Monthly Archives: May 2022

ပုလဲမြို့နယ်တွင် နွားကျောင်းနေသည့် သား အဖကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ အနီး စားကျက်မြေတွင် နွားကျောင်းနေသည့် သားအဖနှစ်ဦး ကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လက်ပုကန်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်စဉ် အသက် ၆၀ ကျော်နှင့် အသက် ၂၇ နှစ်အရွယ် သားအဖကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဒေသခံ ပြည်သူ အများစု ကျေးရွာ အတွင်းရှိ ဘုန်ကြီးကျောင်းဝင်း အတွင်း တိမ်း ရှောင်နေရကြောင်း သိရသည်။

“ရွာအပြင်က စားကျက်မြေမှာ နွားတွေကို သွားကျောင်းနေတာ၊ စစ်ကြောင်းက ကျေးရွာထဲ ဝင်လာတော့ တခြားနေရာကို သွားရှောင် နေရင်းနဲ့ နွားတွေကို စိတ်မချလို့ ပြန်သွားတဲ့အခါ ဖမ်းခေါ်သွားတာ။ အခုချိန်ထိ ပြန်မလွတ်သေးဘူး“ ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် ကျေးရွာ အတွင်းရှိ လျှပ်စစ်ပစ္စည်းဆိုင်၊ စားသောက်ဆိုင်၊ အပ်ချုပ်ဆိုင်နှင့် နေအိမ် အချို့ရှိ ပစ္စည်းများကို သဘောရှိ ယူဆောင်ကာ ညနေ ၄ နာရီခန့်တွင် ရွာမှ ပြန်ထွက်သွားကြောင်း သိရသည်။

“ညနေပိုင်းကျ ကျေးရွာကနေ ပြန်ထွက်သွားတော့ သားအဖနှစ်ဦးကို ဖမ်းသွားတာ။ သိတာက ညပိုင်းကြမှာ သိတာ။ ပြန်မလာလို့ စိတ်ပူပြီး လိုက် ရှာတော့မှ နွားခြောက်ကောင်နဲ့ သူတို့ဆောင်းတဲ့ ခမောက်ကို တွေ့တော့မှာ ဖမ်းခေါ်သွားမှန်း သိရတာ။ မိသားစု သုံးဦး နေတာပါ။ အိမ်မှာ အမျိုးသမီး တစ်ဦးပဲ ကျန်ခဲ့တယ်။ အခု စိတ်ပူပြီး နေနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ လက်ပုကန်ကျေးရွာနှင့် တစ်မိုင် ဝန်းကျင်ခန့် ကွာဝေးသည့် မင်းတိုင်ပင်ကျေးရွာသို့ ယင်းစစ်ကြောင်း ရောက်ရှိနေပြီး ဖမ်းဆီးထားသည့် သားအဖ နှစ်ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ mizzima

မြောင်တွင် စစ်တပ် စစ်ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံး၊ မြို့လှတွင် စစ်တပ် ရိက္ခာတင် သင်္ဘော ၃ စီး မိုင်းဆွဲ တိုက်ခိုက် ခံရပြီး သင်္ဘော ၁ စီးထိမှန်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် လက်ယက်မကျေးရွာ နှင့် အောင်ချမ်းသာ ကျေးရွာကြားတွင် ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် (T.G.R) ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြောင်မြို့နယ် T.G.R ပြည်သူ့ ကာကွယ် ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ ဗိုလ်တောက် ထွန်း MBTT၊ 11 Brothers၊ B.G.F (Myingyan)နှင့် Saw Bwar Gyi MPDF တပ်ဖွဲ့တို့က တစ်ဖက်ပွင့် Mytel အမြှောက် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ မင်းကျောင်းကုန်းရွာနှင့် သာယာကုန်းရွာအကြား မြစ်ကမ်းတစ်နေရာတွင် အကြမ်းဖက် စစ်တပ် ရိက္ခာတင် သင်္ဘော ၃ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ် သင်္ဘော ၁ စီး ထိမှန်ခဲ့ကြောင်း Myo Hla PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ရိက္ခာတင် သင်္ဘော ၃ စီးသည် မိုးတားလေးဆိပ်ကမ်းမှ နံနက် ရနာရီ ၃ဝ မိနစ်တွင် ထွက်ခွာလာပြီး မြစ်ကမ်း တစ်နေရာ အရောက်တွင် KPDF အရံကာကွယ်ရေးတပ်ဖွဲ့မှ H-22 လက်လုပ် ရှေ့ပြေး ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သင်္ဘော ၃ စီးအနက် နောက်ဆုံး သင်္ဘော၏ ခါးလည်ပိုင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်မှ မြစ်ကမ်းတလျှောက်ကို Point- 5 လက်နက်များ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့လှ KPDF အရံကာကွယ်ရေးတပ်ဖွဲ့များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ဖယ်ခုံမြို့နယ်ရှိ NUG လက်အောက်ခံ ၁၀၀၈ တပ်ရင်း ဌာနချုပ်စခန်းနေရာ ရွှေ့ပြောင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ဘက်ကမ်း၊ လွယ်ပေါကျေးရွာအုပ်စုမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံ တပ်ရင်းတခုဖြစ်တဲ့ အမှတ်- ၁၀၀၈ တပ်ရင်းဟာ ဌာနချုပ်စခန်း အပါအဝင် စခန်း ၃ ခု နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

