပ်ပေးလို့ ပစ်တာ လူငယ်လေးတစ်ယောက် သေသွားဖူးတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က သန်လျင်မြို့တွင်း ဆ်ိုင်ကယ်စီးနင်းခွင့်ကို မေလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၂၂ ရက်နေ့အထိ ပိတ်ပင်ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆိုင်ကယ်စီးနင်းခွင့်အပေါ် တစ်စုံတစ်ရာပြန်လည်ထုတ်ပြန်ခြင်း မရှိသေးသလို ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထို့အပြင် သန်လျင်မြို့တွင် ဘေးတွဲဆိုင်ကယ်များဖြင့် ဈေးရောင်းချမှုများကိုလည်း ခွင့်မပြုတော့သည့်အတွက် ဘေးတွဲဆိုင်ကယ်များကို ဖြုတ်ယူသိမ်းဆည်းခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ ဆိုင်ကယ်ကယ်ရီသမားတွေကိုတော့ ငွေ တစ်သောင်း ကောက်သွားတယ်။ ဆ်ိုင်ကယ် မောင်းနှင်ခွင့်ပြုဖို့ လူစိစစ်ပြီးသားလည်း ဖြစ်သလို သူတို့လည်း ဆက်ကြေးရအောင်ပေါ့။ ပိုက်ဆံတော့ ယူသွားကြပြီ။ အခုက သန်လျင်မှာ စက်ဘီးတောင် ဘထ္ထရီပါရင် စီးလို့ မရတော့ဘူး။ ဖိနှိပ်နေတာက ပိုဆိုးလာနေတယ်။ ဒီထက်ပိုကျပ်တည်းလာမယ့် သဘောရှိတယ်” ဟု သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။
ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် စီးနင်းခွင့်ကတ်ပြားများ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ကြေညာထားသလို ဆိုင်ကယ်ကယ်ရီဝတ်စုံများကိုလည်း ဝယ်ယူခိုင်းမှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် လက်ရှိအချိန်အထိ ဆိုင်ကယ်ကယ်ရီများ ပြေးဆွဲမှု မြင်တွေ့ခြင်းမရှိသေးသလို ပိုက်ဆံပေးဆောင်ထားသူများကိုလည်း မောင်းနှင်ခွင့်ပြုခြင်းမျိုး မကြားသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ ယခင်က ဆိုင်ကယ်တရားဝင်စီးနင်းခွင့် ပြုထားသည့် သန်လျင်မြို့နယ်တွင် စစ်ကောင်စီက စီးနင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ပြည်သူများ ကျန်းမာရေးကိစ္စနှင့် သွားလာရေးကိစ္စများတွင် အခက်အခဲများ ရှိနေပြီး မြို့နယ်အတွင်းရှိ ကားရှိသူများက ကားမှတ်တိုင်အရောက် ကူညီပို့ဆောင်ပေးမှုများလည်း ရှိနေကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ဆိုင်ကယ်အသုံးပြုကာ တိုက်ခိုက်မှုများကြောင့် ထိခိုက် သေဆုံးမှုများ ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ပြည်သူများကို ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခြင်း အပါအဝင် မြို့နယ်အတွင်း လုံခြုံရေးအင်အားတိုးမြင့်ကာ စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် သန်လျင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူအချို့ စစ်ကောင်စီတပ်၏ လူမသိ သူမသိ ဖမ်းဆီးခံထားရခြင်းများရှိနေကာ သတင်းအတိအကျ စုံစမ်းမရနိုင်သည့် အခြေအနေများ ရှိနေကြောင်းလည်း သန်လျင်ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။ mizzima