နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို မေ ၂၇ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး စွဲချက် လျှောက်လဲချက်ပေးခဲ့ပြီး နောက်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင် စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ မစစ်ရသေးတဲ့ တရားလိုပြသက်သေတွေကို ပြီးခဲ့တဲ့ရုံးချိန်းမှာ ပယ်ချခဲ့ပြီး စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အပြတ်အသတ်အနိုင်ရပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်ခဲ့ပြီးနောက်မှာ မဲစာရင်းမှားတယ်လို့အကြောင်းချပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ DVB