ဖယ်ခုံအရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေအကြား  တိုက်ပွဲတွေဖြစ်ပွားနေတာ  ၁၁ ရက်ကြာရှိလာချိန်မှာ အခုလို စခန်းနေရာ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ 

အမှတ်- ၁၀၀၈ တပ်ရင်း (ရှမ်းပြည်တောင်ပိုင်း) ရဲ့ မေ ၂၇ ရက် ထုတ်ပြန်ချက်မှာတော့ ယခုလက်ရှိဖြစ်ပွါးနေတဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းတိုက် ပွဲဟာ ၁၁ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး စတင်ဖြစ်ပွားစဉ်ကတည်းက စစ်တပ်ဟာ အင်အားအလုံးရင်းနဲ့ လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရ ဟတ်ယာဉ်တွေနဲ့ထိုးစစ်ဆင်ခဲ့တယ်။ မိမိတို့တပ်ရင်း အနေနဲ့ လက်နက်တပ်ဆင်မှု မပြည့်စုံသေးချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဌာနချုပ်စခန်း အပါအဝင် စခန်းသုံးခုကို ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မိမိတို့တပ်ရင်းအတွက် NUG- MOD က လက်နက်တပ်ဆင်ပေးမှုကို ကြိုးစားနေဆဲဖြစ်တာကြောင့် ကိုယ်ထူကိုယ်ထလက်နက်တွေနဲ့ ရွပ်ရွပ် ချွံချွံ တိုက်ပွဲဝင်နေပြီး မိမိတို့ဆုံးရှုံးမှုမှာ အရမ်းတန်ဖိုးကြီးလှပေမဲ့  စိတ်ဓာတ်အနေအထားကတော့ မြင့်တက်ဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှတ်- ၁၀၀၈ တပ်ရင်းနဲ့ နီးစပ်သူတယောက်က “စစ်တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ စခန်းတွေ ဆုံးရှုံးရတာ မဟုတ်ဘူး။ PDF စခန်းတွေက တောတောင်တွေထဲမှာ ရှိပေမဲ့ စစ်တပ်က ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ပြည်သူတွေ ဆက်နစ်နာမှာ စိုးရိမ်လို့ စခန်းနေရာတွေကို ဖယ်ပေးလိုက်တာ” လို့ ပြောပါတယ်။

အမှတ်- ၁၀၀၈ တပ်ရင်း (ရှမ်းပြည်တောင်ပိုင်း) ကို ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ SSRY Eagle Force၊ Dragon Force၊ Tai PDF Cobra Force၊ Dove Guerrilla Force၊ Southern Shan Irine Force၊ Dove KK Medical Crew (တပ်ရင်းဆေးတပ်) တို့ ပူးပေါင်းပြီး အခု မေလအတွင်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဖယ်ခုံအရှေ့ဘက်ကမ်းက တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး NUG ၁၀၀၈ တပ်ရင်းက ရဲ ဘော် ၁ ဦး၊ ဖယ်ခုံ PDF က ရဲဘော် ၂ ဦး၊ KNDF တပ်ရင်း ၃ က ရဲဘော် ၁ ဦး၊ စုစုပေါင်း ၄ ဦး ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လွယ်ပေါ၊ နမ့်ပေါ်လုံ၊ နမ့်စွမ်၊ ဆောင်နန်းခဲ၊ ဆီးမီးလော့ကျေးရွာက အရပ်သားနေအိမ် ခန့်မှန်းခြေ ၅၀ ကျော် ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ DVB

နေထိုင်ရေးအခက်အခဲဖြစ်နေသော တနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင် ၄၀၀ ကျော်ကို မြိတ်သို့ခေါ်ယူ နေရာချထားပေး

နေထိုင်မှုအခက်အခဲဖြစ်နေသည့် တနင်္သာရီမြို့နယ်ရှိ တကူ/သာရဘွင်ကျေးရွာများမှ စစ်ဘေးရှောင် ၁၄,၀၀၀ ကျော်အနက်မှ ၄၀၀ ကျော်ကို မြိတ်မြို့သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း စစ်ရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။

လက်ရှိတွင် ယာယီစစ်ဘေးရှောင်စခန်းမှ ခေါ်ယူပို့ဆောင်ပေးခဲ့သည့် စစ်ဘေးရှောင်များကို မြိတ်မြို့ အေးရိပ်ချောင်းဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးသည်ဟု ဦးဆောင်နေသူတစ်ဦးကပြော သည်။

စစ်ဘေးရှောင်များကို ဦးဆောင်ခေါ်ယူခဲ့သည့် တာဝန်ရှိသူတစ်ဦးက “ ဒုက္ခသည်တွေ နားခိုဖို့၊ နေရာ ပြောင်းရွှေ့ပေးဖို့ တော်တော်လေးကိုကြိုးစားပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး သွားရောက် ခေါ်ယူခဲ့ရပါတယ်” ဟု ပြောသည်။

သွားရောက်ခေါ်ယူခဲ့သည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော်တွင် မြိတ်မြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုးထံ သွားရောက် နေထိုင်သူများရှိသလို အများစုမှာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း ဦးဆောင်သူကပြောသည်။

“စစ်ရှောင် ၄၀၀ ကျော်မှာ ၁၀၀ ကျော်လောက်က အထက်မြန်မာပြည်ကလာရောက်လုပ်ကိုင်တဲ့ အလုပ် သမားတွေပါ။ သူတို့ကိုတော့ အခြားနေရာကို ပြန်ပို့ပေးလိုက်တယ်”ဟု ဦးဆောင်သူကပြောသည်။

စစ်ဘေးရှောင်များခေါ်ခြင်း ကနဦးအစီအစဉ်ကို မြိတ်ဒေသခံလုပ်ငန်းအချို့က ကားဖြင့်ကူညီပေးကြရန် လှုံ့ဆော်ခဲ့သော်လည်း ပူးပေါင်းမှုမရှိကြောင်း သိရသည်။

“ဒုက္ခသည်တွေကိုကူညီလိုတဲ့ စိတ်ဆန္ဒနဲ့ခေါ်ယူတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ကောင်းတယ်လို့ပဲ မြင်တယ်”ဟု တကူ/သာရဘွင် စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

တကူတိုက်နယ်နှင့် သာရဘွင်ရွာတို့တွင် ပြီးခဲ့သည့် မေလ ၁၉ ရက်မှစပြီး သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လူဦးရေ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကာ လက်နက်ကြီးကျည်ကျရောက် သဖြင့် နေအိမ် ၁၀ လုံးခန့်ပျက်စီးပြီး နေအိမ်အချို့မီးရှို့ခံရကာ ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ ကြောင်း သိရသည်။ mizzima

သံတွဲဒေသခံ အမျိုးသား ၁ ဦးကို အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ သံတွဲဒေသခံ အမျိုးသားတယောက်ကို သက်သေ အခိုင်အမာ မပြနိုင်ဘဲ စစ်ကောင်စီဩဇာခံ သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ဖမ်းဆီးခံရသူ ကိုသန်းထွဋ်ဦးနဲ့ ရင်းနှီးသူ တယောက်က “သူ့ရဲ့ဖုန်းကိုပဲ သက်သေအဖြစ်တင်တာ။ ဒါပေမဲ့ တခါမှ ဖုန်းကို တရားခွင်ထဲ မယူလာဘူး။ သူ့ဖုန်းထဲက တွေ့တယ်ဆိုတာတွေကိုပဲ screenshot လုပ်ပြီး စာရွက်နဲ့ထုတ်ထားတာတွေပဲတင်ပြတာ။ တရားလိုသက်သေဆိုတဲ့ ရဲတွေကလည်း နေပြည်တော်က မှုခင်းစုံစမ်းရေးဗဟိုအဖွဲ့က ဖုန်းကိုစစ်တဲ့အခါ ဘာတွေ တွေ့တယ်လို့ ပြောပါတယ် ဆိုတာမျိုးပဲ ဖြေနိုင်တယ်။ တကယ်တော့ ချောက်ချခံရသလိုမျိုးပဲ။ ဘာမှ မယ်မယ်ရရသက်သေမရှိဘဲ ထောင်ချတာ” လို့ ပြောပါတယ်။

ဒီအမှုကို သံတွဲမြို့မရဲစခန်းမှူးက တရားလိုလုပ်ပြီး သူကပဲ အမှုစစ်အဖြစ်တာဝန်ယူခဲ့တာလို့ သိရပါတယ်။

ကိုသန်းထွဋ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက သူနေထိုင်ရာ ပြည်မြို့ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခု မေလ ၂၃ ရက်နေ့က အမိန့်ချခဲ့တာပါ။

“သူ့ဖုန်းထဲမှာရှိတယ်ဆိုတဲ့ messenger နဲ့  viber group မှာပြောကြတာတွေကို သက်သေအဖြစ် တင်တယ်။ အဲဒီမှာ တရားလိုသက်သေ ရဲတယောက် ထွက်ဆိုတာက messenger group မှာ ရှိနေတဲ့ ကိုသန်းထွဋ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နာမည်က လွဲနေတယ်။ သူ့ရဲ့ တခြားအကောင့်တခု နာမည် ဖြစ်နေတယ်။ ပြီးတော့ ကိုသန်းထွဋ်ဦးက ဆေးကျောင်းတက်ခဲ့တော့ သူ့ရဲ့ သူငယ်ချင်း ဆရာဝန်တွေနဲ့  Group ဖွဲ့ထားတာ။ အဲဒီဆရာဝန်တွေကလည်း CDM လုပ်ထားကြတော့ ဒါတွေကိုလည်း ဆွဲထည့်တယ်။ တော်လှန်ရေးအတွက် ကူညီဖို့ဆိုပြီး ဖေ့စ်ဘွတ်ခ် Page ခုမှာလည်း ကိုသန်းထွဋ်ဦးရဲ့ ဖုန်းနံပါတ် ပါတယ်ဆိုပြီး စွပ်စွဲတယ်။ အဲဒီ Page ကတော့မရှိတော့ဘူး” လို့ ရင်းနှီးသူ မိတ်ဆွေတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကလည်း သံတွဲဒေသခံ အမျိုးသား ၂ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင် ၃ နှစ်စီချမှတ်ခဲ့ပြီး မတ်လ ၃၁ နေ့ကလည်း သံတွဲဒေသခံ အမျိုးသမီး ၃ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ 

မတ်လ အစပိုင်းမှာလည်း ဆန္ဒပြရာမှာ ပါဝင်ခဲ့သူတယောက်ကို ထောင်ဒဏ် ၁၃ လ ချမှတ်ခဲ့ပါသေးတယ်။ DVB

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို KLNA, PDFပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ သပြေနီကျေးရွာနှင့်အလူးကျေးရွာကြား ဒေသအခေါ် ခမိုင်ချောင်တွင် မေလ၂၆ရက်နေ့ နံနက်၉နာရီခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို KLNAတပ်မဟာ(၁)တပ်ခွဲ (၃)နှင့် PDFပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကား ငါးစီးသည် ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့နယ်ကို ဖြတ်သန်းသွားလာစဉ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကားတစ်စီးမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကား ငါးစီးမှာ တစ်စီးက လုံးဝပျက်စီးသွားတယ် သေဆုံးထိခိုက်ကတော့ လက်တလောမသိရသေးဘူး သေဆုံးထိခိုက်ကတော့ ရှိနိုင်ပါတယ်”ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်ကုန်-မော်လမြိုင်လမ်းမကြီးတွင် တစ်နာရီကျော် ယာဉ်ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။

“ကျမတို့မှာ အခက်အခဲက လက်နက်ခဲယမ်းပဲ၊ မလုံလောက်ဘူးဖြစ်နေတယ်၊ ဒါကလည်း ကျမတို့ အဖွဲ့ပဲလားဆိုတော့ မဟုတ်ပါဘူး အဖွဲ့တိုင်းလိုလို လိုအပ်နေတာပါ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် ကျမတို့ မျှော်လင့်ထားသည့်အချိန်ထက် တော်လှန်ရေးကို မြန်မြန်ပြီးနိုင်ပါတယ်”ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မေလ၁၆ရက်နေ့တွင် KNUတပ်မဟာ (၁)မှ သထုံခရိုင် အတွင်းရှိ LPDF ၊ PDF ၊ ပကဖနှင့် မြို့ပြပြောက်ကျား အဖွဲ့များ စုစည်း၍ စစ်ကောင်စီကို တိုက်ထုတ်နိုင်ရန် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ထားသည်။ mizzima

နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို မေ ၂၇ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး စွဲချက် လျှောက်လဲချက်ပေးခဲ့ပြီး နောက်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင် စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ မစစ်ရသေးတဲ့ တရားလိုပြသက်သေတွေကို ပြီးခဲ့တဲ့ရုံးချိန်းမှာ ပယ်ချခဲ့ပြီး စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အပြတ်အသတ်အနိုင်ရပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်ခဲ့ပြီးနောက်မှာ  မဲစာရင်းမှားတယ်လို့အကြောင်းချပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ DVB

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည် စစ်ကောင်စီရေယာဉ်များကို ဒေသကာကွယ်ရေးတပ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ ရေယာဥ် ရှစ်စီးကို မင်းကင်းမြို့နယ် သံပေါက်ကျေးရွာ အနီး၌ ဒေသကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။

“ဖလက်ခွံ ခြောက်စီးနဲ့ အမြန်ယာဥ် နှစ်စီးပါ။ ကျောက်စိမ်းတုံးတွေ ပါတယ်။ ပျူစောထီးတွေလည်း ပါတယ်။ သတင်းအရ ကြိုတင်နေရာယူပြီး တိုက်ခိုက်ခဲ့တာပါ ။ သူတို့ဘက်က သင်္ဘော ပေါ်မှာ စက်လက်နက် တွေနဲ့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ပျူစောထီးတွေ စိုးမိုးထားတဲ့ ကျေးရွာတွေကလည်း ၆၀ မမ နဲ့ ပြန်ပစ်တယ် “ ဟု SAF ( Special Attacking Force – Upper Burma ) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ ရေယာဥ် အုပ်စုကို ဒေသခံ ပူးပေါင်းတပ်ဖွဲ့များက မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံး ရှိနိုင် သည်ဟု ဆိုသည်။

မင်းကင်းတပ်ရင်း (၁)၊ မင်းကင်း ပကဖ ၊ TPC (Taze Peopel Comrades) နှင့် SAF ( Special Attacking Force) တို့ ပူးပေါင်း မဟာမိတ် စစ်ဆင်ရေး အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ပျူရွာတွေကနေ ပဲတွေ တင်လာကြတယ်။ စစ်ကောင်စီ ယန္တရား လည်ပတ်နိုင်အောင် လုပ်ဆောင် ပေးနေတဲ့ ပျူတွေလည်း ပါတယ်။ ရာဂဏန်း နီးပါးလောက် ပါမယ်။ တိုက်ပွဲဖြစ်တဲ့ နေရာက ပျူစောထီးတွေ စိုးမိုးတဲ့ နေရာတွေနဲ့ နီးတယ်။ စစ်ကောင်စီက အဲဒီမှာ စခန်းချပြီး စုန်ဆင်း လာကြတာ” ဟု SAF အဖွဲ့ဝင်က ထပ်မံ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက် ခံခဲ့ရသည့် စစ်ကောင်စီ ရေယာဥ်အုပ်စုသည် ယနေ့ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်အတွင်းရှိ ချင်းတွင်မြစ်ဘေး ကျေးရွာ နှစ်ရွာ ဖြစ်သည့် ကင်းကျေးရွာ နှင့် ကဲဒေါင်ကျေးရွာ နှစ်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့သွားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်သွားသည့် စစ်ကောင်စီ ရေယာဥ်အုပ်စုကို သံပေါက်ကျေးရွာ အနီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် ခဲ့သေးသည်။ mizzima

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ မေ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်ဒေသရှိ နေရာအနှံ့ တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဘူသီးတောင်မြို့ခံတဦးက “မနေ့က ကျနော်တို့ ဘူးသီးတောင်မြို့မှာ စစ်တပ်က တပ်လှန့်ထားခဲ့တယ်။ ခရီးသွားလာသူတွေကို အမြန်သွားကြဖို့ ပြောတာတွေရှိတယ်။ ဘူးသီးတောင်မှာလည်း တိုက်ပွဲဖြစ်လာမလားဆိုပြီး စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးရှိ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခုက အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာကို မေ ၂၆ ရက် မနက် ၁၀ နာရီလောက်က ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရက္ခိုင်တပ်တော်(အေအေ)  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မီဒီယာတွေကို ပြောဆိုထားပါတယ်။

ပလက်ဝဒေသခံတဦးက “ပလက်ဝမှာ မနေ့က ညအထိ လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်။ လက်နက်ကြီးက ကွမ်းမြုတ်ကျေးရွာအနီးအထိ ကျတာတွေရှိတော့ ဒေသခံတွေ ထွက်ပြေးကြရမလားဆိုပြီး စိုရိမ်မှုတွေ ဖြစ်ခဲ့ကြတယ်။ ဒီနေ့ကတော့ အသံတွေ မကြားရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်အား အေအေဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

“တိုက်ပွဲတွေက ပလက်ဝမှာဖြစ်ပြီး နောက် ရခိုင်ဒေသ အတော်များများမှာ ဖြစ်လာနိုင်တယ်။ အေအေဘက်ကတော့ ထိုးစစ်ဆင်မယ့် အနေ အထား မရှိဘူး။ အရင်တိုက်ပွဲတွေမှာလည်း ထိုးစစ်က အလွန်နည်းပါးခဲ့တယ်။ စစ်ကောင်စီအပေါ်မှာ မူတည်တယ်။ စစ်ကောင်စီ ထိုးစစ်ဆင်ရင် အေအေက ပြောက်ကျားစနစ်နဲ့ တန်ပြန်တိုက်ခိုက်တာတော့ ရှိကိုရှိလာမှာပဲလေ” လို့ နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ အပါအဝင် တခြားမြို့နယ်တွေရှိ ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေသလို စစ်အင်အားနဲ့ လက်နက်အင်အား အချိန်ပြည့် ဖြည့်တင်းနေတာတွေ ရှိနေကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။

မေ ၂၂ ရက် ညကလည်း အမ်းမြို့ဟောင်း လေယာဉ်ကွင်း၊ အောက်ရွာ၊ မဲလက်မောင်းနဲ့ ခလရ ၃၇၃ တို့ တည်ရှိတဲ့ နေရာတွေကနေ လက် နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ခဲ့ကြတယ်လို့ သိရပါတယ်။

အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မေ ၆ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို လူမှုကွန်ရက် တွစ်တာမှတဆင့် သတိပေး ပြောကြားထားတာကြောင့် တိုက်ပွဲတွေ ဖြစ်လာမှာကို ရခိုင်ဒေသခံတွေ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ khit thit

« Older Entries